ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် မဇင်းရပ်ကွက် ရပ်ကွက်ကော်မရှင်ရုံးတွင် သက်ကြီးရွယ်အိုများနှင့် နာမကျန်းသူများ ကြိုတင်မဲပေးရာတွင် မျက်စိမကောင်းသူ အဘွားအိုတစ်ဦး၏ မဲလက်မှတ်ကို မြေးဖြစ်သူအား ထုနှိပ်ခွင့် မပေးဘဲ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင် အဖွဲ့တစ်ဦးက လူကွယ်ကာ ထုနှိပ်ခဲ့သောကြောင့် ရုန်းဆန်ခတ်မှု နိုဝင်ဘာ ၇ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း ယင်းရပ်ကွက်တွင် နေထိုင်သူများထံမှ သိရသည်။ “အဘွားက သုံးခုလုံး အမေ့စုကို မဲထည့်မယ်လို့ မြေးလေးကိုပြောတာ အဲ့ချိန်မှာ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်ထဲက လူတစ်ယောက်က အဘွားမြေးကို မထုခိုင်းဘဲနဲ့ သူ့ဘာသာသူယူပြီး ထုလိုက်တယ်” ဟု ယင်းကိစ္စဖြစ်ပွားခဲ့သည့် အသက် ၇၀ ကျော် အဘွားအိုက ပြောကြားသည်။
အဆိုပါ ကြိုတင်မဲပေးသည့် မဲရုံတွင် ကူညီလုပ်ကိုင်နေသူတစ်ဦးကလည်း “ကျွန်တော်က မနက်ကတည်းက ဒီကြိုတင်မဲပေးတဲ့နေရာမှာ ၀ိုင်းကူလုပ်ပေးနေတာပါ။ အခုဆို အဖွားအိုတွေ၊ နာမကျန်းဖြစ်သူတွေက စောင့်နေရတာ တစ်နေကုန်သွားတယ်။ အဖွားအိုတစ်ယောက် မဲလာပေးတယ်။ အဲ့အဖွားက မျက်စိမမြင်ဘူး။ အဲတော့ ရွေးကောက်ပွဲ ကော်မရှင်ထဲက လူတစ်ယောက်က မျက်စိ မမြင်ရင် ဘာလို့ မဲလာပေးလဲ ပြောတယ်။ ညနေ ၆ နာရီလောက်ထိ ကြိုတင်မဲပေးဖို့ အများကြီး ကျန်နေသေးတယ်” ဟု ပြောသည်။
ထို့ပြင် ဗိုက်ခွဲစိတ်ထားသည်မှာ မကြာသေးသည့် အမျိုးသမီးတစ်ဦးအား မဖြစ်မနေ မဲရုံသို့ လာ၍ မဲပေးရန် ပြောဆိုခဲ့ကြောင်း၊ ထိုသို့ ပြောဆိုခဲ့သောကြောင့် ယင်းအမျိုးသမီးမှာ မဲရုံသို့ သုံးချိန်တိတိ လာရောက်ခဲ့ရပြီး နောက်ဆုံးလာသည့် သုံးချိန်မြောက် (ညနေပိုင်း) မှပဲ ပေးခွင့်ရခဲ့ကြောင်း သိရသည်။
ထိုသို့ သက်ကြီး ရွယ်အိုများနှင့် နာမကျန်းဖြစ်သူများ ကြိုတင်မဲ လျှောက်ထားသူများမှာ ယနေ့ နံနက် ၈ နာရီမှ စတင်မဲပေးခွင့် ရခဲ့သော်လည်း ယနေ့ ညနေ ၆ နာရီထိ မဲပေးရန် ကျန်ရှိသည့် ဦးရေမှာ များပြားလျက်ရှိသေးကြောင်း သိရသည်။

See more at http://www.news-eleven.com/
0 comments:
Post a Comment