စင်ကာတာကာရီးနား(ပင်အူလာ) အောက်တိုဘာ ၁ဝ
လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်းက ဂွါတီမာလာနိုင်ငံ မြို့တော်စင်ကာတာကာရီးနားတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုများဖြစ်ပွားခဲ့ရာမှ သေဆုံးသူများ၏ ရုပ်အလောင်းရှာဖွေတွေ့ရှိမှုမှာ ၂၂ဝ အထိ မြင့်တက်လာကြောင်းနှင့် ပျောက်ဆုံးနေသူ ဦးရေမှာ ၃၅ဝ ခန့်ရှိကြောင်း အမျိုးသားသဘာဝဘေးဆိုင်ရာ အေဂျင်စီက အောက်တိုဘာ ၁ဝ ရက်တွင် ပြောကြားသည်။
အောက်တိုဘာ ၁ရက်တွင် မိုးသည်းထန်စွာ ရွာသွန်း ခဲ့မှုကြောင့် ယင်းနိုင်ငံ၏ မြို့တော် စင်ကာတာကာရီးနား(ပင်အူလာ)၏တောင်ဘက်နံဘေးရှိ နေရာများ၌ မြေပြိုမှုများ ဖြစ်ပွားခဲ့ရာ ရာနှင့်ချီသော လူနေအိမ်များမှာ များစွာသော မြေများ၊ အုတ်ကျိုးအုတ်ပဲ့များနှင့် သစ်ပင်များအောက်တွင် နစ်မြုပ်ခဲ့ရသည်။
ယင်းသို့ မြေပြိုမှု ဖြစ်ပွားလျှင်ဖြစ်ပွားချင်း ကြီးမားသော ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ခဲ့မှုကြောင့် လူပေါင်း ၃၈၆ ဦးအား ဘေးလွတ်ရာသို့ရွှေ့ပြောင်း ပေးနိုင်ခဲ့သည်ဟု ဂွါတီမာလာ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ အဖွဲ့အစည်းက ပြောကြားခဲ့သည်။
အဆိုပါ ဖြစ်ရပ်မှာ တောင်အမေရိကအလယ်ပိုင်းရှိ ဂွါတီမာလာနိုင်ငံအတွက် နှစ်ပေါင်းများစွာအတွင်း အလွန် ဆိုးရွားပြင်းထန်သော ရေလွှမ်းမိုးမှုဖြစ်စဉ်ဖြစ်ပြီး အပျက်အစီးအလွန်များပြားကြောင်း သတင်းတွင် ဖော်ပြသည်။
ယင်းမြေပြိုမှုဘေးဒုက္ခတွင် ကြုံတွေ့ခံစားရသူ ဦးရေပေါင်းမှာ လူ ၆ဝဝ အထက်ရှိမည်ဟု ဂွါတီမာလာအစိုးရ တာဝန်ရှိသူများက အစောပိုင်းတွင် ပြောကြားခဲ့သည်။
ရိုက်တာ။
The Mirror Daily
https://www.facebook.com/TheMirrorDaily
0 comments:
Post a Comment