မန်မာပြည် အောက်ပိုင်း မော်လမြိုင်မြို့မှာ ကျွန်တော့်ကို လူအတော်များများက မုန်းကြ၏။ ကျွန်တော့်ဘ၀မှာ လူတွေ၏ အမုန်းကို ရရှိရလောက်အောင် အရေးပါဖူးသည်မှာ ဒီတစ်ကြိမ် သာရှိပါလိမ့်မည်။
ဒီစာသားအရ စာရေးဆရာ ဂျော့အော်ဝဲလ်အနေဖြင့် သူ၏ ပထမဆုံးအလုပ်ဖြစ်သည့် ရဲအ ရာရှိဘ၀ကို ပျော်ပိုက်ပုံမရ ကြောင်း ပြောနိုင်ပါသည်။ အ ထက်ပါစာသားသည် ဆင်တစ် ကောင်ကို ပစ်ခတ်ခြင်းအမည်ရ သူ၏ ဆောင်းပါးတစ်စောင်မှ အဖွင့်စာသားဖြစ်သည်။ ထို ဆောင်းပါးတွင် ဂျော့အော်ဝဲလ်က ဗြိတိသျှကိုလိုနီစနစ်၏ စနစ် အောက်၌ သူ၏ တာဝန်ထမ်း ဆောင်နေရခြင်းကို မသက်သာ၊မနှစ်မြို့ဖြစ်ရပုံကို ပါးပါးနပ်နပ် ရေးသားသရုပ်ဖော်ထားပါသည်။
၁၉၂၀ နှစ်များက မြန်မာ ပြည်တွင်နေခဲ့သော ဂျော့အော် ၀ဲလ်၏ အတွေ့အကြုံများက သူ့အား အုပ်ချုပ်သူအာဏာပိုင်များ နှင့် အင်ပါယာစနစ်ကို မုန်းတီးမှု များဖြစ်လာစေခဲ့သည်။ ၁၉၄၀ က သူစတင်ရေးသားခဲ့သည့် Observer စာစောင်က ဆောင်း ပါးများမှ သူ၏ နာမည်ကြီး ၀တ္ထုတစ်ပုဒ်ဖြစ်သည့် ၁၉၈၄ တို့အထိ ထိုအငွေ့အသက်ကို ခံစားထိတွေ့နိုင်ပါသည်။
သို့သော်စာရေးဆရာ ဂျော့ အော်ဝဲလ်မဖြစ်ခင် အသက် (၁၉) နှစ်လောက်က အဲရစ်ဘဲလယား ဘ၀ဖြင့် အိန္ဒိယအင်ပါယာရဲတပ် ဖွဲ့ကို ၀င်ရောက်ခဲ့သည့်အချိန်မှာ မြန်မာပြည်ကို ဂျော့အော်ဝဲလ်က အတော်သဘောကျနှစ်ခြိုက်ခဲ့ သည်။ သည်နိုင်ငံက ရှုခင်းအလှများ ကြောင့် သူသေဆုံးချိန်အထိ ကမ္ဘာကြီး၏ သဘာဝအလှများကို နှစ် ခြိုက်စွဲလမ်းခဲ့ပါသည်။ ထို့အတူ သူ၏ ပထမဆုံးဝတ္ထုဖြစ်သည့် Burmese Days ကစ၍ သဘာဝရှုခင်းအလှတွေကို တဖွဲ့တနွဲ့ ရေးသားတတ်သော စာရေးဆရာ တစ်ဦးဖြစ်လာခဲ့ပါသည်။
စာရေးဆရာ ဂျော့အော် ၀ဲလ်နေခဲ့ဖူးသည့် ဒေသကို လေ့လာရန်နှင့် သူ၏ အငွေ့အသက် ခြေရာတွေကို တွေ့လိုတွေ့ငြား တစ်ချိန်တုန်းက မောလမိန်း (Moulmein)၊ ယခုအခါ မော်လ မြိုင်မြို့သို့ ကျွန်တော်စတင်ခရီး ထွက်ခဲ့ပါသည်။
မြန်မာစစ်ဗိုလ်ချုပ်များက တိုင်းပြည်ကို လမ်းဖွင့်ပေးလိုက် ချိန်ကစပြီး ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များက မြန်မာနိုင်ငံသို့စုပြုံဝင်ရောက်လာကြသည်။ သို့ သော်အများဆုံးသွားလေ့ရှိတာ က မြို့တော်ဟောင်း ရန်ကုန်မြို့ ၏ မြောက်ပိုင်း မန္တလေး၊ ပုဂံဘု ရာများနှင့် အင်းလေးကန်တို့သာ ဖြစ်ပါသည်။ မြန်မာနိုင်ငံတောင် ပိုင်းကတော့ သွားလာကြတာ နှစ် အနည်းငယ်သာရှိပါသေးသည်။
ကရင်ပြည်နယ် ဘားအံမြို့ သည် ရန်ကုန်မြို့ကနေ ရော်ဘာ စိုက်ခင်းတွေကို မိုင်နှင့်ချီဖြတ် မောင်းလာရသော တစ်နေ့တာ ကားလမ်းခရီးဖြစ်၏။ ရော်ဘာ ခင်းတွေမှာ ရော်ဘာပြားများကို အခြောက်ခံလှမ်းထားသည်မှာ ရေချိုးခန်းမှာခင်းသည့် ညစ်ပတ်နေသော အခင်းများနှင့် တူလှသည်။ ကားလမ်းက တိတ်ဆိတ်ငြိမ်သက်နေသော်လည်း အသည်းတယားယားဖြင့် အန္တရာယ်ကြီးလှ ပါ၏။ ကားကို ညာဘက်ကနေ ကပ်မောင်းနေခြင်းဖြစ်ပြီး ကားတွေကမူ ဂျပန်နှင့် ထိုင်းက တင်သွင်းလာသော ဘယ်မောင်းကား ဟောင်းများဖြစ်ပါသည်။ ကား မောင်းသူများသည် သူတို့ကို ကားရှင်း၊ မရှင်းကြည့်ပေးမည့် ခရီးသည် (သို့မဟုတ်) ကံကိုသာပုံပြီးမောင်းနေကြရသည်။
မြန်မာပြည်မှာ ဘယ်သွား သွားစေတီပုထိုးများကို ရှောင်လို့ မရ။ တောင်ထိပ်မှာပင် ရွှေရောင် ၀င်းနေသည့် စေတီတွေက နေရာ ယူထားသည်။ သို့သော်တကယ် ကို လှပသပ္ပာယ်သည့် စေတီတစ် ဆူမှာတော့ ကျွန်တော်ကားရပ် ကြည့်မိသည်။ ကျောက်ကလပ် စေတီတွင် ရေကန်အလယ်က ထုံးကျောက်တောင်ပေါ်မှာ ဟန် ချက်မျှစွာ စံပယ်နေပါသည်။ ထို စေတီမှာ ဘုန်းကြီးကျောင်းတစ် ကျောင်းလည်းရှိပြီး ဖိနပ်ချွတ်မှ သာ ဧည့်သည်တွေကို ခွင့်ပြုပါ သည်။ ဖုန်းနှင့် စာရိုက်နေသော ဘုန်းကြီးတစ်ပါးက သူ၏ ဖုန်းကို သင်္ကန်းထဲထည့်ပြီး ကျွန်တော်ကို ဆုပေးပါသည်။
ဘားအံမြို့က ငြိမ်သက် တိတ်ဆိတ်သော်လည်း သံလွင် မြစ်ပေါ်မှာ တည်ရှိပြီး သာယာလှ ပ၏။ သံလွင်မြစ်သည် ကျွန်တော် မော်လမြိုင်သို့ ခရီးဆက်မည့် လမ်းကြောင်းဖြစ်ပါသည်။ ဘား အံမှာ နေ၀င်တာကို စောင့်ကြည့် ရန် အကောင်းဆုံးနေရာမှာ ရွှေ ရင်မျှော်ဘုရားဖြစ်သည်။ ထို ဘုရားကနေ မြစ်ကို ကျော်ပြီး ကြည့်လိုက်လျှင် ဟိုဝေးဝေးက ဖားပုထုံးကျောက်တောင်ကို မြင် နေရပါသည်။ ညနေ နေရောင် ခြည်များ တောထဲကို ထိုးကျ ပျောက်ကွယ်သွားသည့်တိုင် အောင် ဘုရားစေတီက ရွှေရောင် များက ၀င်းလက်နေဆဲပင်။
ဈေးထဲကနေ မုန့်ဟင်းခါးဟု ခေါ်သော စပါးလင်၊ ငါးခူဖြင့် ချက်ထားသော ဟင်းရည်ကို ကျွန်တော်က မုန့်ဖတ်၊ ငရုတ်သီးမှုန့်၊ သံပရာသီးထည့်ပြီး မနက်စာအဖြစ် စားခဲ့ပါသည်။ ထန်းလျက်ရည်ဖြင့် လုပ်ထားသော ဘိန်းမုန့်ကိုလည်း သင်္ဘောဖယ်ရီစီးသည့်အခါမှာ စားဖို့ ၀ယ်ခဲ့သည်။
ကျွန်တော်စီးသည့် သင်္ဘော က ဘန်ကောက်မှာ တွေ့ရသော အမြီးရှည်ရှည်ပဲ့တောင်လို ပုံစံ ဖြစ်ပြီး သူက ပိုကြီးပါသည်။ သင်္ဘောအင်ဂျင်သံက ဆူညံနေ သဖြင့် သုံးနာရီကြာ ခရီးစဉ်အ တွင်း ခရီးသည်တွေအချင်းချင်း စကားကောင်းကောင်းပြောလို့ မရပါ။ စကားပြောမည့်အစား ပလတ်စတစ်ခုံတွေမှာ ထိုင်ပြီး မြစ်ရှုခင်းတွေကိုသာ ကြည့်နေရပါ သည်။
မြစ်ဘေးရွာများမှ မြစ်ထဲကိုဒိုင်ဗင်ထိုးနေသည့် ကလေးများ ကစားနေတာတွေကို ရပ်ပြီး ကျွန်တော်တို့ကို အော်ဟစ်လက် ဝှေ့ယမ်းပြကြသည်။ ၀ါးဖောင် အကြီးကြီးတွေကိုလည်း ကျွန် တော်တို့ သင်္ဘောက ကျော်လာခဲ့ ပါသည်။ တစ်ခါတလေ သည်ဝါး ဖောင်တွေအောက်မှာ တရားမ၀င်ခိုးခုတ်လာသော သစ်တွေလည်း ပါသည်ဟု ဒေသခံဧည့်လမ်းညွှန် တစ်ဦးက ကျွန်တော်တို့ကို ပြော ပြ၏။
မော်လမြိုင်မြို့သည် ဘုရား ပုထိုးစေတီများရှိနေသော တောင် တန်းတွေက ၀ိုင်းရံထားသည့် အောက်ခြေတွင် တည်ရှိပါသည်။ မြန်မာနိုင်ငံသည် အိန္ဒိယအင်ပါ ယာရဲတပ်ဖွဲ့မှ ၀န်ထမ်းများ မ သွားချင်သည့် နေရာတစ်ခုဖြစ် သော်လည်း သူတို့မိသားစုနှင့် ပတ်သက်နေသော နေရာဖြစ်သည့် အတွက် ဂျော့အော်ဝဲလ်က တာ ၀န်ထမ်းဆောင်ရန် ရွေးချယ်ခဲ့ ခြင်းဖြစ်၏။ သူ၏ မိခင်မစ္စက် လီ မွန်ဇင် (Limouzins) ဘက်မှ မျိုး ဆက်များသည် မော်လမြိုင်မှာ နေခဲ့ကြသည်။ ၁၉ ရာစုအတွင်းက သစ်လုပ်ငန်းကြောင့် စီးပွား ကောင်းသဖြင့် ဥရောပသားအ တော်များများ ထိုစဉ်က မော်လ မြိုင်၌ နေခဲ့ကြပါသည်။
သည်လိုစီးပွားကောင်းစဉ် အ ကြွင်းအကျန်အငွေ့အသက်များ က မော်လမြိုင်မှာ အတော်များ များရှိနေဆဲပင်။ ထို့ကြောင့် မော် လမြိုင်လမ်းတွေပေါ်မှာ လျှောက် သွားသည့် ဂျော့အော်ဝဲလ်ကို စိတ်ကူးယဉ်မှန်းဆမြင်ယောင်ရသည် မှာ သိပ်တော့ မခက်ခဲလှ။ အို မင်းပျက်စီးနေသော ကိုလိုနီ ခေတ်ပုံစံအိမ်ကောင်းရာကောင်း ကြီးတွေက လမ်းမကြီးတွေမှာ ရှိ နေကြပြီး ဆွေးမြည့်အိုဟောင်းနေ သော ဘုရားရှိခိုးကျောင်းကြီးများ လည်း ရှိပါသည်။ စိန့်ဆာဗီယာ ဘုရားကျောင်းမှာ ခရစ္စမတ် အခမ်းအနားကို ပြင်ဆင်ထားပါ သည်။ နှစ်ခြင်းဘုရားရှိခိုးကျောင်း တွင် ဘုရားကျောင်းမီးဖိုချောင် ရေစင်ထဲမှာ အိပ်ပျော်နေသော မြွေကြီးတစ်ကောင်ကို ကျွန်တော် က အမှတ်တမဲ့လန့်မနိုးလိုက်ခင် အထိ အားလုံးက အေးအေးဆေး ဆေးပင်ဖြစ်၏။
၁၉၂၆ ဂျော့အော်ဝဲလ် ရောက်လာသည့်အချိန်မှာတော့ မော်လမြိုင်က ခေတ်မကောင်း တော့ပါ။ ဒေသဆိုင်ရာသမိုင်း ကြောင်း ကျွမ်းကျင်သူ မစ္စတာ အန်တိုနီ၏ အကူအညီဖြင့် ကျွန် တော်က စာရင်းပြုစုခဲ့ပါသည်။ သူက ကျွန်တော်ကို ဂျော့အော် ၀ဲလ်မိခင်ဖြစ်သူ ကြီးပြင်းလာ သည့် အိမ်ကြီးဆီသို့ လိုက်ပို့ပေး ခဲ့သူလည်းဖြစ်ပါသည်။ ထိုအိမ် ကြီးမှာ သံတခါးဂိတ်ကြီးများနှင့် နံရံမြင့်ကြီးသာ အထင်ကြီးလောက်စရာကျန်ရှိပါတော့သည်။
‘‘ဒါက စစ်အတွင်းတုန်းက ဂျပန်၊ ဒါမှမဟုတ် အင်္ဂလိပ်တွေ လက်ချက်ကြောင့် ဗုံးထိသွားခဲ့ တာ။ လီမွန်ဇင်မိသားစုတွေက တခြားဥရောပသားတွေနဲ့ မြန်မာ ပြည်ကနေ ပြန်သွားကြတယ်။ ဒီ မှာ မစ္စတာ ကောလင်းလောက်ပဲ ကျန်တော့တယ်။ သူလည်း မနှစ် က ဆုံးသွားပြီ’’ဟု အန်တိုနီက ရှင်းပြပါသည်။
ဘုရားရုပ်ပွားတော်ကြီးများ သည် မြန်မာပြည်က ယောက်ျား၊ မိန်းမ၊ ကလေးအားလုံးအတွက် ဖြစ်ရမည်ဟူသော ရေးသား မထားသည့် စည်းမျဉ်းရှိပါလိမ့် မည်။ နေရာတကာမှာ ဘုရား တွေချည်းသာရှိနေသည့်အတွက် ကမ္ဘာလှည့်ခရီးသည်များ ဘုရား တွေကြီးကိုပဲ မြင်ရတာ ရိုးလာနိုင်ပါသည်။ သို့သော်မော်လမြိုင်မြို့ မှ ၁၄ မိုင်အကွာ ၀င်းစိန်တောရ ဘုရားကိုမူ သွားဖြစ်အောင်သွား ရန် ကျွန်တော့်ကို ကျွန်တော် တိုက် တွန်းပါသည်။ သည်ဘုရားကြီးက ကမ္ဘာတွင် အကြီးဆုံးလျောင်း တော်မူ ဘုရားကြီးဟု ဆိုပါသည်။ တကယ်လည်း အလျား ပေ ၆၀၀၊အမြင့်ပေ ၁၀၀ ရှိပြီး ကြီးမားလှပါသည်။ သို့သော်အနားကပ်ကြည့် သောအခါ ဘုရားဖူးတွေက ကွန်ကရစ်ရုပ်ပွားတော်၏ အထပ်အဆင့်ဆင့်သို့ ၀င်ရောက်နိုင်တာ တွေ့ရသည်။
ဘုရားတည်နေတာ နှစ်များ စွာ ကြာနေပြီဖြစ်သော်လည်း ပြီးဖို့အတော်ကြီးလိုပါသေးသည်။ ကျွန်တော်က သံမဏိငြမ်းတွေ ဆင်ထားသော ဘုရား၏ ဦးခေါင်း တော်ဘက်ကနေ ခြေရင်းအထိ လျှောက်လာခဲ့ပါသည်။ ကြမ်းပေါ်က အပေါက်တွေထဲ ကျွံမကျ အောင်လည်း သတိထားရပါ သည်။
ဗုဒ္ဓ၏ ဖြစ်တော်စဉ်များ၊ ဇာတ်နိပါတ်များနှင့် ငရဲခန်းများ ကို သရုပ်ဖော်ပုံများက ဘုရား၏ နံရံပေါ်မှာ ပြည့်နေပါသည်။ အ ချို့ပုံများက အတော်ကြောက်စရာကောင်းလှပါသည်။ ကလေးငယ်တွေက သည်ပုံတွေကို ကြောက် လန့်သလို ကြည့်နေကြပြီး မိဘ တွေလက်ကို တင်းတင်းဆုပ်ကိုင် ထားပါသည်။ သည်ဝင်းစိန်တောင်ကြားက ဘုရားမျက်နှာတော် အောက်နားနေရာနားမှာ ထိုနေရာနှင့် မဆိုင်လှသည့် ကြီးမားသော ရေလွှာလျှောစီးနေရာတစ်ခုတွေ့ ရပါသည်။ ထို့ကြောင့် ကျွန်တော် အနေဖြင့် ဗုဒ္ဓအပန်းဖြေဥယျာဉ် ကြီးထဲ ရောက်သွားသလိုမျိုး ခံ စားရပါသည်။
သည့်ထက်ကြီးသော လျောင်း တော်မှုရုပ်ပွားတော်အသစ်ကြီး ကိုလည်း အနားမှာ တည်နေကြ ပါသည်။ သို့သော် စီမံကိန်းကို နောက်က ဦးစီးနေသော ဆရာ တော်က ကျွန်တော်တို့ မရောက်မီ လွန်ခဲ့သော ရက်တွေက ပျံလွန်တော်မူသွားသဖြင့် သည်ဘုရားကြီး တည်ဆောက်ရေး အနာဂတ်စီမံကိန်းသည် ယခုအခါမသေချာ တော့ပါ။
ကလေးဘ၀က အင်္ဂလိပ် စာရေးဆရာကြီး ရုဒ်ကစ်ပလင် ၏ စာအုပ်များကို စိတ်ဝင်စားစွာ ဖတ်ရှုခဲ့သည့် ဂျော့အော်ဝဲလ် သည် ရုဒ်ကစ်ပလင်ဖွဲ့နွဲ့ပြသော ဟိုအဝေးမြေမြန်မာပြည်ကို အ သေအချာစိတ်ဝင်စားခဲ့မည်မှာ သေချာလှ၏။ သို့သော်လည်း ရုဒ် ကစ်ပလင်၏ မန္တလေးကဗျာမှာ ပင်လယ်ဆီသို့ အရှေ့မျှော်သည့် မော်လမြိုင်ဘုရားဟု ရေးဖွဲ့ခဲ့ပါ သည်။ သို့သော်တကယ်တမ်းမှာ ကျိုက်သလ္လန်ဘုရားက ပင်လယ် ဆီသို့ အနောက်ဘက်ကနေ မျှော် ကြည့်သည့်နေရာ၌ ရှိနေပါသည်။ ထို့ကြောင့် ၁၈၉၂ တွင် မြန်မာပြည်ကို ရောက်ခဲ့သည့် ရုဒ်ကစ်ပလင်နှင့် စစ်သားများ မြန်မာမိန်းကလေးတွေအလှမှာ မိန်းမူးသွားပြီး ဘုရားတည်နေရာကို ကောင်းကောင်းမမှတ်မိတာဖြစ်မည်ဟု ကျွန်တော်မှန်းဆမိပါသည်။
ဘုရားမှ ကျွန်တော်ပြန်ဆင်းလာသောအခါ ဘုန်းကြီးကျောင်းအပြင်ဘက်မှာ လပြည့်နေ့ပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွှဲနေသော လူအုပ်ကြီးနှင့် ကြုံရပါသည်။ ချက်ချင်းဆိုသလို ကျွန်တော့်ကို ပန်းကန်ပြားအပြည့် စတုဒိသာတွေ လာကျွေးကြပါသည်။ အစားအစာတွေ ခက်ရင်းဖြင့် ထိုးစားနေသော ကျွန်တော့်၏ပုံစံကို ဓာတ်ပုံရိုက်ပါရစေဟု ဒေသခံလူအတော်များများက ရှက်ကိုးရှက်ကန်းအမူအရာများဖြင့် ခွင့်တောင်းကြသည်။
ကျွန်တော့်ဘ၀မှာ သည်လောက် လူအများကြီး၏ ချစ်ခြင်းမေတ္တာကို ရရှိဖူးသည်မှာ ယခုတစ်ကြိမ်သာရှိပါလိမ့်မည်။
(ဂါဒီယန်းသတင်းစာက ခရီးသွားဆောင်းပါးရှင် ရစ်ချက်အီလာ၏ Burmese Days: in the foot steps of George Orwell ခရီး သွားဆောင်းပါးကို ထားထားမြင့် ဘာသာပြန်ဆိုသည်။)

Credit- 7Day Daily
0 comments:
Post a Comment