တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟီလောင်ဂျင်းခရိုင်၊ ရိုဝေးဒေသထဲက အလယ်တန်းကျောင်းဝင်းထဲကို အောက်တိုဘာ ၁၂ ရက်နေ့က ချိုးဖျက်ဝင်လာတဲ့ အနက်ရောင် ၀က်ဝံတကောင်ကို ရဲတွေက သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။
အဲဒီဝက်ဝံဟာ မနက် ၅ နာရီလောက်မှာ အမှတ် ၃ အလယ်တန်းကျောင်းထဲကို ၀င်လာခဲ့တာ ဖြစ်တယ်လို့ ဆင်ဟွာသတင်းတပုဒ်က ဆိုပါတယ်။
ရဲတွေက မေ့ဆေးသေနတ်နဲ့ပစ်ဖို့ ရည်ရွယ်ခဲ့တာဖြစ်ပေမယ့် အဲဒီဝက်ဝံဟာ ဆိုးဆိုးဝါးဝါး ဖြစ်လာပြီး ကျောင်းသားတွေအတွက် အန္တရာယ်ရှိလာနိုင်လို့ ခုလို သေနတ်နဲ့ ပစ်ခဲ့ရတာ ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
“အဲဒီဝက်ဝံကို ကြည့်ရတာ ၀မ်းနည်းပြီး ရန်လိုနေပုံရတယ်” လို့ မျက်မြင်သက်သေ တဦးက ပြောပါတယ်။
ကျောင်းသားတွေကို ကံကောင်းထောက်မစွာ ဘေးကင်းတဲ့ နေရာတွေကို ရွှေ့ပြောင်းပေးနိုင်ခဲ့ပြီး ကျောင်းတွင်းက ပြတင်းတံခါးတွေဟာ ဒေသဆိုင်ရာရဲတွေ မရောက်ခင်ကတည်းက ပျက်စီးနေခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
“ရဲတွေအနေနဲ့ တခြားရွေးချယ်နိုင်စရာတွေ ရှိရက်နဲ့ ခုလိုမသတ်သင့်ပါဘူး။ သနားစရာကောင်းပါတယ်။ ၀က်ဝံကတော့ ၀င်ဖို့ အခွင့်အရေးရရင် ၀င်လာမှာပဲ။ အဲဒါကြောင့် အန္တရာယ်ဖြစ်လာတာ” လို့ တရုတ်နိုင်ငံရဲ့ ဘလော့ဂ် လူမှုကွန်ရက်စာမျက်နှာ ဝေဘို အသုံးပြုသူတဦးက သူ့ရဲ့စာမျက်နှာမှာ ရေးထားပါတယ်။
ရိုဝေးဒေသဟာ တရုတ်နိုင်ငံနဲ့ ရုရှားနိုင်ငံနယ်စပ်မှာ တည်ရှိတာဖြစ်ပြီး ခုနောက်ပိုင်းနှစ်တွေအတွင်း ကျားနဲ့ ၀က်ဝံတွေ နယ်စပ်တလျှောက် ဖြတ်သန်းသွားလာမှုတွေ မြင့်တက်လာနေတယ်လို့ အစီရင်ခံစာတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လတုန်းကလည်း အဲဒီဒေသမှာ အိမ်တအိမ်ထဲကို နယ်စပ်မြစ်ထဲက ဖြတ်ကျော်ဝင်ရောက်လာတဲ့ အနက်ရောင်ဝက်ဝံကို ပစ်ခတ်ထိန်းသိမ်းပြီး တောထဲ ပြန်လွှတ်ပေးခဲ့ရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
DVB Burmese
0 comments:
Post a Comment