လာမည့် ရွေးကောက်ပွဲတွင် ကျားခေါင်း SNLD ပါတီ ၀င်ရောက်ယှဉ်ပြိုင်မည်


 ဂျူလိုင်လ ၁၀ ရက် ၂၀၁၅

 ကျားခေါင်းပါတီဟု လူသိများသော သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ပါတီမှ လာမည့် ရွေးကောက်ပွဲတွင် လွှတ်တော် သုံးရပ်စလုံးအတွက် ၁၅၈ နေရာ ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ပါတီဥက္ကဌ ဦးခွန်ထွန်း ဦး မှ ပြောသည်။

‘ ကျနော်တို့ပါတီအနေနဲ့က ၁၅၈ နေရာလောက်ပြိုင်မယ်။ သျှမ်း၊ ကချင် ၊ကယားနဲ့ မန္တလေး တိုင်း တို့မှာပါ ‘ ဟု ဦးခွန်ထွန်းဦးက ဂျူလိုင်လ ၁၀ ရက်နေ့က သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးတောင်ကြီးခရီးစဉ်မှ အပြန် သျှမ်းသံတော်ဆင့်အား ပြောသည်။

ရွေးကောက်ပွဲဝင်ရောက်မည်မှာ သေချာနေပြီဖြစ်သော်လည်း လွှတ်တော်နှင့် မဲဆန္ဒနယ်အလိုက် ၀င်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းစာရင်းနှင့် ပတ်သက်၍ မကြာခင် တွင် ကျင်းပမည့် အလုပ်အမှုဆောင် အစည်းဝေး တွင်ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း လည်း ဦးခွန်ထွန်းဦးက ပြောသည်။

ပါတီအလိုက်မဟာမိတ်ကိစ္စနှင့် ပတ်သက်၍ ‘ သျှမ်းပါတီအချင်းချင်းတော့ ညှိမှာမဟုတ်ဘူး။ ဒါပေမဲ့ NLD ကတော့ ဘယ်လိုရှိမလဲမပြောတတ်ဘူး။ မဟာမိတ်ဟောင်း ဆိုပေမဲ့ ခုထိဘာမှ ပြောလာတာ မရှိသေးဘူး။ ‘ ဟု
ဦးခွန်ထွန်းဦးက ပြောသည်။

သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှာ ၂၀၁၀ က ပြုလုပ်ကျင်းပ ခဲ့သည့် ရွေးကောက်ပွဲတွင် အခြေခံ ဥပဒေကို လက်မခံသဖြင့် ၀င်ရောက် ယှဉ်ပြိုင်ခြင်း မရှိခဲ့ပဲ ပါတီပြန်လည်ထူထောင်ပြီးနောက်ပိုင်းတွင်လည်း အခြေခံဥပဒေပြင်ဆင်နိုင်မှုအပေါ်မူတည်ပြီး ရွေးကောက်ပွဲ ၀င်သင့် မ၀င်သင့်ကိုစဉ်းစားဆုံးဖြတ်သွားမည်ဟု ယခင်က ထုတ်ဖော်ပြော ဆိုထားသည်။

ကျင်းပပြီးစီးခဲ့သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးဆွေးနွေး မှုများတွင် ပြည်နယ်နှင့် တိုင်း ဒေသကြီးများ အတွက် ဇယား ၂ ဥပဒေပြုရေး နှင့် ဇယား ၅ အခွန် ကောက်ခံခွင့်တို့နှင့်ပတ်သက်သည့်အချက် အချို့ကို သာ ပြင်ဆင်နိုင်ခဲ့ပြီး တိုင်းရင်းသားပြည်သူများလိုလားနေသည့် အဓိက ကျသော ပုဒ်မများမှာ ပြင်ဆင်နိုင်ခြင်း မရှိခဲ့ ပေ။

‘ အခုလို ၀င်ဖို့ဆုံးဖြတ်တာက ပြည်သူကတောင်းဆို တာကြောင့်လည်း ပါသလိုတဘက်မှာလည်း ၂၀၁၅ ရွေး ကောက်ပွဲ အပြီး ဖြစ်လာမဲ့အခင်း ကျင်းမှာလွှတ်တော်ထဲမှာ အတိုက်ခံတွေ ဘယ်လောက် နေရာယူထား နိုင် သလဲဆိုတာက အရေးပါပြီး ဖွဲ့စည်းပုံပြင်ဆင်ရေးလိုကိစ္စတွေ ကလည်း အဲဒီအခြေနေ တွေအပေါ်မူတည်ပြီး ဆုံးဖြတ်နိုင်တာကြောင့် ဖြစ်ပါတယ်။’ ဟု ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ရခြင်းနှင့် ပတ်သက် ၍ ဦးခွန်ထွန်းဦး က ပြောသည်။

ကျားခေါင်းခေါ် SNLD ပါတီမှာ ၁၉၉၀ ရွေးကောက်ပွဲကာလတွင် တည်ထောင် ခဲ့သည့် ပါတီဖြစ်ပြီး အဆိုပါ ရွေးကောက်ပွဲတွင် ဒုတိယနေရာအများဆုံး အနိုင်ရသည့် ပါတီဖြစ်ခဲ့သည်။ ၂၀၀၅ ခုနှစ်က ပါတီ ခေါင်းဆောင် များ အဖမ်းခံရသဖြင့် ၂၀၁၀ ရွေးကောက်ပွဲကို လည်း ၀င်မပြိုင်ခဲ့ပေ။ ခေါင်းဆောင် များထောင်ဒဏ်မှ ပြန်လည်လွှတ်မြောက်ခဲ့ပြီးနောက် ၂၀၁၂ ခုနှစ်မှသာ ပါတီမှတ်ပုံ ပြန်တင်ခဲ့ပါသည်။

သျှမ်းသံတော်ဆင့်/ စိုင်းထွန်းအောင်လွင်
https://www.facebook.com/Panglong.burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment