ကြိုးသုံးချောင်းတော့ ကျန်နေမည် [သရ၀ဏ်(ပြည်)]


 ကျွန်တော် ကျွန်မတို့သည် စစ်အာဏာရှင်တွေလက်အောက်မှာ နေထိုင်ရခြင်းကို ဘယ်တုန်းကမှ မနှစ်သက်ခဲ့ပါဆိုခြင်းကို မြန်မာပြည်သူများသည် ၂၀၁၅ နိုဝင်ဘာ ၈ ရက်နေ့တွင် တကမ္ဘာလုံးသို့ သတင်းစကားပါးခွင့် ရလိုက်ပြီဖြစ်သည်။

ကျွန်တော်တို့ အဟောင်းတွေကိုမလိုချင်ဘူး။

ကျွန်မတို့ လူဟောင်းတွေကို စိတ်ကုန်နေပြီ။

ကျွန်တော် ကျွန်မတို့ ပြောင်းလဲမှုကိုလိုချင်ပြီ။

တိုင်းပြည်ဟာ လူသစ်စိတ်သစ်နဲ့ ပြောင်းလဲချိန်တန်ပြီ။

လူဟောင်းတွေ နေရာဖယ်ပေးဖို့ အချိန်တန်ပြီ … စသည်စကားလုံးများကို ပါးစပ်မှထုတ်မပြောပါဘဲ ထိုအနက်အဓိပ္ဗါယ်ရသော အပြုအမူများကို တတိုင်းပြည်လုံး၏ မဲဆန္ဒရှင်အများစုသည် ညီညာဖျဖျ ဆန္ဒဖော်ထုတ်လိုက်ကြပြီ ဖြစ်သည်။ ကျွန်တော် ကျွန်မတို့သည် တပ်မတော်မှ ဗိုလ်ချုပ်ဟောင်းများ
ကြီးစိုးလွှမ်းမိုးနေသော အုပ်ချုပ်ရေးစနစ်၊ ဥပဒေပြုရေးစနစ်၊ တရားစီရင်ရေးစနစ်ကို အလိုမရှိပါ။ ထိုအရာများအစား
ပညာတတ်အရပ်သားများ နိုင်ငံကိုဦးဆောင်စေချင်ပါသည်ဟု မဲလက်မှတ်များမှတဆင့် ထုတ်ဖော်ပြသလိုက်ခြင်းဖြစ်ရာ သက်ဆိုင်ရာအာဏာပိုင်များသည် ယခုလောက်ဆိုလျှင် ပြည်သူ့ဆန္ဒကို ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်လောက်ပြီဟု ယူဆပါသည်။ ပြည်သူတွေပျော်နေကြပါသည်။ နိုင်ငံတော်လူကြီးများသည် အရှုံးကို ဂုဏ်သိက္ခာရှိရှိ လက်ခံကြလိမ့်မည်ဟု မျှော်လင့်ပါသည်။ တိုင်းပြည်သည် ကောင်းသောအနာဂါတ်ဆီသို့ ဦးတည်ရွေ့လျားတော့မည်ဟု ယူဆပါသည်။
ကျွန်တော်တို့စာရေးဆရာများသည် ဒီမိုကရေစီဘက်က အသည်းပေါက်အောင် ရေးခဲ့သားခဲ့ရကျိုးနပ်သည်ဟုလည်း ယူဆပါသည်။ ရှုံးသွားသူပြိုင်ဘက်များ၊ တသီးပုဂ္ဂလကိုယ်စားလှယ်အချို့အတွက်လည်း ၀မ်းနည်းမိပါသည်။ မြန်မာပြည်သည် နေ့သစ်စတင်ပေပြီ။

သို့သော် နိုင်ငံရေးတွင် အဆိုးမြင်လွန်းခြင်း၊ အကောင်းမြင်လွန်းခြင်းတို့သည် အမှန်တရားနှင့်ဝေးကွာစေ၏။
အမှန်ကိုအမှန်အတိုင်း မြင်တတ်မှ ရှေ့ဆက်ရမည့်ခရီးကို မှန်မှန်ကန်ကန် သုံးသပ်ဆုံးဖြတ်နိုင်မည်ဖြစ်သည်။ အမှန်အတိုင်းသုံးသပ်သော် ကျွန်တော်တို့ပြည်သူများသည် ဗိုလ်ချုပ်မှူးကြီးဟောင်း စောမောင်၊
ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေတို့လက်ထက်က ဘာနှင့်တူသလဲဆိုလျှင် ခြေတွေလက်တွေကို ကြိုးနှင့်တင်းကြပ်စွာ တုပ်နှောင်၍ တိုင်မှာကြပ်တည်းစွာ ချည်နှောင်ခံထားရသည့် နွားသတ္တ၀ါတွေနှင့်တူ၏။ တုပ်တုပ်မျှလှုပ်၍မရဘဲ ငြိမ်ဝပ်ပိပြားစွာ လူ့ဂုဏ်သိက္ခာကင်းမဲ့စွာ နေလာခဲ့ရသည်။ ၂၀၁၀ ဦးသိန်းစိန်အစိုးရတက်လာသောအခါတွင် ဒီမိုကရေစီတပိုင်း၊ စစ်ဗိုလ်ချုပ်ဟောင်းများတပိုင်း ဖားတပိုင်းငါးတပိုင်းအစိုးရကြောင့် ပြည်သူလူထု၏ဘ၀မှာ လွတ်လပ်မှု အတော်အသင့်ရလာရာ ခြေလက်တို့တွင် ကြပ်တည်းစွာတုပ်နှောင်ထားသော ကြိုးများကိုဖြည်ပေးလိုက်ပြီး အတန်ငယ်ကျယ်ဝန်းသော နွားတင်းကုပ်ထဲ၊ မြင်းဇောင်းထဲဝယ်
တ၀ဲလည်လည် သွားလာခွင့်ရလာသော နွားများ၊ မြင်းများနှင့် တူလာပေ၏။ ကျွန်တော်တို့သည် တင်းကြပ်သောအနီးကပ်တုပ်နှောင်မှုများ မရှိတော့သဖြင့် ဟိုမှသည်မှ သွားနိုင်လာနိုင်၏။ အမြီးမြှောက်ခွင့်၊ ခွာရှပ်ခွင့်
တကောင်နှင့်တကောင် ခွေ့ခွင့်များ ရလာကြသည်။ သို့သော် စဉ်းစားဆင်ခြင်တတ်၍ သေသေချာချာ တွေးကြည့်လိုက်လျှင် ခြင်းထဲမှလွတ်၍လှောင်အိမ်ကြီးထဲသို့ ရောက်လာရုံမျှသော လွတ်လပ်မှုမျိုး ဖြစ်နေပါသေးသည်။ ချည်တိုင်မှကြိုးဖြုတ်၍ တင်းကုပ်ထဲဝယ် သွားလာနိုင်သောအဆင့်သို့ တိုးတက်လာခြင်း ဖြစ်သည်။ သို့သော် တပြည်လုံးသည် ယခုအခါ ထို နွားတင်းကုပ်ထဲမှ ညီညာဖျဖျ ရုန်းထွက်လိုက်ကြပါပြီ။
လွတ်လပ်သော ပြင်ပကမ္ဘာဆီသို့ ထွက်နိုင်ခဲ့ပါပြီ။ ထွက်ပေါက်တခုကိုရှာတွေ့ခဲ့ပါပြီ။ ကျွန်တော်တို့သည် စိမ့်ကြီးမြိုင်ကြီးတွင် ကျင်လည်ကျက်စားသော လုံးဝလွတ်လပ်သည့် မြင်းရိုင်း၊ နွားရိုင်းတို့ဘ၀ကဲ့သို့ မိမိစိတ်ကြိုက် သွားနိုင်စားနိုင် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်သည့်အဆင့်သို့ ရောက်ပြီဟု ထင်ကောင်းထင်နေကြပေလိမ့်မည်။ သို့သော် ဤသို့မဟုတ်သေး။ ကျွန်တော်တို့သည် ပိတ်လှောင်ခံထားရသော ခြံထဲမှ ၀မ်းသာအားရ ပြေးထွက်ခွင့်ရပြီဖြစ်သော်လည်း ကြိုးရှည်ရှည်ဖြင့်လှန်ထားခံရသလို ကြိုးသုံးချောင်းတော့ တဲနှောင်ခံထားရဆဲဖြစ်သည်။ ပြည်သူလူထုဟူသောနွားကြီးအား ဖွဲ့စည်းပုံဥပဒေဆိုသော
ကြိုးကြီးသုံးချောင်းဖြင့် နဖားကြိုးထိုးကာ ထိမ်းချုပ်ထားဆဲပင်ရှိလေသည်။ လုံးဝလွတ်လပ်သောအဆင့်သို့ ရောက်သေးသည်မဟုတ်ပါ။ ၂၀၁၅ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲအောင်နိုင်ခြင်းသည် ရုပ်ရှင်ဇာတ်လမ်းတခု၏
ဇာတ်သိမ်းပိုင်းမဟုတ်ဘဲ ဇာတ်လမ်းကအခုမှစမည့် အဖွင့်မြင်ကွင်းသာဖြစ်သည်။
ပြည်သူလူထုမကြည့်ချင်ဘဲ ကြည့်နေရသော ဖန်တရာတေ အော်ပရာပြဇာတ်ကြီး ကန့်လန့်ကာချသွားပြီး လူထုအောင်သံပြဇာတ် ကန့်လန့်ကာဖွင့်ကာ ဇာတ်ဝင်ခန်းတခန်း စတင်နိုင်လိုက်ရုံပဲ ရှိပါသေးသည်။
ဆက်ကရမည့်ဇာတ်လမ်းက ရှည်ပါသေးသည်။

မြန်မာ.နိုင်ငံရေး၌ ဒီမိုကရေစီကို နဖားကြိုးတဲထားသည်နှင့်တူသော ကြိုးသုံးချောင်းမှာ
ပြည်သူလူထုကရွေကောက်တင်မြှောက်လိုက်သော အစိုးရအဖွဲ့တွင် ပြည်ထဲရေး၊ ကာကွယ်ရေး၊ နယ်စပ်ရေးရာစသော ၀န်ကြီး သုံးဦးမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ တိုက်ရိုက်ခန့်အပ်ပိုင်ခွင့် ရှိနေသေးခြင်းဖြစ်သည်။ အဓိပ္ဗါယ်မှာ ပြည်သူလူထု ဆန္ဒမဲဖြင့်ရွေးကောက်ပွဲတွင်မည်မျှ အနိုင်ရလာပါတီဖြစ်စေ တိုင်းပြည်ကိုအုပ်ချုပ်ရာ၌ ဤဌာနသုံးခုကို အုပ်ချုပ်ခွင့်ရမည် မဟုတ်ပေ။ ထို သုံးဌာန (၀ါ) ကြိုးသုံးချောင်းကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်လက်ထဲတွင် ကိုင်ထားဦးမည်ဖြစ်သည်။ ထို ကြိုးသုံးချောင်းဖြင့် နဖားကြိုးအထိုးခံရပေဦးမည်။
ထို ကြိုးသုံးချောင်းတွင် ဒီမိုကရေစီအုပ်ချုပ်ရေးအတွက် အရေးအကြီးဆုံးမှာ Ministry
Of Internal Affair ခေါ် ပြည်ထဲရေးဝန်ကြီးဌာန ဖြစ်သည်။ မြန်မာနိုင်ငံ၏ ရပ်ကွက်၊ ကျေးရွာ၊ မြို.နယ်၊ ခရိုင်၊ တိုင်း နှင့် ပြည်နယ်အဆင့်ဆင့်ကို တကယ်အုပ်ချုပ်သည်မှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (General Administration) မှ ဖြစ်သည်။ ထွေအုပ်ဌာနကြီးသည် ပြည်ထဲရေးဝန်ကြီး၏လက်အောက်တွင်ရှိသည်။ ပြည်ထဲရေးဝန်ကြီးသည် တပ်မတော်ကာချုပ်မှခန့်အပ်သည့် လက်ရှိစစ်ဗိုလ်ချုပ်တယောက် ဖြစ်သည်။ ထို့ကြောင့် အုပ်ချုပ်ရေးအာဏာသည် တပ်မတော်က ကိုင်ထားဆဲဖြစ်သည်။ တဖန် မြန်မာနိုင်ငံရှိ တရာရုံးများအားလုံးသည် ပြည်ထဲရေးဝန်ကြီး လက်အောက်မှာပင် ရှိသည်။ ထို့ကြောင့် တရားစီရင်ရေးသည် စစ်တပ်၏သြဇာအောက်သို့ ကျရောက်နေဆဲဖြစ်သည်။ ရဲတပ်ဖွဲ့သည်လည်း ပြည်ထဲရေးဝန်ကြီးဌာနအောက်မှာပင် ဖြစ်သည်။ ထို့ကြောင့် ရဲတပ်ဖွဲ့သည် ပြည်သူကိုဗဟိုပြု၍ အလုပ်လုပ်သည်ထက် ယခင်အတိုင်း အမိန့်အာဏာညွှန်ကြားချက်များဖြင့် စစ်တပ်၏လက်အောက်ခံသဖွယ် ပြုမူနေဦးမည်ဖြစ်သည်။ တဖန် အကျဉ်းဦးစီးဌာနသည်လည်း ပြည်ထဲရေးဝန်ကြီးဌာနအောက်မှာပင်ရှိ၍
အကျဉ်းထောင်အရာရှိများသည် ဒီမိုကရေစီဘက်တော်သားများထက် စစ်အာဏာပိုင်များကိုသာ မျက်နှာမူ၍ အမိန့်နာခံကာ အလုပ်လုပ်နိုင်ဖွယ်ရှိသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အသာစီးယူထားသော ၀န်ကြီးသုံးပါးတွင်
ပြည်ထဲရေးဝန်ကြီးသည် အရေးအကြီးဆုံးဖြစ်သည်။ အုပ်ချုပ်ရေးကသတင်းပေး၊ ရဲကဖမ်း၊
တရားသူကြီးကစစ်၍ ထောင်ချ၊ အကျဉ်းထောင်က ထိန်းသိမ်းအပြစ်ပေးရသည်ဖြစ်ရာ ထို လေးဖွဲ့စလုံးသည် တပ်မတော်ကခန့်ထားသော စစ်ဗိုလ်ချုပ်ဝန်ကြီးတပါး လက်အောက်သို့ ကျရောက်နေခဲ့ပြီဆိုလျှင် ပြည်သူ့အာဏာ
ဒီမိုကရေစီဆိုသည်မှာ ဖော်ဆောင်ဖို့ခက်တော့မည်။ ပြည်ထဲရေး၊ ကာကွယ်ရေး၊ နယ်စပ်ရေးရာဟူသော ကြိုးသုံးချောင်းတွင် ကာကွယ်ရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာနများ တပ်မတော်လက်အောက်ခံဖြစ်နေသည်မှာ
များစွာ ပြဿနာမရှိသေး။ ထို အချက်များမှာ နောက်မှ အေးအေးဆေးဆေး ဖြေရှင်း၍ရသည်။ ပြည်ထဲရေးဝန်ကြီးသည် စစ်တပ်မှဖြစ်နေခြင်းကား အကြီးမားဆုံး နှောင်ကြိုးကြီးဖြစ်နေပါသည်။ ယခင်အတိုင်း လာဘ်စားမှု၊ ယခင်အတိုင်း အာဏာအလွဲသုံးမှု၊ ယခင်အတိုင်း ဥပဒေအထက်တွင် စစ်အာဏာပိုင်များရှိနေမှုတို့သည်
ဆက်ရှိနေပေလိမ့်မည်။ ထို အရာများကို မရပ်တန့်နိုင်လျှင် ဒေါ်အောင်ဆန်းစုကြည်ပြောနေသော တရားဥပဒေစိုးမိုးမှုသည် ဖြစ်လာနိုင်စရာ အကြောင်းမရှိပါ။ ဥပဒေစိုးမိုးမှုကို တကယ်ကိုင်တွယ်ဆောင်ရွက်မည်ဆိုလျှင်
ထို ကြိုးသုံးချောင်းကို ဖြတ်နိုင်ဖို့လိုသည်။ လောလောဆယ် သိပ်အနှောက်အရှက်မဖြစ်သေးသော ကြိုးနှစ်ချောင်းကိုဖယ်ထား၍ ပြည်ထဲရေးဝန်ကြီးလက်ထဲတွင် အာဏာများစုပြုံကိုင်ထားသောနဖားကြိုးကို
ရတတ်သမျှ စတင်ဖြတ်တောက်ရပါလိမ့်မည်။ မည်သို့လုပ်မည်နည်း။ ဖွဲ့စည်းပုံအခြေခံဥပဒေသည်လည်း တပ်မတော်သား ၂၅ ရာခိုင်နူန်း သဘောတူညီချက်မပါဘဲ ပြင်၍မရသေးပါ။ တပ်ကလည်း ချက်ခြင်း အခြေခံဥပဒေ စပြင်ဖို့ သဘောတူမည်မဟုတ်ပါ။ ပြည်ထဲရေးဝန်ကြီးအား အရပ်ဘက်မှခန့်ခွင့် မရှိပါ။ ထို့နောက် တက်လာမည့်သမ္မတသည် ရဲဝံ့ပါးနပ်ပါက ဥပဒေဘောင်ထဲမှ လုပ်၍ရသည့်နည်း ရှိပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း (၅) အုပ်ချုပ်ရေးဟူသောခေါင်းစဉ်အောက်မှ နိုင်ငံတော်သမ္မတ၏တာဝန်နှင့် လုပ်ကိုင်ခွင့်ပုဒ်မ ၂၀၂ တွင် “နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် (က) ပြည်ထောင်စုအစိုးရ၀န်ကြီးဌာနများကို လိုအပ်သလိုသတ်မှတ်နိုင်သည်။ ထို့ပြင် ၀န်ကြီးဌာနများကို ပြင်ဆင်သတ်မှတ်ခြင်း၊ ဖြည့်စွက်ခြင်း ပြုနိုင်သည်။

(ခ) ပြည်ထောင်စုဝန်ကြီးဦးရေကို လိုအပ်သလို သတ်မှတ်နိုင်သည်။ ထို့ပြင် သတ်မှတ်ဦးရေကိုတိုးခြင်း၊ လျှော့ခြင်းပြုနိုင်သည်။”ဟု အတိအလင်း ပြဌာန်းထားပေသည်။ ဤသည်မှာ ကောင်းသောဂယ်ပေါက်တခုဖြစ်သည်။
ပြည်ထဲရေးဝန်ကြီးဌာနအောက်တွင်ရောက်ရှိနေသော တရားရုံးများနှင့် အကျဉ်းထောင်များကို နိုင်ငံတော်သမ္မသည်
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၂ (က) လုပ်ပိုင်ခွင့်ကို အသုံးပြု၍ ၀န်ကြီးဌာနအသစ်တခုအောက်သို့ ပြောင်းရွှေ့ပစ်၍ရသည်။ ဥပမာအားဖြင့် တရားဥပဒေစိုးမိုးရေးဝန်ကြီးဌာန ( Ministry of Justice ) ဟူ၍ အသစ်ဖွဲ့ပြီး
တရားရုံးများကို ထို ၀န်ကြီးဌာနအသစ်သို့ ပြောင်းရွှေ့နိုင်ခဲ့လျှင် ပြည်ထဲရေးဝန်ကြီး (တပ်မတော်) လက်အောက်သို့ရောက်နေသော တရားစီရင်ရေးအာဏာကို ပြည်သူ့လက်အောက်သို့ ရောက်အောင်ပြန်ခေါ်နိုင်ပေလိမ့်မည်။ ဤသို့လုပ်ရာတွင် တပ်မတော်အား ထိပါးလိုခြင်းမဟုတ်ဘဲ တရားဥပဒေစိုးမိုးရေးကို ပိုမို ဦးစားပေးဆောင်ရွက်လို၍ဖြစ်ကြောင်း တပ်မတော်ခေါင်းဆောင်များကို သေသေချာချာ ရှင်းလင်းတင်ပြပေးရမည်။ တပ်မတော်သည် လက်နက်ကိုင်တပ်ဖွဲ့များကို အုပ်ချုပ်လိုစိတ် အာသီသပြင်းထန်လှသဖြင့်
သူတို့နှင့်ထိပ်တိုက်မတွေ့စေရန် ရဲတပ်ဖွဲ့ကိုတော့ ပြည်ထဲရေးဝန်ကြီးလက်အောက်မှာပင် ယခင်အတိုင်း ဆက်လက်ထားပေးရမည်။ ကာကွယ်ရေး၊ နယ်စပ်ရေးရာဝန်ကြီးများကို လောလောဆယ် မထိသေးဘဲ
တပ်မတော်နှင့်အဆင်ပြေသော ဆက်ဆံရေးရအောင် ယခင်အတိုင်းဆက်လက်ထားရှိပြီး နှစ်ဖက်နားလည်မှု တိုးတက်အောင် ပူးပေါင်းဆောင်ရွက်ရမည်။ အမျိုးသားရင်ကြားစေ့ရေးကို ဆောင်ရွက်ရမည်။

တရားရုံးများသည် ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်မှ ကင်းလွတ်သွားသည်နှင့် တပ်မတော်မှ ၀င်ရောက်စွက်ဖက် လွှမ်းမိုးမှုမရှိတော့ဘဲ လွတ်လပ်သောတရားစီရင်ရေးစနစ် စတင်ဖြစ်ပေါ်လာပေလိမ့်မည်။ ဥပဒေစိုးမိုးရေးဖြစ်စဉ်များ ပေါက်ပေါက်လာပေလိမ့်မည်။ ပြည်သူလူထု၏တရားဥပဒေအပေါ် ယုံကြည်မှု ပြန်လည်မြင့်မားလာလိမ့်မည်။ ထိုအခါ ငွေပေး၍ဖြေရှင်းခြင်း၊ လက်နက်ဖြင့်အကြမ်းဖက်ဖြေရှင်းခြင်း၊ အမိန့်အာဏာဖြင့် ဖြေရှင်းခြင်းများ နည်းပါးသွားပြီး အရာရာကို ဥပဒေအရ ဖြေရှင်းတတ်သော ဒီမိုကရေစီအလေ့အထများ ပေါ်ပေါက်လာမည်ဖြစ်သည်။ ဥပဒေအထက်တွင် မည်သူမျှမရှိဟူသော ဖုန်တက်နေသည့်ဆောင်ပုဒ်ကလေး အသက်ဝင်လာနိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံကြမည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ မြန်မာ့ဥပဒေစိုးမိုးမှုကို ပိုမို သက်ဝင်ယုံကြည်လာမည် ဖြစ်သည်။ နိုင်ငံ၌အလိုအပ်ဆုံးမှာ လွတ်လပ်သောတရားစီရင်ရေးစနစ်တခု ပေါ်ထွန်းလာဖို့ ဖြစ်သည်။
ကျူးလွန်သောပြစ်မှု တူစေကာမူ အဘနှင့်သိလျှင် ထောင်မကျဘဲ မျက်နှာမွဲဆိုလျှင် ပြစ်ဒဏ်အတိုင်းခံရသော တလမ်းသွားဥပဒေစနစ်ကို ရပ်တန့်နိုင်မည်ဖြစ်သည်။ ဤကား နှောင်ကြိုးတခုကို ဖြတ်တောက်ခြင်းပင်ဖြစ်သည်။ မဖြတ်နိုင်သည့်တိုင် နဖားကြိုးထဲမှအပြင်သို့ဆွဲထုတ်နိုင်မည့်နည်းလမ်း ဖြစ်သည်။

နိုဝင်ဘာရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရသောပါတီသည် အစိုးရဖွဲပြီး တိုင်းပြည်အုပ်ချုပ်ရာတွင် အခက်အခဲများမှာ မရေတွက်နိုင်အောင်ရှိပေ၏။ ပထမဆုံး သမ္မတလောင်းနှစ်ယောက် ရွေးပေးရမည်။ ထိုသမ္မတလောင်းနှစ်ဦးနှင့် တပ်မတော်မှတင်သွင်းလာသော သမ္မတလောင်းတဦး စုစုပေါင်း သုံးဦးထဲမှ တဦးကို ရွေးပေးရမည်။ ထို ရွေးချယ်ခံရသူ သမ္မတသည် ပြည်သူလူထုကလက်ခံသူ၊ တပ်မတော်မှလည်း လက်ခံသူဖြစ်ဖို့ လိုသေးသည်။ ထို သမ္မတက အစိုးရအဖွဲ့ဖွဲ့ရာတွင် ဒီမိုကရေစီလည်းဆန်စေရန်၊ ဖွဲ့စည်းပုံဥပဒေကိုလည်း မကျော်လွန်စေရန်၊ တိုင်းရင်းသားတို့လည်း ကျေနပ်စေရန် အာဏာခွဲဝေရေး၊ ၀န်ကြီးဌာနခွဲဝေရေး လုပ်ရပေမည်။ ဖောင်းပွနေသောဝန်ကြီးဌာနများကို ဖျက်သင့်တာဖျက်၊ ပေါင်းသင့်တာပေါင်း၊ အသစ်ထပ်ဖွဲ့သင့်တာဖွဲ့ လုပ်ရမည်။ သမ၀ါယမ၀န်ကြီးဌာနလို၊ ပြန်ကြားရေးဝန်ကြီးဌာနလို၊ သမ္မတရုံးဝန်ကြီးဌာန ခြောက်ခုထားသလို စနစ်မျိုးကို ပြင်ရမည်ဖြစ်သည်။ မလိုအပ်သောဝန်ကြီးဌာနများ ဖျက်သိမ်းရမည်။ ထပ်နေသောဌာနများ ပေါင်းပစ်ရမည်။
လိုနေလျှင်ထပ်ချဲ့ရမည်။ သာသနာရေးဝန်ကြီးဌာနဆိုလျှင် နိုင်ငံတကာတွင်မရှိသော ၀န်ကြီးဌာနဖြစ်သည်။ သာသနာရေးသည် ပြည်ထဲရေးနှင့်ပေါင်း၍ရသော ဌာနဖြစ်သည်။ သို့မဟုတ် လူဝင်မှုကြီးကြပ်ရေးနှင့်ပေါင်း၍ရသော ဌာနဖြစ်သည်။ ဦးစီးဌာနအဆင့်လောက်ရှိလျှင်ပင် အလုပ်လုပ်၍ရသော ဌာနဖြစ်သည်။ ပို့ဆောင်ရေးဝန်ကြီးဌာနရှိပါလျက် မီးရထားဝန်ကြီးဌာနဟူ၍ ထပ်ထည့်ထားခြင်းမှာလည်း မျိုးတူနှစ်ခု ထပ်နေသလိုဖြစ်နေသည်။ ဒါတွေကို သမ္မတအသစ်သည် ပြန်လည်ရှင်းလင်း တည်ဆောက်ရမည်ဖြစ်သည်။

သို့သော် ပြည်သူအချို့ထင်နေသလို NLD က အပြတ်အသတ်အနိုင်ရလိုက်သဖြင့် ၁၀၀ ရာခိုင်နူန်း အစိုးရအသစ် ပေါ်ပေါက်လာတော့မည်ဟုတော့ မျှော်လင့်၍မရပါ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အစိုးရသစ်နှင့် ပြည်သူများကို တဲနှောင်ထားသော နှောင်ကြိုးသုံးကြိုး ကျန်နေပါသေးသည်။ ထိုနှောင်ကြိုးများမှာ ပြည်ထဲရေး၊ ကာကွယ်ရေး၊ နယ်စပ်ရေးရာဟူသော နှောင်ကြိုးများ ဖြစ်သည်။ ဥပဒေပြုရေးတွင် ၂၅ ရာခိုင်နူန်းဟူသော နှောင်ကြိုးကလည်း ရှိနေပါသေးသည်။ မည်သို့ပင်ရှိစေ စိတ်ပျက်အားငယ်စရာတော့ မရှိပါ။ Necessity is the mother of
invention (လိုလျှင်ကြံဆ နည်းလမ်းရ) ဟူသောစကားပုံလိုပင် တဖြည်းဖြည်းနှင့် ဖြေရှင်းသွားနိုင်ပါသည်။ အရေးကြီးသည်မှာ ကိုယ့်ခြေထောက်တွင် ကြိုးချည်ခံထားရသည်ဆိုခြင်းကို သတိထားမိလျှင် ထို ကြိုးကိုဖြုတ်နိုင်မည့်နည်းကို ရှာကြံနိုင်မည်ဖြစ်သည်။ ချည်နှောင်ထားခံရသည်ကိုမှ မသိလောက်အောင်ဖြစ်နေလျှင်မူကား မည်သည့်အခါမှ ရုန်းထွက်နိုင်မည်မဟုတ်ပေ။ ကျွန်ုပ်တို့သည် NLD
ရွေးကောက်ပွဲတွင် နိုင်သဖြင့် အလွန်ဝမ်းသာပျော်ရွှင်မိပါ၏။ သို့သော် သွားရမည်ခရီးက ဝေးသေးသည်။ ချည်ထားသောကြိုးများက ခိုင်လှသည်။ ဇာတ်လမ်းက ယခုမှအစပင် ရှိပေသေးသည်။
နောက်ထပ်ကြိုးများ အကြောင်းအလျဉ်းသင့်လျှင် ရေးပါဦးမည်။

သရ၀ဏ် (ပြည်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment