အစ္စလာမ်နိုင်ငံတော်(IS) အကြမ်းဖက် အဖွဲ့မှ အကြမ်းဖက်သမားများသည် ၎င်းတို့ လစာများကို ထိုအဖွဲ့က ဖြတ်တောက်လာပြီး လုပ်ခပိုနည်းလာသဖြင့် အဖွဲ့မှ ထွက်ခွာနေကြကြောင်း သိရသည်။
ထိုအဖွဲ့မှ အကြမ်းဖက် လူသတ်သမားများ တစ်လလျှင်ပေါင်(၂၆၀) ခန့် ရရှိခဲ့ရာမှ ယခုအခါ အဖွဲ့တွင် ငွေကြေး အကျပ်အတည်း ကြုံလာ၍ တစ်လ(၆၅) ပေါင်သာ ရတော့၍ အဆင်မပြေဖြစ်ကာ ဆီးရီးယားပြည်တွင်း အခြားအစွန်းရောက် အဖွဲ့များသို့ ပြောင်းလဲ ၀င်ရောက်နေသည်များ ရှိကြောင်း ဆိုသည်။
အဖွဲ့၏ သေနတ်သမား (၂၀၀)ခန့်မှာ အဖွဲ့တွင် လခနည်း၍ နုတ်ထွက်သွားခဲ့ပြီး အီရတ်မြောက်ပိုင်းမှ ဆီးရီးယားထဲသို့ သွားကာ အခြားအဖွဲ့များနှင့် ဆက်သွယ်နေသည်။ ယင်းမတိုင်မီကမူ အဘူဘေကာ အယ်လ်ဘာဂါဒါဒီ၏ အဖွဲ့မှာ ကမ္ဘာ့ ဂျီဟတ်ဒ်ဝါဒီ အဖွဲ့များထဲတွင် အချမ်းသာဆုံးအဖြစ် ထင်ရှားသည်။
IS အကြမ်းဖက်အဖွဲ့သည် ၎င်းတို့၏ ငွေသားများ သယ်ဆောင်သည့် ယာဉ်တန်းများကို စစ်ဇုန်များထဲတွင် မဟာမိတ်တပ်များ လေကြောင်း တိုက်ခိုက်နေမှုကြောင့် ရှောင်တိမ်းနေရရာ ငွေသားအသုံးပြုမှု ပိုနည်းလာခြင်းလည်း ဖြစ်သည်။
“သေနတ်သမားတွေ၊ တိုက်ခိုက်ရေး သမားတွေကတော့ ငွေပေးနိုင်တာမရှိလို့ တဖြည်းဖြည်းနဲ့ ထွက်ကုန်ကြပါပြီ။ တချို့ဆို စိတ်ညစ်နေကြပါတယ်”ဟု ဘဂ္ဂဒတ်ရှိ သတင်းရင်းမြစ် တစ်ခုကလည်း ဆိုသည်။ IS ဖွဲ့သည် ပြီးခဲ့သည့်သုံးနှစ် ပေါ်ကာစကမူ အယ်လ်ခိုင်ဒါတပ်ဖွဲ့ထက်ပင် ၎င်း၏တပ်ဖွဲ့ဝင်များကို ဒေါ်လာရာပေါင်းများစွာ ပို၍ လုပ်ခပေးထားနိုင်ခဲ့သည်။ ၎င်းတို့သည် သိမ်းပိုက်ထားသော နယ်မြေများမှ ရေနံများ ထုတ်ယူရောင်းချခြင်း၊ ဘဏ်ဓားပြတိုက်ခြင်းနှင့် လူများကို ပြန်ပေးဆွဲ ငွေတောင်းခြင်းတို့မှ ဒေါ်လာဘီလီယံနှင့်ချီ ၀င်ငွေများ ရှိထားကြောင်း သိရသည်။
Source:Mirror
The Messenger
0 comments:
Post a Comment