တောင်တက်သမားနှစ်ဦးကို ကူရှာမည့် အမေရိကန် တောင်တက်အဖွဲ့ ယနေ့ရောက်မည်

ခါကာဘိုရာဇီရေခဲ တောင်တွင် ၁၈ ရက်ကြာ ပျောက်ဆုံးနေသော မြန်မာတောင်တက်သမားနှစ်ဦးကို ရှာဖွေကယ်ဆယ်ရန် အမေရိကန်မှ တောင်တက်အဖွဲ့သည် ယနေ့နံနက်တွင် ရန်ကုန်မြို့သို့ ရောက်ရှိမည်ဖြစ်ကြောင်း သတင်းရရှိသည်။ အမေရိကန်တောင်တက်အဖွဲ့ကို ဦးဆောင်သူမှာ မြန်မာ နိုင်ငံတွင် ဒုတိယအမြင့်ဆုံး ရေခဲတောင်ဟု သတ်မှတ်ထားသော ဂမ်လန်ရာဇီ တောင်ထိပ်သို့ အောင်မြင်စွာ တက်ရောက်နိုင်ခဲ့သူ အမေရိကန်တောင်တက်သမား အန်ဒီတိုင်ဆန် ဖြစ်သည်။ လက်ရှိ ကယ်ဆယ်ရေး ဆောင်ရွက်နေသော ထူးဖောင်ဒေးရှင်း၏ စက်တင်ဘာ ၁၈ ရက် ညပိုင်းထုတ်ပြန်ချက်အရ ၎င်း အမေရိကန်အဖွဲ့သည် ရန်ကုန်သို့ ဆိုက်ရောက်သည်နှင့် အချိန်မဆိုင်းဘဲ ကချင်ပြည်နယ်၊ ပူတာအိုသို့ ဆက်လက်ထွက်ခွာကြမည်ဖြစ်သည်။ ထို့နောက် ဦးတေဇဦးဆောင်သည့် ကယ်ဆယ်ရေးအဖွဲ့နှင့် ပူးပေါင်းရန် ခါကာဘိုရာဇီတောင်နှင့် အနီးဆုံးနေရာဖြစ်သော တဟွန်ဒမ်းရွာသို့ ရဟတ်ယာဉ်ဖြင့် သွားရောက်မည်ဟု ဆိုသည်။ အမေရိကန်အဖွဲ့သည် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ကယ်ဆယ်ရေးအဖွဲ့များနောက် ရောက်ရှိလာသည့် တတိယမြောက် ပြည်ပကယ်ဆယ်ရေးအဖွဲ့ ဖြစ်သည်။ ပျောက်ဆုံးတောင်တက်သမား နှစ်ဦးဖြစ်သူ အောင်မြင့်မြတ်နှင့် ဝေယံမင်းသူတို့ကို ရှာဖွေကယ်ဆယ်ရန် နီပေါနိုင်ငံမှ တောင်တက်အဖွဲ့ကိုလည်း စီးပွားရေးလုပ်ငန်းရှင် ဦးတေဇက ဆက်သွယ်ခေါ်ယူထားကြောင်း သိရသည်။ တောင်တက်သမားနှစ်ဦးကို ရှာဖွေကယ်ဆယ်ရန်အတွက် တက္ကသိုလ်ခြေလျင်နှင့် တောင်တက်အသင်း (သဘာဝခေါ်သံ ဖောင်ဒေးရှင်း)၊ ဦးတေဇဦးဆောင်သည့် ထူးဖောင်ဒေးရှင်း၊ ခါကာဘိုရာဇီ တောင်ထိပ်သို့ တက်ရောက်ခဲ့ဖူးသူ နမားဂျွန်ဆင် (ခ) အောင်ဆည်၊ တပ်မတော် (လေ)နှင့် ဒေသခံများက စက်တင်ဘာ ၁၁ ရက်နောက်ပိုင်းကတည်းက ရှာဖွေခဲ့သည်။ ပထမဆုံး ပြည်ပကယ်ဆယ်ရေးအဖွဲ့အဖြစ် စကိုင်းဘလူးအမည်ရှိ တရုတ်နိုင်ငံမှ အကြီးဆုံး အရပ်သားကယ်ဆယ်ရေးအဖွဲ့ သည် စက်တင်ဘာ ၁၃ ရက်က ရောက်ရှိလာခဲ့သည်။ ယင်းအဖွဲ့ မှာ ရဟတ်ယာဉ်အသုံးပြု၍ ရှာဖွေမည်ဖြစ်သည့်အတွက် ရာသီဥတုမကောင်း၍ ရှာဖွေရေးလုပ်ဆောင်ရန် မသေချာဘဲ ယင်း ကယ်ဆယ်ရေးအဖွဲ့မှပင် အဖွဲ့ ၀င် ရှစ်ဦးသည် ပူးပေါင်းကူညီရန် ခါကာဘိုရာဇီတောင်နှင့် အနီးစပ်ဆုံးဖြစ်သည့် တရုတ်နိုင်ငံ၊ တိဗက်ခရိုင်အတွင်းသို့ ရောက်ရှိနေသည်ဟု ဆိုသည်။ ထို့နောက် ထိုင်းနိုင်ငံမှ ကူညီပေးမည့် ကယ်ဆယ်ရေး ရဟတ်ယာဉ်သည် စက်တင်ဘာ ၁၆ ရက် ညနေတွင် ရောက်ရှိခဲ့ကြောင်း သိရသည်။ လက်ရှိတွင်ပျောက်ဆုံးနေသည့် တောင်တက်သမားနှစ်ဦးကို လွန်ခဲ့သော ၁၈ နှစ်က ခါကာ ဘိုရာဇီတောင်တက်ခဲ့သော ဒေသခံ နမားဂျွန်ဆင်ဦးဆောင်သည့် ဒေသခံများပါဝင်သော မြေပြင် ရှာဖွေရေးအဖွဲ့က ရှာဖွေရေး လုပ်ဆောင်လျက်ရှိသည် ဧ၀ရက်တောင်တက်ရောက်ရန် လေ့ကျင့်ထားသည့် တောင်တက်သမား နှစ်ဦးလည်း တဟွန်ဒမ်းရွာသို့ ရောက်နေကြောင်း မြေပြင်ရှာဖွေရေးအဖွဲ့ဖြင့် ပူးပေါင်းဆောင်ရွက်သည့် ထူးဖောင်ဒေးရှင်းမှ သိရ သည်။ တောင်ခြေစခန်းအထိ တက်ရောက်ခဲ့သည့် တက္ကသိုလ်ခြေလျင်နှင့် တောင်တက်အသင်းက (သဘာဝခေါ်သံဖောင်ဒေးရှင်း) မှ အဖွဲ့ဝင်ခြောက်ဦးသည် စက်တင် ဘာ ၁၆ ရက် ညနေတွင် တဟွန်ဒမ်းမှ ပူတာအိုသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ရန် ရန်ကုန်မြို့သို့ ပို့ဆောင်ပေးသည်ဟု သိရသည်။ တောင်တက်သမား အောင်မြင့်မြတ်နှင့် ဝေယံမင်းသူတို့သည် သြဂုတ် ၃၁ ရက် ညနေ ၅ နာရီ ကျော်က ခါကာဘိုရာဇီတောင်ထိပ်သို့ ရောက်ရှိကာ အလံစိုက်နိုင်ပြီးက တည်းကတောင်ခြေစခန်းရှိ ကျန်အဖွဲ့သားများနှင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့ခြင်းဖြစ်သည်။ ခါကာဘိုရာဇီတောင်ထိပ်သို့ ၁၉၉၆ ခုနှစ်က ဂျပန်လူမျိုး တာကာရှိ အိုဇာကီနှင့် တိဗက်လူမျိုး မြန်မာနိုင်ငံသား နမားဂျွန်ဆင်(ခ) အောင်ဆည်တို့ ပထမဆုံးအကြိမ်အဖြစ် တက်ရောက်ခဲ့ပြီးနောက် ယခုတောင်တက်အဖွဲ့ မှ ပထမဆုံးအကြိမ်အဖြစ် တက်ရောက်ခြင်းဖြစ်သည်။ ခါကာဘိုရာဇီတောင်သည် မြန်မာနှင့် အိန္ဒိယ၊ တရုတ်နိုင်ငံ တို့နှင့် ထိစပ်ရာ မြန်မာနိုင်ငံ မြောက်ဖျား၊ ကချင်ပြည်နယ် နယ်နိမိတ်အတွင်းရှိ ဟိမ၀န္တာ တောင်တန်းအရှေ့ဘက်တွင် တည်ရှိသည်။ ကချင်ပြည်နယ် ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်တွင် တည်ရှိသည့် ခါကာဘိုရာဇီမှာ ၅,၈၈၁ မီတာ(၁၉,၂၉၆ ပေ) အမြင့်ရှိကြောင်း ၁၉၂၅ ခုနှစ်က ပြုလုပ်ခဲ့သော ပထ၀ီလေ့လာမှု စစ်တမ်းတစ်ရပ်အရ တိုင်းထွာ နိုင်ခဲ့ပြီး အရှေ့တောင်အာရှ၏ အမြင့်ဆုံးတောင်အဖြစ် သတ်မှတ်ထားသည်။ Source : 7daydaily.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment