ဘရာဇီး ပင်လယ်အော်တွင် ဆီပြင်ကြီးတခု ဖုံးလွှမ်း (ရုပ်သံ)

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေယို(Rio de Janeiro)မြို့ရဲ့ ပင်လယ်အော်အတွင်း အမျိုးအမည်မသိ ဆီပြင်ကြီး ဖုံးလွှမ်းနေတာ ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်နေ့က တွေ့မြင်ရတာပါ။
ဒီ ဂွာနာဘာရာ (Guanabara) ပင်လယ်အော်မှာ လာမယ့်နှစ် နွေရာသီ လှေလှော်ရွက်တိုက် အိုလံပစ်အားကစားတွေ ကျင်းပဖို့ စီစဉ်ထားတာပါ။
အဲဒီဆီပြင်ကြီး ဘယ်ကနေ၊ ဘယ်လိုပေါ်ပေါက်လာတယ်ဆိုတာ အတိအကျသိရှိနိုင်ဖို့ စုံစမ်းရေးအဖွဲ့တဖွဲ့ စေလွှတ်ထားတယ်လို့ မြို့တော်အာဏာပိုင်တွေက ဆိုပါတယ်။
အလွန်သာယာလှပတဲ့ ရီယိုဒီဂျနေယိုမြို့ရဲ့ ပင်လယ်အော်အတွင်း ပင်လယ်ရေရဲ့ အရည်အသွေးဟာ ရေဆိုးရေညစ်အဆင့်ပဲ ရှိနေတာ ကြာပြီ ဖြစ်ပါတယ်။
ဒီ ပင်လယ်အော် သန့်ရှင်းရေးအတွက် အလေးထားဆောင်ရွက်ပါမယ်လို့ ရီယိုမြို့တော်အာဏာပိုင်တွေနဲ့ ဒေသခံ အစိုးရအဆက်ဆက်ကပါ အကြိမ်ကြိမ် ကတိပြုပြောဆိုလာခဲ့တာပါ။
ဒီရေပြင်သန့်ရှင်းရေးအတွက် အမေရိကန်ဒေါ်လာ သန်းနဲ့ချီ ရင်းနှီး သုံးစွဲခဲ့ပြီး ဖြစ်ပေမယ့် ရေအရည်အသွေးက တက်မလာပဲ အနံ့အသက်က မူလအတိုင်း ဆိုးရွားနေတာပါ။
အိုလံပစ်ပွဲတော်ကျင်းပရေးအာဏာပိုင်တွေနဲ့ ရွှက်လွှင့်သမားတွေက အိုလံပစ်အားကစားပွဲအတွက် လာရောက်ကြည့်ရှုတဲ့အခါ ပင်လယ်အတွင်း တိရစ္ဆာန်အသေကောင်တွေနဲ့ စွန့်ပစ်ဆိုဖာခုံတွေ မျောပါနေတာ တွေ့ရှိခဲ့တဲ့အတွက် အာဏာပိုင်တွေကို ပြစ်တင်ခဲ့ကြပါတယ်။
ရီယိုမြို့တော်အာဏာပိုင်တွေကတော့ အိုလံပစ်အားကစားပွဲ မကျင်းပခင် အခုရေအရည်အသွေးထက် ၈၀ ရာခိုင်နှုန်း ကောင်းမွန်အောင် ဆောင်ရွက်ပေးပါမယ်လို့ ပြောဆိုခဲ့ပေမယ့် အခုတော့ မဖြစ်နိုင်တော့တာကို ၀န်ခံပြောဆိုနေပါတယ်။
ဒီဂွါနာဘာရာပင်လယ်အော်ထဲကို စီးဝင်နေတဲ့မြစ်တွေမှာ ပဋိဇီဝဆေးတွေကို ခံနိုင်ရည်ရှိတဲ့ ဘက်တီးရီးယားရောဂါပိုးတွေ ပါဝင်လာပြီး ကူးစက်ရောဂါတွေပါ ဖြစ်ပွားနိုင်တယ်လို့ ဇီဝပညာရှင်တွေက ပြီးခဲ့တဲ့နှစ်က ပြောဆိုထားပါတယ်။
DVB Burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment