မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်မှာ အောက်တိုဘာ ၈ ရက် ည ၈ နာရီကျော်လောက်က တောင်ကျချောင်းရေကျနေစဉ် ဖြတ်ကူးခဲ့မှုကြောင့် မော်တော်ယာဉ်နှစ်စီး ရေထဲမျောပါသွားပြီး အမျိုးသမီးတဦး သေဆုံးခဲ့ပါတယ်။
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာဇံမြို့နယ် မင်းလဲသာရပ်ကွက်နေ ယာဉ်မောင်း မြင့်ထူး မောင်းနှင်လာတဲ့ HIJET 7H/—– အဖြူရောင်ယာဉ်ဟာ စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကွန်းရွာ မိုင်တိုင်အမှတ်(၅၈/၁-၂) ကြားရှိ ကျွဲမင်းကျချောင်း ချောင်းရေကြီးနေချိန် ဖြတ်ကူးရာ မော်တော်ယာဉ်ဟာ ရေစီးနဲ့ ပေ ၁၀၀ လောက် မျောပါသွားပြီး ယာဉ်ပေါ်ပါ မင်ကွန်းရွာသူ ဒေါ်ယဉ်သိန်း (၄၆) နှစ်ဟာ ရေစီအတိုင်း မျောပါသွားခဲ့ပါတယ်။
ဒေါ်ယဉ်သိန်းကို အောက်တိုဘာ ၉ ရက်နေ့ မနက် ၁၀ နာရီခွဲလောက်က နတ်မောက်မြို့နယ်၊ ကြက်လျှာကျေးရွာအနီး ချောင်းထဲမှာ သေဆုံးနေတာကို တွေ့ရှိခဲ့တယ်လို့ ဒီဗွီဘီဒေသခံ သတင်းထောက်က ပြောပါတယ်။
အောက်တိုဘာ ၈ ရက်နေ့ ည ၈ နာရီကျော် အချိန်လောက်ကလည်း အဲဒီနေရာမှာပဲ ယာဉ်မောင်း စိုးမြင့်ထွန်း မောင်းနှင်လာတဲ့ ခရီးသည်တင်ယာဉ်ဟာ ချောင်းရေကြီးနေစဉ် ဖြတ်ကူးလို့ ချောင်းအလယ်အရောက် မော်တော်ယာဉ်စက်ရပ်သွားပြီး ရေစီးနဲ့ ဘေးတိုက်မျောပါသွားခဲ့ပါတယ်။
မော်တ်ာယာဉ်ပေါ်ပါ ခရီသည်တွေကို ဒေသခံပြည်သူတွေ၊ မီသတ်တပ်ဖွဲ့ဝင်တွေ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေ၊ ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းတွေ၊ လူမှုကူညီရေးအသင်းအဖွဲ့တွေ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်တွေ ကူညီကယ်ဆယ်ရေးပြုလုပ်ပေးခဲ့ကြလို့ ထိခိုက်ဒဏ်ရာရ သေဆုံးမှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။
ယာဉ်မဆင်မခြင် မောင်းနှင်မှုနဲ့ ကိုမြင့်ထူးကို ပြစ်မှုပုဒ်မ-၃၀၄ (က)၊ ကိုစိုးမြင့်ထွန်းကို ပြစ်မှုပုဒ်မ-၂၇၉ တို့နဲ့ နတ်မောက်မြို့မရဲစခန်းက အမှုဖွင့် အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ဗိုလ်ပြည့် (တောင်တွင်းကြီး)
သတင်းဓာတ်ပုံ- ပေါ်ဦး (နတ်မောက်) / နတ်မောက်သားမြွေဟောက်
DVB Burmese
0 comments:
Post a Comment