အိမ်တွင်းဖြစ် နာရီလေးအား ကျောင်းယူသွားပြီး ဆရာတွေကို ပြသရာ ဗုံးထင်ပြီး အဖမ်းခံရကာ မီဒီယာတွေမှာ ပါလာပြီး ကမ္ဘာကျော်ခဲ့သော အမေရိကန် နိုင်ငံသား (၁၄)နှစ်သား လူငယ်လေးသည် ဆူဒန်နိုင်ငံသို့ ဖခင်နှင့်အတူ သွားရောက်ကာ ဆူဒန်သမ္မတ အိုဘာအယ်လ်-ဘာရှား နှင့် တွေ့ဆုံခွင့် ရခဲ့ကြောင်း သိရသည်။
လူငယ်လေး အာမတ် မိုဟာမတ်နှင့် မိသားစုကို ဆူဒန်မြို့တော် ခါတိုရမ်ရှိ သမ္မတအိမ်တော်ဝင်းတွင် သမ္မတက လက်ခံ တွေ့ဆုံခဲ့သည်။ အာမတ်၏ အိမ်တွင်းဖြစ် နာရီကို ဗုံးထင်ပြီး ဆရာက ရဲတိုင်မှုကြောင့် အတန်းထဲမှ ဆွဲထုတ်၊ လက်ထိတ်ခတ်ပြီး ရဲစခန်း ပို့ခံခဲ့ရသည်။ ဗုံးမဟုတ်ကြောင်း သိရပြီးနောက် ရဲတပ်ဖွဲ့က အာမတ်ကို ပြန်လွှတ်ပေးခဲ့သည်။ ရဲတပ်ဖွဲ့၏ အလွန်အကျွံ တုံ့ပြန်မှုအတွက် အမေရိကန် နိုင်ငံသားများက သာမက ကမ္ဘာတစ်ဝန်းကပါ ပြစ်တင် ဝေဖန်ခဲ့ကြသည်။
လူငယ်လေး၏ဖခင် မိုဟာမတ် ဟာဆန်အယ်လ်-ဆူဖီသည် ဆူဒန်နိုင်ငံသားဖြစ်ပြီး အမေရိကန်သို့ ပြောင်းရွှေ့ နေထိုင်နေသူ ဖြစ်သည်။ ၎င်းသည် သမ္မတ ကိုယ်စားလှယ်လောင်း အဖြစ်လည်း ၀င်ပြိုင်ခဲ့ဖူးသူဖြစ်ပြီး လက်ရှိ သမ္မတ ဘာရှားနှင့် ယှဉ်ပြိုင်ခဲ့ဖူးသူလည်း ဖြစ်သည်။
သမ္မတ ဘာရှားနှင့် တွေ့ဆုံရသည့် အတွက် ၀မ်းမြောက်မိကြောင်း လူငယ်လေး အာမတ်က ပြောသည်။ တစ်နေ့တွင် ထူးခြားသည့် ပစ္စည်းတစ်ခုခု တီထွင်ပြီး ဆူဒန်ကို ပြန်မည်ဟုလည်း ဆိုထားသည်။
အာမတ်ကို အမေရိကန်သမ္မတ အိုဘားမားကလည်း အိမ်ဖြူသို့ ဖိတ်ခေါ်ခဲ့ သလို၊ ဖေ့စ်ဘွတ်ခ်၊ ဂူဂဲစသည့် ကုမ္ပဏီကြီးများကလည်း ဖိတ်ခေါ်ခဲ့သည်။
Source: BBC
The Messenger
messengernewsjournal.com
0 comments:
Post a Comment