အကယ်ဒမီ လွင်မိုးက ကလောမြို့မှာ ဖြူစင်ကုမ္ပဏီနဲ့ ပူးပေါင်းပြီး အိမ်ရာစီမံကိန်း တစ်ခုလုပ်ဆောင်နေပါတယ်။ အဲဒီ ရင်းနှီးမြှုပ်နှံမှု နဲ့ပတ်သက်ပြီး မင်းသား လွင်မိုးက ”ကလော မှာတော့ အစ်ကိုတို့ ‘ဝ’မင်း ကုမ္ပဏီနဲ့ ‘ဖြူစင်’ ကုမ္ပဏီတို့ နှစ်ခု ပူးပေါင်းပြီးတော့ အိမ်ရာ စီမံ ကိန်းတစ်ခု လုပ်နေတာပါ” လို့ ပြော ပြခဲ့ပါတယ်။
အောင်မြင် ကျော်ကြားတဲ့ အနု ပညာရှင် မင်းသား လွင်မိုးဟာ စီးပွား ရေးလောကထဲကို ရောက်ရှိနေခဲ့တာ ကာလအားဖြင့် ကြာမြင့် လာတာ နဲ့ အညီ ရင်းနှီးမြှုပ်နှံထားတဲ့ စီးပွား ရေး လုပ်ငန်းတွေဟာလည်း တစ်စထက် တစ်စ များလာနေပါတယ်။ အခုလက်ရှိမှာတော့ မင်းသား လွင်မိုး ပိုင်တဲ့ ‘ဝ’ မင်း ကုမ္ပဏီ အနေနဲ့ လွိုင်ကော်မြို့ပေါ်မှာ ရင်းနှီးမြှုပ်နှံ မှု တွေကို လုပ်ဆောင်လျက် ရှိနေပါတယ်။ အဲဒါတွေ ကတော့ လွိုင်ကော်မြို့ ခရီးသွားလာရေး ကဏ္ဍကိုပါ မြှင့်တင်ပေးနိုင်မယ့် Resort အဆောက်အအုံ တစ်ခု ကို တည်ဆောက်နေတာဟာ အခုဆိုရင် ၉၅ ရာခိုင်နှုန်းပြီးစီးနေပါပြီ။
နောက်တစ်ခု ကတော့ အပန်းဖြေ ဂေါက်ကွင်း ကိုလည်း လေလံဆွဲတာ အောင်မြင် သွားခဲ့တဲ့အတွက် အခုအချိန် မှာတော့ ပြန်လည်ပြုပြင် တဲ့ လုပ်ငန်းတွေကို လုပ်ဆောင်နေ ပါတယ်။ ပြီးစီးတော့မယ့် Resort ရဲ့နာမည်ကိုတော့ မင်းသားလွင်မိုးက Kayah Resort လို့ အမည် ပေးထားကြောင်း ပြောပါတယ်။ Kayah Resort ရဲ့ အထင်ကရ လိုဂို တံဆိပ်ပုံစံ ကိုတော့ ကယား တိုင်းရင်းသူ ကယန်းကြေးကွင်းပတ် အမျိုးသမီး တစ်ဦး ရဲ့သဏန်ကို ပုံဖော် ထားပါတယ်။ မင်းသားလွင်မိုး ကတော့ ဘာကြောင့် လွိုင်ကော်မြို့မှာ ရင်းနှီးမြှုပ်နှံမှု လုပ်ဖြစ်ခဲ့ ရသလဲဆိုတဲ့ အကြောင်း ကို ”မြန်မာနိုင်ငံ တစ်နိုင်ငံလုံးမှာ လွန်ခဲ့တဲ့ ၃ နှစ်လောက်က အထိ အစ်ကို မရောက်ဖူး တဲ့နေရာ မရှိခဲ့ဘူး။ တစ်နိုင်ငံလုံး ရောက်ဖူးတယ်။ ဒါပေမဲ့ လွိုင်ကော် ဆိုတဲ့ နေရာကို မရောက်ခဲ့ဖူးဘူး။ အကြိမ်ကြိမ် ကြိုးစားခဲ့သေးတယ်။ အကြောင်းကြောင်းကြောင့် မရောက် ဖြစ်ခဲ့ဘူး။ အဲဒါကတော့ အစ်ကို့ရဲ့ ‘လွင်မိုး ခရီးသွားနေသည်’ Documentary ကဏ္ဍရိုက်ခဲ့တဲ့ အချိန်တုန်းကပေါ့။ နောက်ပိုင်း သရုပ်ဆောင် အလုပ်က အနားယူပြီး စီးပွားရေး လုပ်ငန်းလုပ်တဲ့ အခါကျတော့ သတ္တု လုပ်ငန်းနဲ့ ပတ်သက်ပြီး လေ့လာဖို့ ပထမဆုံး အကြိမ်အနေနဲ့ လွိုင်ကော်ကို ရောက်လာခဲ့တယ်။ လွိုင်ကော် ကို ရောက်လာတော့ ဒီမြို့ ရဲ့အနေအထားကို ကျွန်တော်လေ့ လာတယ်။ ပြည်နယ် တစ်ခုဖြစ်တဲ့ လွိုင်ကော် မြို့တော်မှာ လိုအပ်ချက်တွေ ရှိနေတယ်။ ဖွံ့ဖြိုး တိုးတက်မှု နောက်ကျနေတယ်။ ဘာသွားတွေ့လဲ ဆိုတော့ လွိုင်ကော်ကို လာရောက် လည်ပတ်တဲ့ ဧည့်သည်တွေ အတွက် နေရာ၊ တည်းခိုစရာ ဟိုတယ် တစ်ခု လို အပ်နေတာကိုတွေ့ရတယ်။ အဲဒီအချိန်မှာ အစ်ကို ဟိုတယ်တစ်ခု တည်ဆောက်ချင်တဲ့ ဆန္ဒဖြစ်လာတယ်။ အဲဒါနဲ့ သတ္တု လုပ်ငန်းလုပ်ရင်း သတ္တု လုပ်ငန်းက လုပ်ရ ကိုင်ရ ခက်တာရယ်၊ အဆင်မပြေမှုတွေက များလာတယ်။ အဲဒါနဲ့ အစ်ကိုရဲ့စိတ်အာရုံ ကိုပြောင်းလိုက်ပြီး ဟိုတယ် တစ်ခုကို ဘယ်လို လုပ်မလဲ၊ လွိုင်ကော်မြို့ ရဲ့ အခြေအနေ ကို လေ့လာ သုံးသပ်တယ်။ လွိုင်ကော်မြို့ အနီးဝန်း ကျင်မှာ စိတ်ဝင်စားစရာ ကောင်းတဲ့ ကယန်း၊ ပဒေါင် ဆိုတဲ့ တိုင်းရင်းသားတွေ ရှိတဲ့အပြင် လည်ပတ်စရာနေရာ လည်း ရှိတယ်။ ဂေါက်ကွင်းရှိ တယ်။ လေဆိပ်လည်း ရှိတယ်ဆိုတော့ အဲဒါနဲ့ ဟိုတယ် လုပ်ငန်းကို စလုပ် ဖို့အတွက် ဖြစ်လာခဲ့တယ်”လို့ မင်းသား လွင်မိုးက ရှင်းပြပါတယ်။
Kayah Resort ကို စတင်ပြုပြင်တည်ဆောက် တာကတော့ လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက် ကတည်းက စတင်ခဲ့ တာဖြစ်တယ် လို့ ပြောတဲ့ မင်းသားလွင်မိုးက
”ဒီနေရာလေး ကအရင်က ဟိုတယ် တစ်ခုတည်ဆောက်ထားတဲ့ နေရာပါ။ သူတို့တွေ ဆက်မလုပ်ဖြစ် တော့ အစ်ကိုက ဝယ်လိုက်တယ်။ သူတို့တည်ဆောက် ထားတဲ့ ဟာကို အဆင့်မြှင့် ပြန်ပြုပြင်တယ်။ ရေကူး ကန်တွေ ထည့်တယ်။ ၉ လလောက် နဲ့ အပြီးပြုပြင် တည်ဆောက်နေတယ်။ အခုကတော့ ၉၅ ရာခိုင်နှုန်း ပြီးနေပြီ။ တစ်လ အတွင်း မှာတော့ တစ်ရာ ရာခိုင်နှုန်းပြီးပါမယ်” လို့ ကိုလွင်မိုးကပြောပြပါတယ်။
Kayah Resort ရဲ့တည်နေရာ ကတော့ လွိုင်ကော်လေဆိပ် အနီးရှိ ၁ဝ လမ်း နဲ့ ခွန်းလီ လမ်းထောင့်မှာ တည်ရှိပါတယ်။ Kayah Resortရဲ့ အရှေ့ တည့်တည့် မှာတော့ ဂေါက်ကွင်း တည်ရှိနေပါတယ်။ အဲဒီဂေါက်ကွင်း ဟာလည်း မင်းသား လွင်မိုးပိုင်တဲ့ ‘ဝ’မင်း ကုမ္ပဏီက လုပ်ငန်းလုပ်ကိုင်ခွင့် လေလံအောင်ထားတာဖြစ်ပါ တယ်။
Kayah Resort ကိုတော့ ဇွန်လ ၁၅ ရက်နေ့က စပြီးတော့ ဧည့်သည် လက်ခံကာ လုပ်ငန်းလည်ပတ်နိုင်မှာ ဖြစ်ပြီး ဖွင့်ပွဲကိုတော့ လာမယ့် စက်တင်ဘာလ ထဲမှာ ပြုလုပ်နိုင်ဖို့ စီစဉ်ထား တယ်လို့ သိရပါတယ်။
ထက်လူ
Source:popularmyanmar.com
0 comments:
Post a Comment