ဘ၀တူများကို ကူညီနေသည့် မြေမြှုပ်မိုင်းဒဏ်သင့်ခဲ့သူတစ်ဦး10

တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်သည့် ကိုကျော်ဝင်း (၃၅ နှစ်) က ၎င်း၏ ဘ၀ကို ပြောင်းလဲ စေခဲ့သော ၂၀၀၃ ခုနှစ်တွင်းမှ နေ့စွဲ တစ်ရက်ကို ပြန်လည် တွေးတောရင်း ခေါင်းကို ခါယမ်း လိုက်သည်။

“တစ်ခုခုတော့ ဆိုးဆိုးဝါးဝါး ဖြစ်တော့ မယ်လို့ စိတ်ထဲမှာ ထင့်နေခဲ့တာ” ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံ အရှေ့ပိုင်းမှ ထူထပ်သည့် တောနက်အတွင်း ကင်းလှည့်နေစဉ် ကိုကျော်ဝင်းမှာ မြေမြှုပ်မိုင်းကို နင်းမိခဲ့ခြင်း ဖြစ်သည်။

“ပေါက်ကွဲသံက အကျယ်ကြီးပဲ၊ လွင့်ထွက်ပြီး ပြန်ကျလာတဲ့ ကိုယ့်ခြေထောက်ကို ပြန်မြင်လိုက်ရတယ်၊ နောက်တော့ သွေးတွေ အရမ်းထွက်ပြီး သတိမေ့သွားတယ်” ဟု ထိုနေ့က အဖြစ်အပျက်ကို ပြန်ပြောပြသည်။

ကိုကျော်ဝင်းကို စစ်မြေပြင် ယာယီဆေးကုသစခန်းသို့ ခေါ်ဆောင်သွားကြကာ ခွဲစိတ်မှု သုံးကြိမ် ပြုလုပ်ပြီးနောက် ၎င်း၏ ညာဘက်ခြေထောက်မှာ ဒူးခေါင်းရင်းနေရာအထိ ငုတ်တိုကလေးသာ ကျန်ရစ်ခဲ့တော့သည်။

ကိုကျော်ဝင်းသည် အသက် ၁၅ နှစ်တွင် စစ်အစိုးရကို ဆန့်ကျင်တော်လှန်နေသည့် ကရင်နီ လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေး တပ်ဦး (KNPLF) သို့ ၀င်ရောက်ခဲ့ပြီး ၎င်း၏ လူငယ်ဘ၀မှာ အစိုးရစစ်တပ်အပါအ၀င် အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဖြစ်သည့် စစ်ပွဲများဖြင့်သာ ကုန်လွန်ခဲ့ရသည်။ သို့ရာတွင် ၂၀၁၂ ခုနှစ်က တိုင်းရင်းသား လက်နက်ကိုင်များအဖွဲ့များနှင့် အစိုးရစစ်တပ်တို့အကြား အပစ်အခတ်ရပ်စဲလိုက်ချိန်တွင် ၎င်းသည် တိုက်ရခိုက်ရသည့် နေ့စွဲများအား ကျော်လွန်လာခဲ့သည်။

ကိုကျော်ဝင်းက အခြား မြေမြှုပ်မိုင်းဒဏ်သင့်ခဲ့ရသူများနှင့် မသန်စွမ်းများအား ကူညီနေသူ အဖြစ် မိမိကိုယ်ကိုယ် ညွှန်းဆိုသည်။

လွိုင်ကော်ရှိ ခြေတုလက်တုများ ထုတ်သည့် အလုပ်ရုံတစ်ခုတွင် ၎င်းနှင့် အလုပ်သမားအဖွဲ့တစ်ဖွဲ့သည် ခြေတုလက်တုများကို အရွယ်အစားစုံလင်စွာ ပြုလုပ်လျက်ရှိသည်။ အဆိုပါ အလုပ်ရုံသည် အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေး ကော်မတီ (IRC) မှ စစ်ဘေးဒဏ်သင့်သူများအတွက် လှုပ်ရှားဆောင်ရွက်ပေးသည့် အစီအစဉ်များစွာအနက်မှ တစ်ခုအနေဖြင့် ဖွင့်လှစ်ထားခြင်း ဖြစ်သည်။

ဤအလုပ်ရုံမှ ခြေတုလက်တုများ ထောက်ပံ့ပေးခဲ့သူများအနက် အများစုမှ မြေမြှုပ်မိုင်းဒဏ် သင့်ခဲ့သူများ ဖြစ်၏။ မြန်မာနိုင်ငံသည် အာဖဂန်နစ္စတန်၊ ကိုလံဘီယာတို့ပြီးလျှင် ကမ္ဘာတွင် မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူနှင့် သေဆုံးမှုနှုန်းအမြင့်ဆုံး နိုင်ငံတစ်ခု ဖြစ်နေကြောင်း ဆွစ်ဇာလန်အခြေစိုက် Geneva Call အဖွဲ့အစည်းက ထုတ်ပြန်ထားသည်။

“မြေမြှုပ်မိုင်းသင့်လို့ သေဆုံးမှုတွေက ဆက်ဖြစ်နေတယ်၊ နှစ်စဉ်ဆိုသလို သေရာပါတဲ့အထိ ကိုယ်လက်အင်္ဂါ ချို့ယွင်း သွားရသူတွေလည်း ထောင်ပေါင်းများစွာ ရှိတယ်” ဟု IRC ၏ မြန်မာနိုင်ငံဆိုင်ရာ ကျန်းမာရေး အစီအစဉ်များ ညွှန်ကြားရေးမှူး ဒေါက်တာစိန်လှိုင်က ပြောကြားသည်။

IRC ၏ အကူအညီပေး ၀န်ထမ်းများက ဝေးလံခေါင်းသီသော ကျေးရွာများတွင် မြေမြှုပ်မိုင်း ရုတ်တရက် ပေါက်ကွဲမှုမှ ကာကွယ်ရန် မြေမြှုပ်မိုင်း သတိ အစဉ်ရှိရေး သင်တန်းများ ပို့ချပေးကြသည်။

“စစ်တပ်က အသုံးပြုခဲ့တဲ့ နယ်နိမိတ်တွေနဲ့ အသုံးမပြုဘဲ ထားခဲ့တဲ့ ခြေလျင်လမ်းနဲ့ အခြားလမ်းတွေကို မသွားလာဖို့ သူတို့ကို ပြောပြပေးတယ်” ဟု ဒေါက်တာ စိန်လှိုင်က ဆိုသည်။

ဦးဘူရာ (၅၁ နှစ်) သည် ခြေတုသစ်တစ်ခုလုပ်ရန် အထက်ပါ အလုပ်ရုံသို့ လာခဲ့သည်။ ၎င်း၏ ရွာအနီးမှ သစ်တောတွင်းသို့ အမဲလိုက်ထွက်စဉ် မြေမြှုပ်မိုင်းဒဏ်သင့်၍ ယခုလို ခြေထောက်တစ်ဖက် ဆုံးရှုံးသွားခြင်း ဖြစ်သည်။

“ဘ၀ရှင်သန်ရပ်တည်ရေး ခက်ခဲလာခဲ့တယ်၊ အမဲလိုက်လို့ မရတော့ဘူး၊ လမ်းလျှောက်ရတာတောင် အနိုင်နိုင်ရယ်၊ တောထဲမှာ မြေမြှုပ်မိုင်းတွေ အများကြီး ရှိနေတော့ ကျွန်တော့် သားတွေကိုလည်း အမဲမလိုက်စေချင်ဘူး” ဟု ဦးဘူရာက ပြောသည်။

ကိုယ်တိုင် ပြုလုပ်ထားသည့် သစ်သား ချိုင်းထောက်တစ်ချောင်းကိုသာ အားကိုးနေရသော ဦးဘူရာမှာ နေအိမ် အကျယ်ချုပ် ကျနေသကဲ့သို့ပင် ဖြစ်၏။

ထိုနေ့က ကိုကျော်ဝင်းသည် ဆောင့်ကြောင့်ထိုက်လျက် ဦးဘူရာနှင့် အံကိုက်မည့် လုံခြုံစိတ်ချရသည့် ခြေတုသစ် တစ်ခုကို အကျအနလုပ်ပေးနေသည်။

“ခြေတုလက်တုတွေ လုပ်တတ်ဖို့ အချိန်အတော်ကြာ သင်ယူခဲ့ရတယ်၊ ဒီလို ကျွန်တော်နဲ့ ဘ၀တူတွေအတွက် အကူအညီပေးနေရတာကိုလည်း ပျော်ရွှင်မိတယ်” ဟု ကိုကျော်ဝင်းက ဖွင့်ဟခဲ့သည်။

ကျော်လင်းထွန်း
__Ref: A Landmine Survivor dedicates himself to helping other disabled people (Rescue.org)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment