အမေ့ချွေးမအလိမ္မာသစ်လေးအကြောင်း



သို့…အမေ…
တစ်ပင်လဲမူ တစ်ပင်ထူဆိုတဲ့စကားအတိုင်း အမေ့သား တစ်ယောက် အမေတို့ထိမ်းမြားခြင်းလျှင်ဝတ် ကို ထပ်မံ ပြည့်စေရန်အလို့ငှာ အမေ့အတွက် ချွေးမသစ်တစ်ယောက် ရှာပြီး ဖြစ်ကြောင်း နှုတ်က မပြောရဲလို့ တိုးတိုးတိတ် တိတ် facebook မှာ ဖွင့်ချလိုက်ပါတယ် အမေ။
အမေတွက်ဆထားတဲ့အတိုင်း အဆောင်မှာထမင်းမစားတတ်တဲ့ အမေ့သား ထပ်ရလာတဲ့အသစ်က လမ်းထိပ် ထမင်းဆိုင်က ကောင်မလေးပါပဲ အမေ။ ထမင်းဆိုင်ကဆိုလို့ မှုန်တေတေတော့ မလုပ်ပါနဲ့ အမေ။ သူက သမာအာဇီဝနဲ့ လုပ်ကိုင်စားသောက်နေသူလေးပါ။ အနေကလဲရိုး၊ မျက်နှာမှာလဲ အမြဲ သနပ်ခါးဘဲကြားလေး ကွက်ထားတတ်ပါသေးတယ်။ သနပ်ခါးနဲ့ဆိုလို့ ပုံတုံးကြီးလို့တော့ မထင်ပါနဲ့အုံး အမေ။ ဖွေးဖွေးကို အားကျပြီး ပေါင်နဲ့ကျောမှာ နှင်းဆီပန်းပုံ တက်တူးလှလှလေးတွေ ထိုးထားတယ်လို့ ပြောထားလို့ပါ အမေ။
ပညာအရည်အချင်းကတော့ သိပ်မရှိပါဘူး အမေ။ ဒါပေမယ့် ဥာဏ်တစ်အားကောင်းပါတယ်။ ဒီတစ်လလုံး ထွက်သမျှ ၂ လုံးထီ ဂဏန်း သူမသိတဲ့ဂဏန်း မရှိသလို ကိုရီးယားကားလာတဲ့လိုင်းမှန်သမျှ အချိန်နဲ့ လိုင်းနံပါတ်တွေလဲ အကုန် မှတ်မိပါတယ်။ ဖုန်းတွေတောင် နံပါတ်ကြည့်တာနဲ့ ဦးဘယ်သူဆိုပြီး တန်းသိတာပါ။
ပေါင်းသင်းဆက်ဆံရေးကောင်းချက်ကတော့ ဆိုင်မှာလာစားသမျှ ယောက်ျားလေးတိုင်း သူ့မခင်တဲ့သူ မရှိပါဘူး အမေ။ ကျား/မ ခွဲခြားတာကို သူမုန်းလို့ဆိုပြီး အားလုံးနဲ့ လက်ပွန်းတတီး နေတတ်ပါသေးတယ်။ သည်းခံတတ်ပုံ များကတော့ တစ်ချို့ တို့လိုက်ဆိတ်လိုက် လုပ်တာတောင် စိတ်မဆိုးတဲ့အပြင် ရယ်ပြုံးနေတာပါပဲ အမေ။
ထမင်းဆိုင်ကဆိုတော့ ထမင်းဟင်းလဲ ကောင်းကောင်းချက်တတ်တာပေါ့ အမေ။ သူတို့ဆိုင်ကို လာစားတဲ့သူအမြဲ ပြည့်နေတာက သက်သေပါ။ အမေ စားဖို့ချက်ဖို့ ပူစရာမလိုတဲ့ အလိမ္မာ အိမ်ပါလေး ဖြစ်မှာပေါ့။
နာဂစ်ဖြစ်ကတည်းက အမျိုးတွေအကုန်ပျောက်သွားတဲ့ တစ်ကောင်ကြွက်မလေးမို့လို့ နှစ်ဖက်ဆွေမျိုး မတည့်မှာလဲ စိုးရိမ်စရာ မလိုပါဘူး အမေ။ အိမ်မှာလဲ မပျင်းရအောင် သီချင်းလဲ ကောင်းကောင်းဆိုတတ် တယ်လို့ ပြောတယ် အမေ။ နေပြည်တော်က KTV မှာ ၂ နှစ်လောက် လုပ်ဖူးတယ်တဲ့။ နောက်ပြီး အလှပြင်ဆိုင်မှာလဲ လုပ်ဖူးသေးတယ်။ ဒါပေမယ့် အဲဒါက အလှပြင်ဆိုင် နာမည်ခံပြီး မာဆက် ဖွင့်ထားတာမို့လို့ သူက ၂ မျိုး တတ်သွားတယ်လို့ ပြောတယ် အမေ။ အမေညောင်းညာရင် ပူစရာမလိုဘူး၊သူနှိပ်ပေးမှာပေါ့။
အမေ့ချွေးမလောင်းက အချောလေးပီပီ စန်းကလဲ ပွင့်သလား မပြောနဲ့အမေ။ ကျောင်းသူဘ၀ကထဲက ၂ ခါ လောက် ခိုးရာလိုက်ပြေးဖူးသေးတယ်တဲ့။ အခုကတော့ နောက်ကြောင်း အကုန်ရှင်းပါတယ် အမေ။ မယုံရင် ရဲစခန်းသွားမေးကြည့်၊ အကုန်လုံး သူ့ကိုသိတယ်လို့ ပြောပါတယ်။
စကားပြော အိညှောင့်ညှောင့်၊ ကိုယ်လုံးက LCD လေးဆိုတော့ သားကတော့ ကြိုက်ပြီ အမေ။
အမေခွင့်ပြုတဲ့နေ့ အိမ်ခေါ်လာခဲ့ပါ့မယ်။
သားလိမ်မာလေး တိမ်တိမ်အေး။
Credit: Myo Zaw Aye
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment