ဦးနှောက်သွေးယိုစိမ့်ပြီး မူးလဲသွားတာကြောင့် နေပြည်တော် ကုတင်တစ်ထောင် ၁၀၀၀ ဆေးရုံအရေးပေါ် ကုသဆောင်မှာ တက်ရောက်ကုသခဲ့ရတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖံွ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းကို စင်ကာပူနိုင်ငံမှာ ဆေးကုသဖို့အတွက် ဒီနေ့ ပို့ဆောင်လိုက်ပါတယ်။
ဦးအောင်သောင်းဟာ ဦးနှောက်သွေးကြောဖောင်းပြီး ပေါက်တာဖြစ်တဲ့အတွက် အခြေအနေ စိုးရိမ်ရတယ်လို့ ဦးအောင်သောင်းကို ကုသပေးနေတဲ့ ကုတင်တစ်ထောင်ဆေးရုံက ဦးနှောက်ခွဲစိတ် အထူးကုဆရာ ဝန်ကြီး ဒေါက်တာမြတ်သူဝင်းက ပြောပါတယ်။
"ဦးနှောက်သွေးကြေးဖောင်းပြီး ပေါက်သွားတာပေါ့နော် အခြေအနေကတော့ စိုးရိမ်ရတယ်၊ ကျနော်ဒီလောက်ပဲပြောလို့ရမယ်"
ဦးအောင်သောင်းကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနဲ့ ၀န်ကြီးတွေ ကြံ့ခိုင်ရေးနဲ့ ဖံွ့ဖြိုးရေးပါတီ ခေါင်းဆောင်တွေ သွားရောက်ကြည့်ရှုခဲ့ပါတယ်။
ဦးအောင်သောင်းဟာ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ တောင်သာမြို့နယ်ကနေ ရွေးချယ်ခံခဲ့ရ တာဖြစ်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖံွ့ဖြိုးရေးပါတီရဲ့ ဗဟိုအတိုင်ပင်ခံလည်း ဖြစ်ပါတယ်။
ဦးအောင်သောင်းဟာ အကြမ်းဖက်မှု၊ ဖိနှိပ်မှု၊ အဂတိလိုက်စားမှုတွေနဲ့ မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးကို အနှောင့်အယှက်ပေးနေသူအဖြစ် အမေရိကန်အစိုးရ ဘဏ္ဍာရေးဌာနက ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ပိတ်ဆို့ အရေးယူခံထားရသူလည်း ဖြစ်ပါတယ်။
RFA Burmese
http://www.rfa.org/burmese
0 comments:
Post a Comment