ရေဘေးဒဏ်ကို အကြီးအကျယ်ခံခဲ့ရသော မင်းပြားမြို့နယ် ငါးရမရွာ အစိုးရထံမှ အကူအညီ လုံးဝ မရသေး


(ရေကျပြီး အိမ်တစ်အိမ်မြင်ကွင်း)
 ရန်ကုန်၊ သြဂုတ် ၅

 ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ငါးရမကျေးရွာတွင် အိမ်အလုံးပေါင်း ၂၀ ရေနှင့် အတူ မျောပါသွားခဲ့ပြီး ရွာသား ၇၅ ရာခိုင်နှုန်းမှာ အစားအစာ မလုံလောက်မှုနှင့် ရင်ဆိုင်နေရသော်လည်း ယခုအချိန်ထိ အစိုးရထံမှ အကူအညီ မရရှိသေးကြောင်း ယင်းကျေးရွာ ကျောင်းထိုင်ဆရာတော် ဦးပဏ္ဍိတက နိရဉ္စရာသို့ မိန့်ကြားသည်။

“ အခုအချိန်ထိ ဆန် ၅ အိတ်၊ ရေသန့်ဗူး ၅ ပါကင်၊ မက်မန်း ခေါက်ဆွဲ သုံးဖာဘဲ ရသေးတယ်။ ဒါကလည်း ရန်ကုန်က မေတ္တာမျှဝေ လူငယ် ပရဟိတ အဖွဲ့က လှူတာပါ။ အစိုးရဆီက မဟုတ်ပါဘူး” ဟု ဆရာတော်က မိန့်ကြားသည်။

ငါးရမ ကျေးရွာတွင် အိမ်ခြေ ၁၈၀ ရှိပြီး အများစုမှာ စားရေးသောက်ရေးနှင့် အခက်ကြုံနေရသည်ဟု ဆိုသည်။

“ ဦးဇင်းတို့ အုပ်စုမှာ ရွာလေးရွာ ရှိပါတယ်။ငါးရမရယ်၊ ၀င်းစားရွာရယ်၊ နောက် လောင်မီးနဲ့ ငါးပ၀ ရွာတို့ ဖြစ်ကြပါတယ်။ ဦးဇင်းတို့ရွာမှာဆိုရင် အများစုက အခက်အခဲကြုံနေရတယ်။ အနည်းစုကတော့ ဘာမှ မဖြစ်ခဲ့ဘူးပေါ့။ အများစုက အကူအညီတွေ အခုအချိန်ထိ ဘာမှ မရသေးဘူး။ ဒါကို အလှူရှင်တွေ သိအောင် ကြေညာပေးစေလိုပါတယ်” ဟု ဆရာတော်က ဆိုသည်။

ရွာတွင် စပါးကျီအများအပြား ရေနစ် ပျက်စီးခဲ့သလို စပါးစိုက်ခင်းများမှာလည်း ရွံ့နွံများ ဖုံးလွှမ်းနေကာ ပျက်စီးနေသည်ဟု ဆိုသည်။ ကျွဲနွား သေဆုံးမှုနှင့် ပျောက်ဆုံးမှုမှာ ကောင်ရေ ၈၀ ခန့်ရှိကြောင်း ဆရာတော်က ဆိုသည်။

ရွာသားများ လက်ရှိ အဓိက လိုအပ်နေသည်မှာ ဆန်နှင့် ရေသန့်ဗူး ဖြစ်ကြောင်း ဆရာတော်က မိန့်ကြားသည်။

Arakan State
https://www.facebook.com/NarinjaraNews
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment