ဦးသိန်းစိန်ကို မန်ဟက်တန်တရားရုံးမှာ အမှုဖွင့်သည့် Burma Task Force အဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည် ချိတ်ဆက်မှုရှိသည့်သဖွယ် အွန်လိုင်းတွင် လုပ်ကြံဝါဒဖြန့်နေ

 နိုင်ငံတော်သမ္မတဦးသိန်းစိန်အား လူမျိုးသုဉ်းသတ်ဖြတ်မှုဖြင့် အမေရိကန်နိုင်ငံ မန်ဟက်တန်တရားရုံးတွင် အောင်တိုဘာလ ၁ ရက်နေ့က တရားစွဲဆိုခဲ့သည့် Burma Task Force အဖွဲ့သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ချိတ်ဆက်မှုရှိသည့်သဖွယ် လုပ်ကြံဝါဒဖြန့်မှုတခု အွန်လိုင်းတွင် ပျံ့နှံ့လျက်ရှိကြောင်း သိရသည်။

ရွေးကောက်ပွဲနီးကပ်လာသည်နှင့်အမျှ အင်တာနက်စာမျက်နှာများ၊ လူမှုကွန်ယက်များပေါ်တွင် ‘NLD ပါတီ အနိုင်ရလျှင် ကုလားတိုင်းပြည်ဖြစ်သွားမည်’ အစရှိသည့် ဘာသာရေးဗန်းပြ နိုင်ငံရေးတိုက်ခိုက်မှုများ၊ မှိုင်းတိုက်မှုများ လှိုင်းတံပိုးထန်နေချိန်တွင် ယခုကဲ့သို့ လုပ်ကြံဝါဒဖြန့်မှုတခု ထပ်မံထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

အဆိုပါ လုပ်ကြံဝါဒဖြန့်သည့် ဖေ့စ်ဘုတ်သတင်းတွင် Myanmar Task Force စာတန်းပါ ပိတ်ဖြူကားနောက်ခံတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် လူတစု စားပွဲဝိုင်းထိုင်ဆွေးနွေးနေသည့် ဓါတ်ပုံဖြင့် “မြန်မာမွတ်ဆလင်အမည်ခံတွေ ကြိုးကိုင်ထားတဲ့ Myanmar Task Force အဖွဲ့ဆိုတာ ကြားကတည်းက ထင်တော့ထင်ပါတယ်။ ကုလားနဲ့မကင်းတဲ့ ဒေါ်စု ပါမှပါပါ့မလားလို့ အခုလို ပုံနဲ့တကွ အဖွဲ့ဝင်ထားတော့ Very Good ပေါ့”ဟု 'လ ၀န်း ထွန်း' ဆိုသော အကောင့်ပိုင်ရှင်မှ ရေးသားထားသည်။

ယင်းအပြင် ဂန့်ဂေါနယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေကလည်း “ဆရာတော် သံဃာတော်များနဲ့ကျနော်နဲ့ အွန်လိုင်းမှာတွေ့ဖြစ်ကြတယ်။ အပြင်မှာတော့ ဒီဆရာတော်တွေ ဦးပဉ္ဇင်းတွေကို မဖူးဘူးပါဘူး။ သူတို့ ပေးပို့လာတဲ့အချက်အလက်အချို့ကို ဗဟုသုတအလို့ငှာ မျှဝေပေးလိုက်ပါတယ်။”ဟုရေးသားပြီး အဆိုပါဓါတ်ပုံကို အောက်တိုဘာ ၆ ရက်နေ့က ၎င်း၏ဖေ့စ်ဘုတ်ပေါ်သို့ တင်ခဲ့သည်။

အမှန်မှာ ယင်းဓါတ်ပုံသည် ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တွင် အီးယူ-မြန်မာ စီးပွားရေးလုပ်ငန်းအစည်းအဝေး (EU-Myanmar Business Forum) ခေါင်းစဉ်ဖြင့် ၂၀၁၃ နိုဝင်ဘာ ၁၃ မှ ၁၅ အထိ ၃ ရက်ကြာ ပြုလုပ်ခဲ့သော ဆွေးနွေးပွဲတွင် ရိုက်ကူးခဲ့သောပုံသာဖြစ်ပြီး နောက်ခံ ပိတ်ဖြူကားပေါ်တွင် EU-Myanmar Task Force ဟု ရေးသားထားသည်ကို Myanmar Task Force ဆိုသော အပိုင်းကိုသာ cropping ဖြတ်ယူထားခြင်းဖြစ်သည်။ ပြည်ပရင်နှီးမြှပ်နှံမှုများ လက်ကမ်းခေါ်ယူရန်ရည်ရွယ်ချက်ဖြင့်ပြုလုပ်ခဲ့သော ၎င်းဆွေးနွေးပွဲသို့ ဒေါ်အောင်ဆန်းစုကြည်အပြင် သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း၊ ယခင် သမ္မတရုံးဝန်ကြီးနှင့် လက်ရှိ ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး ဦးတင်နိုင်သိန်း၊ ဗဟိုဘဏ် ဒု-ဥက္ကဌ ဦးဆက်အောင် အစရှိသော ပုဂ္ဂိုလ်များ၊ ဥရောပကော်မရှင် ဒု-ဥက္ကဌ ကက်သရှင်းအက်ရှတန် အပါအ၀င် စီးပွားရေးလုပ်ငန်းရှင်များ၊ ပညာရှင်များလည်း တက်ရောက်ဆွေးနွေးခဲ့ကြပြီး နှီးနှောဖလှယ်ပွဲများလည်း ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment