မုတ်ဆိတ် အစားထိုး ခွဲစိတ်သည့် အမျိုးသားဦးရေ များပြားလာနေဆို


လင်းပ
နယူးယောက် ၊ အောက်တိုဘာ ၂
          ကမ္ဘာတစ်ဝန်းတွင် မုတ်ဆိတ်များကို အစားထိုး ခွဲစိတ်ကာ မျက်နှာပြင်တွင် တပ်ဆင်မှုများမှာ ပိုမိုမြင့်တက်လာနေကြောင်း နယူးယောက်ရှိ ဆရာဝန်များက ပြောကြားလိုက်သည်။
          နိုင်ငံတကာ ဆံပင်အစားထိုး ခွဲစိတ် ကုသရေးအဖွဲ့ International Society of Hair Restoration Surgery က ထုတ်ဖော်မှုတွင် ၂၀၁၂ ခုနှစ် အတွင်း မုတ်ဆိတ် အစားထိုး စိုက်၍ ကုသမှုများမှာ ဆံပင်အစား ထိုးခွဲစိတ် စိုက်မှုများ၌ (၁ ဒသမ ၅) ရာခိုင်နှုန်း ရှိသော်လည်း ၂၀၁၄ ခုနှစ်တွင် ထိုနှုန်းမှာ (၃ ဒသမ ၇) ရာခိုင်နှုန်းအထိ တိုးလာကြောင်း ဆိုသည်။
          ထိုသို့ မုတ်ဆိတ် အစားထိုးချင်သော လူနာများ အတွက် ပြည်ပ ဆေးခန်းများ ရှာဖွေရေးတွင် ကူညီနေသည့် Medigo ကုမ္ပဏီကလည်း ထိုသို့သော ခွဲစိတ်ပြုပြင်မှုများမှာ ကမ္ဘာတစ်ဝန်း (၆၀၀) ရာခိုင်နှုန်း တိုးမြင့်လာကြောင်း ဆိုသည်။
          နယူးယောက်ရှိ ခွဲစိတ် ဆရာဝန် ဂျက်ဖရီအပ်စတိုင်း ကလည်း ၎င်းသည် ယခင်က ထိုသို့ ခွဲစိတ်မှုမျိုးကို ဆယ်စုနှစ် တစ်ခုစာတွင် ငါးကြိမ်ခန့်သာ လုပ်ပေးရသော်လည်း ယခုအခါ တစ်ပတ်လျှင် သုံးကြိမ်ခန့် လုပ်ပေးနေရကြောင်း အတည်ပြု ပြောဆိုသည်။
          ''ဘရွတ်ကလင်း အရပ်ကတော့ အဓိက နေရာပါပဲ။ လူတွေက အဲ့ဒီလို ခွဲစိတ်မှုမျိုးကို လုပ်ချင်ကြတယ်။ ကိုယ့်မှာ မုတ်ဆိတ် ရှိတယ်ဆိုရင် ကြည့်ရတာလည်း ပိုကောင်းတယ် ထင်ကြပါတယ်။ မုတ်ဆိတ်တွေကို မျက်နှာအပြည့် ရှိချင်တဲ့ သူတွေဟာ ယောကျာ်းဆန်တဲ့ အသွင်ကို နှစ်သက်ကြလို့ ဖြစ်ပါတယ်'' ဟုဆိုသည်။
          ရေးဟု အမည်ရသည့် အသက် (၅၃) နှစ် အရွယ် အမျိုးသား တစ်ဦးကလည်း ၎င်းသည် ထိုသို့သော ခွဲစိတ်မှုမျိုးကို လုပ်ရန်အတွက် ဒေါ်လာ (၂၂၀၀၀) သုံးခဲ့ပြီး ပါးသိုင်းမွှေးများ မပေါက်၍ ထိုသို့လုပ်ရကြောင်း ဆိုသည်။
          ''ယောကျာ်း တော်တော်များများက သက်လတ်ပိုင်း အရွယ်မှာ အကျပ်အတည်းကြုံပြီး စပေါ့တ်ကားတွေ ၀ယ်စီးကြတယ်။ ကျွန်တော်ကတော့ မုတ်ဆိတ်ထားတယ်'' ဟု ၎င်းကဆိုသည်။
Source:UPI
The Messenger
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment