မော်ချီးသတ္တုတွင်း မြေပြိုမှု ၁၇ ဦးသေဆုံးပြီး ကယ်ဆယ်ရေးများလိုအပ်


မော်ချီးသတ္တုတွင်းတောင်ပေါ်ဒေသ ယခင်က မြင်တွေ့ခဲ့ရစဉ်အချိန်က မြင်ကွင်းဖြစ်သည်။
 ဖားဆောင်မြို့နယ် ၊မော်ချီးဒေသ တွင် အောက်တိုဘာလ (၁၁)ရက်နေ့ ကမြေပြိုမှုများ ဖြစ်ပွားခဲ့မှုတွင် ယနေ့အောက်တိုဘာလ (၁၂)ရက်နေ့ညနေထိ စာရင်းများအရ အမျိုးသမီး (၈)ဦးနှင့် အမျိုးသား (၉)ယောက် စုစုပေါင်း(၁၇)ဦးသေဆုံးပြီး ပျောက်ဆုံးနေသူရှာဖွေလျက်ရှိရာ ကယ်ဆယ်ရေးများလိုအပ်နေ သည်ဟုသိရှိရသည်။

အိမ်ယာမဲ့ ပြောင်ရွေ့ ကယ်ဆယ်ထားသည့် ဒေသခံများအတွက် အစားစာနှင့်  ပစ္စည်းအထောက်ပံ့များလိုအပ်လျှက်ရှိကြောင်းသိရသည်။ လက်ရှိအခြေနေအရ တောင်ပေါ်ရှိ အောင်ချမ်းသာရပ်ကွက် ၊ရတနာအောင်မြေ ရပ်ကွက် ၊လေးအိမ်စုရပ်ကွက်၊ဇီးပင်ကွေ့ရပ်ကွက်နှင့် (၁၃)ကုန်း(ယူကော်ခိုကျေးရွာ) တို့တွင်အိမ်ခြေစုစုပေါင်း (၅၁)အိမ်ခန့် ပျက်ဆီးဆုံးရှုံးသွားသည်ဟု သိရသည်။

၎င်းရပ်ကွက်များမှ ရွေ့ပြောင်း၍ လိုခါးလိုကျေးရွာ နှစ်ခြင်းဘုရားကျောင်း တွင် လူဦးရေ (၂၀၀)ခန့်၊ လိုခါလို (အလက)ကျောင်းတွင် (၂၀၀)ခန့် ကိုကယ်ဆယ်ရေးများ ပြုလုပ်ပေးထားလျှက်ရှိပြီး တောင်ပေါ်ရပ်ကွက်များမှရွေ့ပြောင်းသူများနှင့် (၁၆)ကုန်းရပ်ကွက်မှရွေ့ပြောင်းလာသူများကို အောက်ရွာရှိ (အ.ထ.က)မော်ချီး ကျောင်းတွင် လူဦးရေ(၃၆၀)ခန့်ကို ကယ်ဆယ်ရေး စခန်းများဖွင့်၍ အကူညီများ ပေးလျှက်ရှိကြောင်းသိရသည်။

ဆေးဝါးထောက်ပံ့မှုများနှင့်ပတ်သတ်၍ အစိုးရဆေးဘက်ဆိုင်ရာဝန်ထမ်းများက တောင်အောက်ရှိ (အ.ထ.က)ကျောင်းတွင် ကယ်ဆယ်ထားသော အိမ်ယာစွန့်လွှတ် တိမ်းရှောင် နေသူများကိုဆေးကုသမှုများ ပြုလုပ်ပေးပြီး ကန္ဒာရဝတီလူမှုကူညီရေးအသင်း ကျန်းမာရေးစောင့်ရှောက်မှုများ မရောက်နိုင်သေးသည့် လမ်းပမ်းဆက်သွယ်ရေး ခက်ခဲနေသော တောင်ပေါ်ရွာတစ်လျှောက်နှင့် လိုခါးလိုကျေးရွာရှိ ကယ်ဆယ်ရေးစခန်း နှစ်ခုတွင် ဆေးဝါးကုသမှုများပြုလုပ်ပေးလျှက်ရှိသည်။

“ခုသူများတွေတောင်မသွားရဲတဲ့တောင်ပေါ်ပေါ့ မြေပြိုတဲ့ နေရာဘက်တွေကို ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ဖို့ ကျမတို့ရအောင်အရဲစွန့်ပြီးသွားတယ် ဆေးကုသပေးခဲ့တယ် လမ်းတွေကတော့ ပိတ်နေတုန်းပဲ စွန့်စားပြီး သွားရတယ် တောင်ပေါ်တစ်လျှောက် လိုခါးလိုဖက်ပေါ့ ခုကအဓိကကတော့ သူတို့ဆန်တွေ ၊စားနပ်ရိက္ခာပေါ့ ထောက်ပံ့မှုတွေလိုနေတယ် အလှူရှင်တွေ လိုခါးလိုဖက်ကို လာပြီး ထောက်ပံ့ဖို့တွေလိုအပ်နေတယ် ”ဟု ကန္ဒာရဝတီလူမှု့ကူညီရေးအသင်းမှ ကျန်မာရေးဆရာမ ကပြောသည်။

လတ်တလောဆိုးဝါးသည့် မြေပြိုထားမှုများအရ လမ်းများပိတ်ဆို့နေသလို မော်ချီးတောင်ပေါ်ကျေးရွာများ၊ လိုခါးလိုကျေးရွာ နှင့်တောင်အောက်ရှိကျေးရွာများ အဆက်သွယ်ပြတ်တောက်နေသည်။

ပျောက်ဆုံးသေဆုံးသူများလည်းရှိနေသည့်အတွက် ဆက်လက်ရှာဖွေနေကြသည်ဟု သိရသည်။ ကနေ့မှာတော့ တောင်ပေါ်ကျေးရွာများမှ ဒေသခံများအားလုံးကို တောင်ပေါ်တွင်ပေးမနေတော့ဘဲ အရေးပေါ်အခြေနေ အဖြစ်သတ်မှတ်ထားပြီး အစိုးရတာဝန်ရှိသူများ မှလည်းကူညီလုပ်ဆောင်ပေးလျှက်ရှိသည်။

ဆန်းဖြိုးထွန်း၊ စိုင်းလင်းလင်းဦး
Kantarawaddy Times
https://www.facebook.com/kantarawaddytimes
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment