လူဆိုး၊ လူမိုက်ခေါင်းဆောင် ကျော်ဝင်းစိန်နှင့် ၎င်း၏တပည့်အား သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးရမိ


 ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်နှင့် မြောက်ပိုင်းခရိုင်အတွင်း အနိုင်ကျင့်မိုက်ကြေးခွဲ၊ ဆက်ကြေးတောင်းပြီး ရဲတပ်ဖွဲ့ဝင်များအား ဓားဖြင့်ခုခံတိုက်ခိုက်ကာ ထွက်ပြေးတိမ်းရှောင်နေသော ရဲဘက်ပြေး၊ တရားခံပြေး၊ ကျော်ဝင်းစိန်(ခ)ကျင်စိမ်း(ခ)လှမျိုးနှင့် တပည့်ဖြစ်သူ ငှက်ပျောသီး(ခ) နိုင်မင်းသူ(ခ)အေးမူတို့အား ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၏ တိုက်ရိုက်ကွပ်ကဲ ညွှန်ကြားမှုဖြင့် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးရမိ

ရန်ကုန်၊ ဇန်န၀ါရီ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်နှင့် မြောက်ပိုင်းခရိုင်များတွင် ပြည်သူများအပေါ် အနိုင်ကျင့်မိုက်ကြေးခွဲပြီး ဆက်ကြေးတောင်းခံခြင်း များကြောင့် အများပြည်သူများမှ စိုးရိမ်ထိတ်လန့်မှု များဖြစ်ပေါ်နေကြောင်း သတင်းရရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၏ တိုက်ရိုက် ကွပ်ကဲမှုဖြင့် လူဆိုး၊ လူမိုက်များအား ရှင်းလင်းဖမ်းဆီးရန် အထူးစီမံချက်များ ချမှတ်ပြီး ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံး၊ မှုခင်းအကူဌာနစုမှ
တပ်ဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ခွဲ(၂)မှ တပ်ဖွဲ့ဝင်များနှင့် မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးဌာနမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့များဖွဲ့စည်း၍ ဖမ်းဆီး ရမိရေး ဆောင်ရွက်ခဲ့ပါသည်။


၂၄.၁.၂၀၁၆ ရက်နေ့ ၁၃၃၀ အချိန်တွင် အဆိုပါပူးပေါင်းအဖွဲ့သည် လူဆိုး၊ လူမိုက်ခေါင်းဆောင် ရဲဘက်ပြေး၊ တရားခံပြေး ကျော်ဝင်းစိန်နှင့် ၎င်း၏တပည့်ငှက်ပျောသီး(ခ)နိုင်မင်းသူ(ခ)အေးမူတို့မှာ ရွှေပြည်သာမြို့နယ်၊ (၁၉/၄၇)ရပ်ကွက်၊ ချယ်ရီလမ်းရှိ ၎င်းတို့၏နေအိမ်တွင် ရောက်ရှိနေကြောင်း သတင်းအရ ၀င်ရောက်ပိတ်ဆို့ဖမ်းဆီးရာ ကျော်ဝင်းစိန်မှာ အသာတကြည် အဖမ်းမခံဘဲ ပြန်လည်ခုခံရန် ရည်ရွယ်ချက်ဖြင့် တပ်ဖွဲ့ဝင်များအပေါ် ဆဲဆိုကြိမ်းမောင်းပြီး လက်ထဲတွင် ဓားကိုင်ဆောင်ကာ ခုခံရန်ပြုရန် ပြင်ဆင်သဖြင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးကိုယ်တိုင် ပစ်ခတ်ဖမ်းဆီးရန် ညွှန်ကြားချက်အရ ၀ိုင်းပတ်ပိတ်ဆို့ ထားသောတပ်ဖွဲ့ဝင်များမှ Pump Action သေနတ်ဖြင့် နေအိမ်အပေါ်ထပ် ပြူတင်းပေါက်သို့ ပစ်ခတ်ခဲ့ရာ ကျော်ဝင်းစိန်မှာ နေအိမ်အတွင်းမှ ဓားဖြင့် ဆက်လက်ခုခံရန် ပြင်ဆင် ခဲ့ပြီး နေအိမ်အောက်သို့ ရဲတပ်ဖွဲ့ဝင်များအားစိန်ခေါ်ပြီး ဆင်းလာသဖြင့် .၃၈ ဗို့ ခြောက်လုံးပြူး ထေသနတ်ဖြင့် နေအိမ်အတွင်း ဆက်လက်ပစ်ခတ်ခဲ့ရာ ၎င်းကိုင်ဆောင်သောဓားအား ပစ်ချခဲ့ပြီး အညံ့ခံဖမ်းဆီးခံခဲ့သဖြင့် ၁၃၄၅ အချိန် တွင် ဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိသူ ရဲဘက်ပြေး၊ တရားခံပြေး ကျော်ဝင်းစိန်၊(၄၈)နှစ်နှင့် ငှက်ပျောသီး(ခ)နိုင်မင်းသူ(ခ) အေးမူ၊ (၂၆)နှစ်တို့ထံမှ အရိုးအသွား(၈) လက်ခွဲခန့်ရှိ ဓားဦးချွန်(၁)ချောင်း၊ အရိုးအသွား(၁၃)လက်မ ခန့်ရှိ ဓားအိမ်ပါ ဓားဦးချွန်(၁)ချောင်း၊ အရိုးအသွား(၁၈)လက်မခွဲခန့်ရှိ နှစ်ဖက်သွား စတီးဓား ဦးချွန်(၁) ချောင်း၊ အရိုးအသွား(၈)လက်မခန့်ရှိ အရိုးအနီ ပတ်ထားသော ဓားဦးချွန်ပေါက်ဓား(၃)ချောင်း၊ အရိုး အသွား(၁၁)လက်မခွဲခန့်ရှိ အပြာရောင်အရိုးပါ နှစ်ဖက်သွားဓားဦးချွန်(၁)ချောင်း၊ (၁၂)လက်မခန့်ရှိ သစ်သားနံချပ်ကူ(၁)ချောင်း၊ KL စာတမ်းပါ လက်ထိပ်(၁)စုံနှင့် သော့(၂)ချောင်း၊ သားရေကြိုး တပ်လျက် လေးခွ(၆)လက်၊ လက်ကိုင်ဖုန်းမျိုးစုံ(၁၀)လုံး၊ 5G---- နံပါတ်ပါ TOYOTA SUCCEED အဖြူရောင် လိုင်စင်မဲ့ မော်တော်ယာဉ်(၁)စီး၊ နံပါတ် မပါ Kenbo 125 အနက်ရောင် လိုင်စင်မဲ့ ဆိုင်ကယ်(၁)စီးတို့အား တွေ့ရှိ သိမ်းဆည်း ရမိခဲ့ပါသည်။

စစ်ဆေးဖော်ထုတ် ချက်အရ ရဲဘက်ပြေး၊ တရားခံပြေး ကျော်ဝင်းစိန်သည် ၆.၁၁.၂၀၁၃ ရက်နေ့ ၁၂၀၀ အချိန်ခန့်က တွံတေးမြို့နယ်၊ ပိတ်ဆွယ်ကျေးရွာ အနီးတွင် တွံတေးမြို့၊ ဘုရားကြီးကျေးရွာမှ ဒလမြို့သို့ ဆိုင်ကယ်ဖြင့်သွားရောက်သည့် ဦးကျော်မင်းဦးနှင့် ဇနီးဒေါ်မိုးမိုးအေးတို့ထံမှ ရွှေဆွဲကြိုး(၁)ကုံး၊ လက်စွပ်(၁)ကွင်း၊ နားကပ်(၁)ရံ၊ ဆိုင်ကယ်(၁)စီးနှင့် လက်ကိုင်ဖုန်း(၁)လုံးတို့အား လုယက် ခဲ့သည့်အပြင် ကိုကျော်မင်းဦးနှင့် မမိုးမိုးအေးတို့အား ဖမ်းဆီးထားပြီး ညီမဖြစ်သူ မမိုးမိုးအောင်ထံသို့ ဖုန်းဖြင့် ဆက်သွယ်၍ ငွေကျပ်သိန်း (၂၀၀၀)ဖြင့် လာရွေးရန် ခြိမ်းခြောက် တောင်းယူခဲ့သဖြင့် တွံတေးမြို့မရဲစခန်း(ပ)၄၀၁/၂၀၁၃၊ ပြစ်မှုပုဒ်မ-၃၆၅/ ၃၉၄ ဖြင့် အရေးယူ ထားရှိသောအမှုမှ တရားခံ(၁)ဦး ဖြစ်သည့်အပြင် ရဲတပ်ဖွဲ့ဝင်များမှ လိုက်လံဖမ်းဆီးစဉ် လှိုင်သာယာ တိုးဂိတ်အနီးတွင် ရဲတပ်ဖွဲ့ဝင်များအား ဓားဖြင့်ခုခံ တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင်(၁)ဦး ပြတ်ရှဒဏ်ရာ ရရှိခဲ့သဖြင့် လှိုင်သာယာမြို့မရဲစခန်း (ပ)၁၂၈၈/၂၀၁၃၊ ပြစ်မှုပုဒ်မ-၃၃၃ အမှုမှ တရားခံပြေးတစ်ဦးလည်းဖြစ်ပါသည်။

၎င်းပြင် ၈.၇.၂၀၁၄ ရက်နေ့ ၁၅၃၀ အချိန်တွင် မူးယစ်တပ်ဖွဲ့စု(၄၁)မှ တပ်ဖွဲ့ဝင်များက အင်းစိန် မြို့နယ်၊ နံ့သာကုန်းရပ်ကွက်ရှိ လက်ဖက်ရည် ဆိုင်ရှေ့တွင် နေဇော်ထိုက်(ခ)သန်းဇော်ထံမှ WY စိတ်ကြွဆေးပြားဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ ကျော်ဝင်းစိန်ထံမှ ၀ယ်ယူရရှိကြောင်း စစ်ဆေးပေါ်ပေါက်ချက်အရ အင်းစိန်မြို့မရဲစခန်း မယ(ပ)၇/၂၀၁၄၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ-၁၅/၁၉(က) အမှုမှကွင်းဆက် တရားခံဖြစ်ပြီး ထွက်ပြေးတိမ်းရှောင် နေသူတစ်ဦးဖြစ်ပါသည်။

ယခုဖမ်းဆီးရမိသော ရဲဘက်ပြေး၊ တရားခံပြေး ကျော်ဝင်းစိန်မှာ အင်းစိန်မြို့နယ်၊ မင်္ဂလာဒုံမြို့နယ်နှင့် အလုံမြို့နယ်များအတွင်း လုယက်မှု၊ ဓားပြမှုများဖြင့် ထောင်ဒဏ်စုစုပေါင်း အနှစ်(၆၀)နှင့် (၃)လ ပြစ်ဒဏ်ကျခံနေရာမှ ရဲဘက်မှထွက်ပြေးနေစဉ် မြောက်ပိုင်းခရိုင်တရားရုံး အမှုကြီးအမှတ် ၁၃၁၄/၂၀၀၁၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ- ၃၃၃ ဖြင့် ထောင်ဒဏ်(၃)နှစ်၊ လက်နက်များ အက်ဥပဒေပုဒ်မ-၁၉(င)ဖြင့် ထောင်ဒဏ်(၁)နှစ်၊ ပြစ်မှု
ပုဒ်မ-၂၂၄ ဖြင့် ထောင်ဒဏ်(၁)နှစ်ကျခံခဲ့ပြီး ယခင်ကျန်ရှိပြစ်ဒဏ်များဖြင့် စုစုပေါင်း(၆၅)နှစ်(၃)လ ကျခံနေရာမှ မုပ္ပလင်ကျောက် ထုတ်လုပ်ရေး စခန်းမှ ထွက်ပြေးလာသူ ရဲဘက်ပြေးတစ်ဦးဖြစ်ပါသည်။

ကျော်ဝင်းစိန်၏တပည့်ဖြစ်သူ ငှက်ပျောသီး (ခ)နိုင်မင်းသူ (ခ)အေးမူမှာလည်း ၁၅.၁၁.၂၀၁၄ ရက်နေ့ ၀၁၀၀ အချိန်ခန့်က မရမ်းကုန်းမြို့နယ်၊ (၂)ရပ်ကွက်အတွင်း ရာအိမ်မှူး ဦးမောင်မြင့်အား နိုင်မင်းသူပါ(၅)ဦးမှ ၀ိုင်းဝန်းထိုးကြိတ် နေကြောင်းကြားသိရ၍ ရဲတပ်ဖွဲ့ဝင်များမှ သွားရောက်တားမြစ်စဉ် ရဲတပ်ဖွဲ့ဝင်
(၂)ဦးအား ဓားဖြင့်ခုတ်ခဲ့သဖြင့် မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်နယ်မြေ ရဲစခန်း (ပ)၅၂၁/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၃၃/၃၃၂ အမှုဖြင့် အရေးယူထား သည့်အမှုနှင့် ၂.၄.၂၀၁၅ ရက်နေ့ ၂၀၄၀ အချိန်တွင် လှိုင်သာယာမြို့နယ်၊ (၅)ရပ်ကွက်၊ ပယင်းလမ်းနေ ကိုချမ်းငြိမ်းကိုအား နိုင်မင်းသူ နှင့်အဖွဲ့မှ တုတ်နှင့်ရိုက်၊ ဓားနှင့်ထိုးခုတ်ခဲ့သောကြောင့် လှိုင်သာယာမြို့မရဲစခန်း (ပ)၄၃၈/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၂၆/၁၁၄ အမှုတို့ဖြင့် အရေးယူထားသည့် တရားခံပြေးတစ်ဦးဖြစ်ကြောင်း သိရှိရပါသည်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့အနေဖြင့် ပြည်သူ့ဘ၀ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့ကို ထိခိုက်စေပြီး အများပြည်သူ စိုးရွံ့ထိတ်လန့်မှုများ ဖြစ်စေရန် ပြစ်မှုများ ကျူးလွန်ခဲ့သူများအား ဖမ်းဆီးရမိရေး အတွက် ရဲတပ်ဖွဲ့မှ သတင်းရယူ စုံစမ်းခဲ့ခြင်းနှင့် ပြည်သူများ အနေဖြင့်လည်း သတင်းရရှိရေး ကူညီဆောင်ရွက် ပေးရန် လူမှုကွန်ရက်စာမျက်နှာပေါ်တွင် လွန်ခဲ့သော ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလမှစ၍ ဖော်ပြ အကူအညီတောင်းခံခဲ့သော်လည်း ပြည်သူများမှ သတင်းပေးပါက မိမိတို့အပေါ် ရန်ပြုခံရမည်ကို စိုးရိမ်ကြောက်ရွံ့မှုကြောင့် သတင်းရယူမှု အခက်အခဲရှိသဖြင့် လူဆိုးလူမိုက်များမှ တိမ်းရှောင် နေနိုင်ခဲ့ကြပြီး ရဲတပ်ဖွဲ့ဝင်များမှ လူဆိုးလူမိုက်များအား ဖမ်းဆီးရမိရေး အတွက် နေ့/ညမပြတ် တစ်စိုက် မတ်မတ်ဆောင်ရွက်ခဲ့ခြင်းကြောင့် ယခု
ကဲ့သို့ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပါသည်။

ဖမ်းဆီးရမိသူ ရဲဘက်ပြေး၊ တရားခံပြေး ကျော်ဝင်းစိန်(ခ)ကျင်စိမ်း(ခ)လှမျိုးနှင့် ငှက်ပျောသီး(ခ) နိုင်မင်းသူ(ခ) အေးမူတို့အား အခြားအမှုများ ကျူးလွန်ထားခြင်း ရှိ/မရှိ ဆက်လက် စစ်ဆေးဖော်ထုတ် လျက်ရှိပြီး ဥပဒေအရ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် စစ်ဆေးပေါ်ပေါက် ချက်များအား
ဆက်လက် အသိပေး ဖော်ပြသွားမည် ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice/
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment