နိုင်ငံ့ဝင်ငွေ ခွဲဝေရေး ပြဿနာ


ပြည်နယ်တိုင်းဒေသကြီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း (သို့မဟုတ်) ဒေသဦးစီးအဖွဲ့တွေကို အာဏာခွဲဝေရေး (Power Sharing), သယံဇာတ ခွဲဝေရေး (Resource Sharing), အခွန်အခ ခွဲဝေရေး (Tax Sharing) အတွက် ဖွဲ့စည်းထားတဲ့ ကော်မတီရဲ့  ဆောင်ရွက်ချက်တွေကို လွန်ခဲ့တဲ့ ဇွန်လ (၂၆) ရက်နေ့က သမ္မတရုံးက ထုတ်ပြန်ပါတယ်။ ခွဲဝေမှုကော်မတီ အစီရင်ခံစာဟာ အကျဉ်းချုပ် (၁၆) ရွက်၊ အပြည့်အစုံ (၅၂၆) ရွက် ရှိပါတယ်။ လိုရင်းတိုရှင်း ပြောရရင် ဗဟိုအစိုးရ နဲ့ ဒေသန္တရအစိုးရတွေရဲ့  လုပ်ပိုင်ခွင့် နဲ့ ရပိုင်ခွင့်ကို သတ်မှတ်တာပဲ ဖြစ်ပါတယ်။ ဗဟိုက သတ်မှတ်တဲ့အတိုင်း ဒေသခံအစိုးရတွေက အနည်းအကျဉ်း ရရှိမှာ ဖြစ်ပါတယ်။

သမ္မတရုံးက မထုတ်ပြန်မီ မနှစ်က သုတေသီ သက်အောင်လင်း နဲ့ Mari Oye တို့က သယံဇာတ ခွဲဝေရေး အစီရင်ခံစာကို ၂၀၁၄ ဇွန်လမှာ ထုတ်ဝေပါတယ်။ ဝန်ကြီးဌာနအရာထမ်းတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို တွေ့ဆုံမေးမြန်းပြီး ရေးသားထားတဲ့ စာမျက်နှာ (၆၀) ကျော် အစီရင်ခံစာ ဖြစ်ပါတယ်။ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ မလုပ်မီ၊ သယံဇာတ အုပ်ချုပ်ရေးမှာ ဒေသခံအစိုးရတွေ ပါဝင်မယ့် အခန်းကဏ္ဍကို တဆင့်ပြီးတဆင့် ပြုပြင်ပြောင်းလဲဖို့ အကြံပြုထားပါတယ်။ တချို့ နေရာမှာ ဒေသခံတွေ စီမံခန့်ခွဲတာက ပိုပြီးထိရောက်အောင်မြင်တယ်လို့ ဆိုပါတယ်။

အခြေခံဥပဒေ ဇယား (၅) မှာ ဆား၊ မီးသွေး၊ ကြိမ်၊ ဝါး၊ ရှားစေး၊ သနပ်ခါး၊ ထင်းရှုးဆီ စတဲ့ တန်းဖိုးနည်း တောထွက်ပစ္စည်းတွေကိုသာ ဒေသခံအစိုးရက အခွန်ကောက်နိုင်ပြီး ကျွန်းနဲ့သစ်မာလို တန်းဖိုးမြင့် တောထွက်ပစ္စည်းတွေကိုတော့ ဗဟိုအစိုးရက အခွန်စည်းကြပ်ပါတယ်။ အခွန်ကောက်ခံခွင့်ရှိတဲ့ ကိစ္စမှာလည်း ဗဟိုအစိုးရသတ်မှတ်တဲ့ အချိုးအစားအတိုင်း ဒေသခံအစိုးရက ရယူနိုင်တယ်လို့ ခွဲဝေမှုကော်မတီ အစီရင်ခံစာ ဖော်ပြပါတယ်။ ကုန်သွယ်လုပ်ငန်းကို ဒေသခံအစိုးရ အခွန်ကောက်ယူနိုင်ပေမယ့် သွင်းကုန်ကိုတော့ ဗဟိုအစိုးရသာ စည်းကြပ်ခွင့် ရှိပါတယ်။ ပြည်ပအထောက်အပံ့နဲ့ ဆောင်ရွက်လိုတဲ့ စီမံချက်ကို ဒေသန္တရအစိုးရက တိုက်ရိုက်ညှိနှိုင်းလုပ်ကိုင်ပြီး နားလည်မှု စာလွှာမူကြမ်း ရေးဆွဲနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ (၃) လ တကြိမ် ဗဟိုအစိုးရကို အစီရင်ခံဖို့ လိုတယ်လို့ ဖော်ပြထားပါတယ်။

စွမ်းအင်၊ လျှပ်စစ်၊ သတ္တု၊ သစ်တော စတဲ့ ဝင်ငွေကောင်းတဲ့ လုပ်ငန်းတွေကို ဗဟိုအစိုးရလုပ်ပိုင်ခွင့်အဖြစ် ခွဲဝေမှုကော်မတီက သတ်မှတ်ပါတယ်။ ဒါပေမဲ့ အသေးစား၊ အလတ်စား လျှပ်စစ်ဓါတ်အား ထုတ်ယူရင်တော့ ရသင့်တဲ့ အချိုးကျ ရန်ပုံငွေကို ခံစားနိုင်အောင် ခွဲဝေဖို့ ဆွေးနွေးညှိနှိုင်းမယ်လို့ ဆိုပါတယ်။ သတ္တု နဲ့ ကျောက်မျက်လုပ်ငန်းကို တနိုင်တပိုင် လုပ်ကိုင်လိုတဲ့ ပုဂ္ဂိုလ်ဟာ ဒေသခံအရာရှိနဲ့ ဝန်ကြီးဌာန သဘောတူညီချက် ရယူရမယ်လို့ ဆိုပါတယ်။ စက်မှုဇုန် တည်ထောင်ရာမှာတော့ ဒေသခံအစိုးရတွေကို အတော်လေး လုပ်ပိုင်ခွင့် ပေးထားပါတယ်။ ဒါပေမဲ့ ဒေသန္တရအစိုးရကချည်း ဆုံးဖြတ်ပြီး လုပ်ကိုင်နိုင်တာနည်းပြီး သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ ညှိနှိုင်းပြီး ခွင့်ပြုချက် တောင်းခံရတာမျိုးက များပါတယ်။ တကယ်တော့ သယံဇာတခွဲဝေမှုကို မူသဘောနဲ့ လက်ခံတာဖြစ်လို့ သိပ်မထူးခြားပါဘူး။

တိုင်းနဲ့ပြည်နယ်အစိုးရကို လုပ်ပိုင်ခွင့် လွှဲပြောင်းပေးရတဲ့ အကြောင်းရင်းက ဒေသခံအစိုးရဟာ ဒေသခံပြည်သူနဲ့ ပိုပြီးနီးကပ်တဲ့အတွက် ပိုပြီးထိထိရောက်ရောက် လုပ်နိုင်မယ်ဆိုတဲ့အချက် ဖြစ်ပါတယ်။ ဒေသခံအစိုးရဟာ သယံဇာတ စီမံခန့်ခွဲပိုင်ခွင့် အနည်းငယ်သာ ဖြစ်ပေမယ့် အခုလို စီမံခန့်ခွဲတဲ့ တာဝန်ပေးအပ်ခံရတာဟာ အရေးကြီးတဲ့ အစဉ်အလာကို တည်ဆောက်တာမို့ တိုးတက်မှုတခု ဖြစ်တယ်လို့ ဆိုပါတယ်။ နိုင်ငံဝင်ငွေ ခွဲဝေမှုဟာ စေ့စပ်ဆွေးနွေးသူတွေက စိတ်ကြိုက်တခါတည်း လုပ်ထားလို့ရတဲ့ ကိစ္စမဟုတ်ပါဘူး။ သယံဇာတကို အနာဂတ်မျိုးဆက်တွေလည်း ပိုင်ဆိုင်တာမို့ ကုန်ခမ်းသွားတဲ့အချိန်မှာလည်း အကျိုးခံစားနိုင်အောင် ပြင်ဆင်ဖို့ လိုပါတယ်။ ဝင်ငွေခွဲဝေမှု ပုံစံဟာ အနာဂတ် စီးပွားရေး၊ နိုင်ငံရေး နဲ့ သယံဇာတ ပြုန်းတီးမှုကို အကျိုးသက်ရောက်လိမ့်မယ်လို့ သုတေသီ သက်အောင်လင်းတို့အဖွဲ့က ဆိုပါတယ်။

နော်ဝေအခြေစိုက် သယံဇာတ ထုတ်လုပ်မှု ပွင့်လင်းမြင်သာရေးအဖွဲ့ EITI မှာ မြန်မာဟာ လွန်ခဲ့တဲ့ ဇူလိုင်လက အဖွဲ့ဝင်လောင်း ဖြစ်လာပါတယ်။ ပွင့်လင်းမြင်သာရေးကို အဓိကထားတာမို့ တာဝန်ယူမှု၊ ဖြောင့်မတ်မှန်ကန်မှု၊ အမျိုးသားအကျိုးစီးပွားကို ရှေ့ ရှုမှု၊ တိုင်းရင်းသားပြည်သူရဲ့  သဘောထားနဲ့ အကျိုးစီးပွားကို အလေးထားမှု၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု စတာတွေကို မြန်မာရဲ့  အခြေခံမူအဖြစ် သတ်မှတ်ပါတယ်။ ဥပဒေစည်းမျဉ်း၊ သတင်းဖော်ပြမှု၊ စစ်ဆေးမှု၊ အုပ်ချုပ်မှု စတာတွေမှာ မြန်မာဟာ အညံ့ဆုံးဖြစ်နေပေမယ့် အဖွဲ့ဝင်လောင်းအနေနဲ့ သယံဇာတဝင်ငွေကို ဖော်ပြရပါလိမ့်မယ်။

၂၀၁၃/၁၄ ဘဏ္ဍာရေးနှစ်မှာ ဓါတ်ငွေ့ ဒေါ်လာသန်း (၃၃၀၀) ရရှိပြီး၊ မနှစ်က ကျောက်မျက်ဝင်ငွေ ဒေါ်လာသန်း (၃၄၀၀) ရရှိကြောင်း သိရပါတယ်။ သယံဇာတ အများစုဟာ တိုင်းရင်းသားနယ်မြေမှာ ရှိတာမို့ ခွဲဝေရေးဟာ ဒေသခံအတွက် အရေးကြီးပါတယ်။ ဓါတ်ငွေ့ပိုက်လိုင်းဒေသမှာ လူ့အခွင့်အရေး ချိုးဖျက်မှု အများဆုံး ဖြစ်နေပါတယ်။ ဒါကြောင့် ဒေသခံရဲ့  အကျိုးစီးပွားကို တကယ်အလေးထားဖို့ လိုနေပါတယ်။ အစိုးရရဲ့  ခွဲဝေမှုကော်မတီ အစီရင်ခံစာဟာ ဒေသခံရဲ့  မျှော်လင့်ချက်နဲ့ တခြားစီ ဖြစ်နေပါတယ်။ ဒါကြောင့် နိုင်ငံရဲ့  ဝင်ငွေကို တရားမျှတစွာ ခွဲဝေရေးဟာ အလှမ်းဝေးနေဆဲ ဖြစ်ပါတယ်။

ဦးအောင်ခင်, ကျော်ကျော်သိန်း / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment