အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ်၊ ဆန်ဒီယေဂိုမြို့ရှိ ခရစ်ယာန် စာသင်ကျောင်း တစ်ကျောင်းသည် ကျောင်းသူလေးတစ်ဦးတွင် မိခင်နှစ်ဦး ရှိနေကြောင်း သိရှိခဲ့ပြီးနောက် ၎င်းကျောင်းသူလေးအား စာသင်ကျောင်းမှ ထုတ်ပယ်ခဲ့ကြောင်း သိရသည်။
မိဘများဖြစ်သော ရှီးနာနှင့် လာရှောင်းတို့က ၎င်းတို့ကို စာသင်ကျောင်းက ဆင့်ခေါ်ပြီး ၎င်းတို့၏ ငါးနှစ်အရွယ် သမီးအား စာသင်ကျောင်းတွင် ဆက်လက် တက်ရောက်ခွင့် မပေးနိုင်တော့ကြောင်း ပြောဆိုခဲ့သည်။ မိန်းကလေးသည် ဆန်ဒီယေဂိုရှိ မောင့်အဲရီ ခရစ်ယာန် အကယ်ဒမီ စာသင်ကျောင်းတွင် မူကြို တက်ရောက်နေသူ ဖြစ်သည်။
သို့သော် ကလေးငယ်၏ ကျောင်းလျှောက်လွှာတွင် ပါဝင်သည့် အချက်များ မပြည့်စုံသည့်အတွက် ကလေးငယ်အား ကျောင်းတက်ရောက်ခွင့် ပိတ်ပင်ရခြင်း ဖြစ် ကြောင်း ကျောင်းအုပ်ကြီး ဖြစ်ဟန်ရှိသော အမျိုးသားတစ်ဦးက Daily News သို့ ပြောဆိုခဲ့သည်။
စာသင်ကျောင်းတွင် လျှောက်ထားသူများအား ငြင်းပယ်ခွင့် ရှိနေကြောင်း မိဘနှင့် ကျောင်းသား လက်စွဲစာအုပ်တွင် ဖော်ပြထားသည်ဟု KGTV သတင်းဌာနက ဖော်ပြခဲ့သည်။
ယင်းကဲ့သို့ ထုတ်ပယ်ရန် အကြောင်းများတွင် လိင်တူချစ်ခြင်းကို ထောက်ခံမှု၊ လိင်ပိုင်းဆိုင်ရာ မလျော်ကန်စွာ ပြုမူမှုများ ပါဝင်ကြောင်း လက်စွဲစာအုပ်တွင် ဖော်ပြထားသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင် ဖြည့်စွက်ချက် အမှတ်(၁)အရ စာသင်ကျောင်းသည် ဘာသာရေး ယုံကြည်မှုအပေါ် မူတည်ပြီး ကျောင်းသားများကို ထုတ်ပယ်ခွင့် ရှိနေသည်။ စာသင်ကျောင်းအား တရားစွဲရန် စီစဉ်နေကြောင်း မိဘများက ပြောသည်။
Source:Mirror
The Messenger

0 comments:
Post a Comment