ဆီးရီးယားသူပုန်တွေက ရုရှားစစ်လေယာဉ်တစီးကို ဆီးရီးယားနိုင်ငံ ဆိပ်ကမ်းမြို့ လာတာကီယာမှာ အောက်တိုဘာ ၁၂ ရက်နေ့က ပစ်ချပုံ ရုပ်သံတရပ် လူမှုကွန်ရက် မီဒီယာပေါ် ရောက်လာပါတယ်။
ရုရှားကတော့ ၂၄ နာရီအတွင်း ၅၅ ကြိမ်တိုင် လေကြောင်းက တိုက်ခိုက်ခဲ့တယ်၊ အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံ အိုင်အက်စ် စစ်သွေးကြွပစ်မှတ် ၅၃ ခုကို ထိမှန်ခဲ့တယ်လို့ အောက်တိုဘာ ၁၂ ရက်နေ့ကပဲ ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုဟာ လာတာကီယာမြို့ ဝန်းကျင်က အစ္စလာမ္မစ် သူပုန်အုပ်စုကို ထိမှန်ခဲ့တာလို့ အစီရင်ခံစာတွေက ဆိုပါတယ်။
သမ္မတ ဘတ်ရှား အယ်လ် အာဆတ်ကို သစ္စာခံတဲ့ တပ်တွေက ရုရှားရဲ့စွက်ဖက်မှု အကျိုးကျေးဇူးကြောင့် လာတာကီယာမြို့ အရှေ့ဘက်က ကမ်းရိုးတန်း အချက်အချာ နေရာတွေကို ပြန်သိမ်းပိုက်နိုင်ခဲ့တာပါ။
ဒီနှစ်အစောပိုင်းက အဲဒီဒေသတွေကို သူပုန်တွေက သိမ်းပိုက်ထားခဲ့ပါတယ်။
အောက်တိုဘာ ၂ ရက်နေ့က အွန်လိုင်းပေါ် ရောက်လာတဲ့ ရုပ်သံတွေကတော့ သူပုန်တွေ တပ်စွဲထားတဲ့ ဒမတ်စကတ်မြို့က အာဘင်းနဲ့ ဒါယာမြို့ ဆင်ခြေဖုံးတွေကို အစိုးရတပ်တွေက လေကြောင်းတိုက်ခိုက်ပုံကို ပြထားပါတယ်။
ရုရှားဟာ စက်တင်ဘာ ၃၀ က စပြီး ဆီးရီးယားနိုင်ငံထဲမှာ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တာပါ။
ဒါကြောင့် ဆီးရီးယားနဲ့ အီရတ်က အိုင်အက်စ် စစ်သွေးကြွတွေကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတဲ့ အမေရိကန်နဲ့ မဟာမိတ်တပ်တွေကို တပ်လှန့်သလို ဖြစ်ခဲ့ပါတယ်။
ရုရှားက ဆီးရီးယားနိုင်ငံတွင်း အိုင်အက်စ် စစ်သွေးကြွတွေ အပါအဝင် အကြမ်းဖက် အုပ်စုတွေကို ပစ်မှတ်ထားတယ်လို့ ပြောပါတယ်။
လက်တွေ့မှာတော့ လေကြောင်းတိုက်ခိုက်မှု အများစုက အတိုက်အခံ အုပ်စုတွေ တပ်စွဲထားတဲ့ ဒေသတွေကို ထိမှန်ခဲ့တယ်လို့ အနောက်နိုင်ငံတွေနဲ့ မီဒီယာတွေက ဖော်ပြပါတယ်။
DVB Burmese
0 comments:
Post a Comment