ဒီပွဲလည်း အိမ်ကွင်းမှာ ထပ်ရှုံးခဲ့ပြန်တဲ့အတွက် ချယ်လ်ဆီကို ပရီးမီးယားလိဂ် နောက်ဆုံးကိုးကြိမ်တွေ့ရာမှာ တစ်ကြိမ်မှမနိုင်တဲ့ မှတ်တမ်း အာဆင်နယ် ရသွားပါတယ်။
ချယ်လ်ဆီးအသင်း စံချိန်တင် ရလဒ်ဆိုးနဲ့ ကြုံတွေ့နေရတဲ့ ရာသီမှာတောင် အာဆင်နယ်ဘက်က အသာစီး မရခဲ့ပြန်ပါဘူး။ ဒီပွဲလည်း အိမ်ကွင်းမှာ ထပ်ရှုံးခဲ့ပြန်တဲ့အတွက် ချယ်လ်ဆီကို နောက်ဆုံးကိုးကြိမ်တွေ့ရာမှာ တစ်ကြိမ်မှမနိုင်တဲ့ မှတ်တမ်း အာဆင်နယ် ရသွားပါတယ်။
အာဆင်နယ်အသင်းဘက်က ဂျီရုဒ်၊ အိုဇေး၊ ဝဲလ်ကော့ စတဲ့ကစားသမားတွေအားလုံး ပွဲထွက်စာရင်းမှာ ပါဝင်နိုင်ခဲ့ပါတယ်။ ချယ်လ်ဆီးဘက်မှာ ဒဏ်ရာ ပြန်သက်သာလာပြီဆိုတဲ့ ဟာဇက်ပွဲထွက်စာရင်းမှာ ပါမလာပဲ ကော်စတာ၊ အော်စကာ၊ ဝီလျံ၊ နဲ့ မီးခေးလ်တို့သာ ပါဝင်ခဲ့ပါတယ်။
ပွဲစပြီဆိုကတည်းက အာဆင်နယ်ဘက်က ဦးဆောင်ဂိုးရဖို့ ကြိုးစားခဲ့တပါ။ ချယ်လ်ဆီးဘက်ကို အာဆင်နယ် ဆက်တိုက် ဖိကစားခဲ့ပြီး ကမ်းဘဲလ်ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပွဲချိန် ၁၇ မိနစ်မှာ နောက်ခံကစားသမား မာတီဆက်ကာက မလိုအပ်ပဲ ကော်စတာကို အဖျက်ကြမ်းလိုက်တာကြောင့် အနီကတ်ပြပြီး အထုတ်ခံလိုက်ရပါတယ်။ တစ်ယောက်လျော့သွားတဲ့အတွက် နှစ်မိနစ်လောက်အကြာမှာ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါး လူလဲပြီးဗျူဟာ ပြောင်းလိုက်ပါတယ်။
တိုက်စစ်မှူး ဂျီရုဒ်ကို ထုတ်ပြီး ဂါဘရီရယ်ကို အစားဝင်စေခဲ့ပါတယ်။ ဂါဘရီရယ်ဝင်လာပြီး တစ်မိနစ်အကြာမှပဲ ဂိုးပေးလိုက်ရပါတယ်။ နောက်ခံလူ အိုင်ဗန်နိုဗစ်ခ်ျက သူ့ရဲ့ထုံးစံအတိုင်းရှေ့အထိ တက်ပြီး ဂိုးရှေ့ကို ဖြတ်ပို့လိုက်တဲ့ ဘောလုံးကို ကော်စတာက ပိတ်သွင်းယူလိုက်တာ ဖြစ်ပါတယ်။
ပထမပိုင်း လက်ကျန်ပွဲချိန်တွေကို အာဆင်နယ်ဂိုးပြန်ရဖို့ ကြိုးစားပေမယ့် ရှေ့တန်းမှာ ကွင်းလယ်နဲ့ အတွဲပျက်နေတာကြောင့် ချယ်လ်ဆီးဂိုးပေါက်ကို သေသေချာချာမခြိမ်းခြောက်နိုင်ခဲ့ပါဘူး။ ချယ်လ်ဆီးကလည်း ကော်စတာ မထင်မှတ်ပဲ သွင်းလိုက်တဲ့ တစ်ဂိုးကလွဲလို့ အာဆင်နယ်ဘက်ကို တိကျသေချာတဲ့ ခြိမ်းခြောက်မှုမျိုး မလုပ်နိုင်ခဲ့ပါဘူး။
ဒုတိယပိုင်း ၅၇ မိနစ်မှာ ဆန်းချက်ဇ်က ကမ်းဘဲလ်အစား ဝင်ရောက်လာပါတယ်။ ၆၈ မိနစ်မှာ ဒဏ်ရာနည်းနည်း ရသွားတဲ့ ကော်စတာကို ထုတ်ပြီး တိုက်စစ်မှူးရေမီကို အစားထိုးခဲ့ပါတယ်။ ပွဲကို ဆက်ဖိကစားခဲ့တာတော့ အာဆင်နယ်ပါ။
၈၇ မိနစ်မှာ ဖလာမီနီရဲ့ ထိုးဖောက်ချက် ချယ်လ်ဆီးနောက်တန်းကို ပျာယာခပ်သွားစေပမယ့် ဂိုးတော့မရခဲ့ပါဘူး။ ပွဲပြီးတဲ့အထိ အာဆင်နယ် ဂိုးပြန်မသွင်းနိုင်လို့ အိမ်ကွင်းမှာ ရှုံးပွဲတွေ့သွားပါတယ်။
Credit- Duwun

0 comments:
Post a Comment