မားစ်ဗိုင်းရပ်စ် ကူးစက်ခံရသူကို ၂၀၁၂ ခုနှစ်က ဆော်ဒီအာရေဗီးယားမှာ စတင်တွေ့ရှိခဲ့ပြီး အရှေ့အလယ်ပိုင်း ဒေသမှာ အဓိက ရောဂါတစ်ခုအသွင် ဖြစ်ခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ ဒုတိယမြောက် မားစ်ဗိုင်းရပ်စ် (Middle East Respiratory Syndrome -MERS) ကူးစက်ခံရသူ တွေ့ရှိခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ယနေ့ (ဇန်နဝါရီ ၂၄ ရက်) အတည်ပြုပါတယ်။
ဘန်ကောက်မြို့ကို ရောက်ရှိလာတဲ့ အသက် ၇၁ နှစ်အရွယ် အိုမန် အမျိုးသားတစ်ဦးမှာ မားစ်ဗိုင်းရပ်စ် တွေ့ရှိရကြောင်း ပြည်သူ့ကျန်းမာရေးဝန်ကြီးက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားပါတယ်။
၎င်းအမျိုးသားဟာ ဟိုတယ်ကို တက္ကစီဖြင့်သွားခဲ့ပြီးနောက် ဆေးရုံတစ်ရုံမှာ ဗိုင်းရပ်စ် စစ်ဆေးမှုကို ခံယူခဲ့ရာက မားစ်ဗိုင်းရပ်စ် ရှိနေကြောင်း တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ အိုမန် အမျိုးသား ဘန်ကောက်ကို ရောက်ပြီးပြီးချင်းမှာပဲ ဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့တာကြောင့် ပြည်သူတွေ အနေနဲ့ အစိုးရိမ်မလွန်ကြဖို့ ကျန်းမာရေးဝန်ကြီးက ဆိုပါတယ်။
မားစ်ဗိုင်းရပ်စ် တွေ့ရှိရတဲ့ အမျိုးသားရဲ့ သားဖြစ်သူ အပါအဝင် အခြား လူ ၃၇ ဦးကို မားစ်ဗိုင်းရပ်စ် ကူးစက်မှုအတွက် စောင့်ကြည့်ခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ ပထမဆုံး မားစ်ဗိုင်းရပ်စ် တွေ့ရှိမှုအဖြစ် အိုမန်နိုင်ငံမှ လာရောက်သော စီးပွားရေးလုပ်ငန်းရှင် တစ်ဦးမှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
မားစ်ဗိုင်းရပ်စ်ဟာ ၂၀၀၃ ခုနှစ်က တရုတ်နိုင်ငံမှာ ကူးစက်ဖြစ်ပွားမှု ဆိုးရွားခဲ့တဲ့ ဆားစ်ဗိုင်းရပ်စ် (Severe Acute Respiratory Syndrome - SARS) နဲ့ ဆင်တူတဲ့ ဗိုင်းရပ်စ် ဖြစ်ပါတယ်။ မားစ်ဗိုင်းရပ်စ် ကူးစက်ခံရသူကို ၂၀၁၂ ခုနှစ်က ဆော်ဒီအာရေဗီးယားမှာ စတင်တွေ့ရှိခဲ့ပြီး အရှေ့အလယ်ပိုင်း ဒေသမှာ အဓိက ရောဂါတစ်ခုအသွင် ဖြစ်ခဲ့ပါတယ်။
Credit - Duwun

0 comments:
Post a Comment