5 Star အဖွဲ့နှင့် ပရဟိတအသင်း (၅၀) ကျော် စုပေါင်းပြီး ဈေးရောင်းပွဲတော်နှင့် ဖျော်ဖြေပွဲ ကျင်းပမည် ဖြစ်ကြောင်း 5 Star Happy Nation Donation Network မှ ဒုတိယဥက္ကဋ္ဌ မျောက်ရှုံးက ပြောသည်။ အဆိုပါပွဲကို ရေဘေးသင့် ဒေသများ ပြန်လည် ထူထောင်ရေးအတွက် ပရဟိတ အသင်းများ အနေဖြင့် ထိထိရောက်ရောက် စုပေါင်းလှူဒါန်း နိုင်စေရန်နှင့် ပရဟိတ အသင်းများ အချင်းချင်း ပိုမိုရင်းနှီးချစ်ခင်စွာ ပူးပေါင်းဆောင်ရွက် လာနိုင်စေရန် ရည်ရွယ်ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။ “ပရဟိတဆိုတာ တကယ် ရှိသင့်ပါတယ်။ ရေဘေးအတွက် ပရဟိတတွေ အများကြီး လုပ်နေကြပါတယ်။ အပြင်ပိုင်း ပျက်စီးသွားပေမယ့် အတွင်းပိုင်း စိတ်ကိုလည်း ပြုပြင်သင့်ပါတယ်။ ရေဘေးကြောင့် ပရဟိတအသင်းတွေ ပေါ်လာတယ်။ ရေဘေးလည်း ပြီး ရော ပရဟိတအသင်း တွေ ပျောက်ကုန် တယ်။ အဲလို မဖြစ် စေချင်ဘူး။ ပညာရေးရော ပြုပြင်ပေးသင့်ပါတယ်။ ဒါကို ကျွန်တော်တို့ 5 Star အဖွဲ့ တစ်ခုတည်းနဲ့ မလုပ်နိုင်ဘူး။ အားလုံးဝိုင်းဝန်း ကူညီပါ။ ကျွန်တော်တို့ ဘက်ကလည်း စွမ်းနိုင်သလောက် လုပ်မယ်။ ကျွန်တော်တို့ မစွမ်းတာကိုတော့ ပရဟိတ အသင်းအဖွဲ့တွေက ကူညီကြပါတယ်။ ရေရှည်တည်တံ့အောင် လုပ်သွားမှာပါ။ ပြည်သူတွေရဲ့ မျက်ရည်တွေ သုတ်နိုင်အောင် ကျွန်တော်တို့ လုပ်သွားမှာပါ” ဟု မျောက်ရှုံးက ပြောသည်။ အဆိုပါ ဖျော်ဖြေပွဲကို အောက်တိုဘာလ (၄) ရက်နေ့တွင် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် နံနက် (၁၀) နာရီမှ ည (၇း၀၀) နာရီထိ ကျင်းပမည်ဖြစ်ပြီး အစားအသောက်၊ အ၀တ်အစား၊ ရေသန့်၊ ကော်ဖီမုန့် စသည့်အရာများ ရောင်းချမည်ဖြစ်ပြီး ဖျော်ဖြေရေးများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
Source..http://www.messengernewsjournal.com/
0 comments:
Post a Comment