ယာဉ်လိုင်းများတွင် ဘော်ဒါ စပယ်ယာအဖြစ် လိုက်ပါနေသူများကို အရေးယူရန် ဥပဒေတွင် မပါရှိသောကြောင့် အရေးယူမှုအပိုင်းကို ဆောင်ရွက်နိုင်ခြင်း မရှိကြောင်း မထသ(ဗဟို)၏ စည်းကမ်းထိန်းသိမ်းရေး ဌာနမှ ဌာနခွဲမှူး ဦးကာကျော်က The Messenger Media သို့ ပြောသည်။
ရန်ကုန်မြို့အတွင်း ပြေးဆွဲနေသော ခရီးသည်တင် ယာဉ်များတွင် ဘော်ဒါအဖြစ် လိုက်ပါသော စပယ်ယာ၊ ဒရိုင်ဘာများနှင့် ပတ်သက်၍ တိုင်ကြားမှုများ ရှိသော်လည်း အရေးယူမှုအပိုင်းနှင့် ပတ်သက်ပြီး မထသ(ဗဟို)၏ စည်းကမ်း ထိန်းသိမ်းရေး ဌာနအနေဖြင့် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
“ဘော်ဒါတွေနဲ့ ပတ်သက်တာက ဘာမှတ်တမ်းမှ မရှိဘူး။ အဲဒီတော့ သူတို့ကို ကျွန်တော်တို့က အရေးယူလို့ မရဘူး။ အဲဒီတော့ ဒီဘော်ဒါကို ဘယ်သူ တင်လိုက်တာလည်း၊ တင်လိုက်တဲ့ စပယ်ယာ၊ ဒရိုင်ဘာတွေကိုဘဲ အရေးယူရပါတယ်”ဟု ဌာနခွဲမှူး ဦးကာကျော်က ဆိုသည်။
ခရီးသည်တင်ယာဉ်များတွင် ဘော်ဒါ စပယ်ယာ၊ ဒရိုင်ဘာများ တင်ဆောင်ခြင်းကြောင့် ၎င်းတို့အတွက် စပယ်ယာ၊ ဒရိုင်ဘာများက အပိုငွေပိုရှာရပြီး ယာဉ်စီးခ ပိုတောင်းသည့် ပြဿနာများ ဖြစ်ပေါ်လာရခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
ဘော်ဒါစပယ်ယာ၊ ဒရိုင်ဘာများ တင်ဆောင်သည့် ခရီးသည်ယာဉ်များမှ စပယ်ယာ၊ ဒရိုင်ဘာများအား ယာဉ်လိုင်းဂိတ်ကို သုံးလပိတ်သည်အထိ အရေးယူ ဆောင်ရွက်ကြောင်း သိရသည်။ ယာဉ်စီးခ ပိုတောင်းသည့် ပြဿနာသည် မထသ (ဗဟို)သို့ တိုင်ကြားသည့် အမှုများတွင် အများဆုံးအမှုဖြစ်ပြီး လျော့ကျမှုနည်းကြောင်း သိရသည်။
စက်တင်ဘာလ (၂၇) ရက်ထိ မထသ(ဗဟို)သို့ တိုင်ကြားမှု အမှုပေါင်း (၁၆၄)မှုရှိရာ ယာဉ်စီးခပိုတောင်းသည့် အမှုသည် (၁၀၂)မှုထိ ပါဝင်နေသည်။ ပြီးခဲ့သည့် သြဂုတ်လအတွင်းက မထသ (ဗဟို)သို့ တိုင်ကြားမှု စုစုပေါင်း (၂၁၀)မှု တွင် ယာဉ်စီးခ ပိုမိုတောင်းခံခြင်းကြောင့် တိုင်ကြားမှု(၁၄၀)ထိ ပါဝင်နေသည်။
“အမှန်ကတော့ ဘော်ဒါတင်လို့ပဲ ဒီပြဿနာတွေ ဖြစ်တယ်။ မတင်ရင် ခရီးသည်နဲ့ ယာဉ်လုပ်သားတွေရဲ့ကြားမှာ ရန်ဖြစ်တာတို့ ၊ ဘာတို့ ဘာမှမဖြစ်တော့ဘဲ ခရီးသည်နဲ့ ယာဉ်လုပ်သားအကြားမှာ ဆက်ဆံရေး ပိုကောင်းလာမှာပါ”ဟု ဦးကာကျော်က ပြောသည်။
မထသ(ဗဟို) လက်အောက်ရှိ ယာဉ်များတွင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ဦးရေများကို ယာဉ်ကြီးများတွင် ယာဉ်မောင်းနှစ်ဦး၊ ယာဉ်နောက်လိုက် သုံးဦးနှင့် ယာဉ်ငယ်များတွင် ယာဉ်မောင်းတစ်ဦး၊ ယာဉ်နောက်လိုက် နှစ်ဦးအထိ သတ်မှတ်ပေးထားကြောင်း ၎င်းက ဆိုသည်။
The Messenger
0 comments:
Post a Comment