နှစ်ရက်အတွင်းချုပ်ဆိုတဲ့စာချုပ်က နိုင်ငံတကာကို အပြသက်သက်ပဲ ဖြစ်ပါလိမ့်မယ်


ကေအိုင်အို ပြောရေးဆိုခွင့်ရှိသူ ဦးလနန်နှင့် မေးမြန်းခြင်း
ချင်းမိုင် (မဇ္ဈိမ) ။ ။ အစိုးရက ဖိတ်ကြားသည့် ပြည်ထောင်စုနေ့ အခမ်းအနား ညစာစားပွဲသို့ တက်ရောက်ခြင်း မရှိသည့် ကချင်လွတ်လပ်ရေးတပ်မတော် (KIO)က တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး အောင်မြင်သည်အထိ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT) နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြည်ထောင်စုနေ့တွင် ကြေငြာချက်ထုတ်ပြန်ခဲ့သည်။ ယင်းသို့ ထုတ်ပြန်သည့် နေ့တွင်ပင် အစိုးရ တပ်မတော်ဘက်က ကေအိုင်အို ဌာနချုပ်ဘက်သို့ လက်နက်ကြီးဖြင့် အကြိမ် ၃၀ခန့် ပစ်ခတ်မှုများ ရှိနေသည်ဟုလည်း ကေအိုင်အိုက ပြောဆိုထားသည်။
ပြည်ထောင်စုနေ့ အခမ်းအနား မတက်ရောက်သော အကြောင်းအရာများနှင့် လက်ရှိ ကေအိုင်အိုနှင့် အစိုးရအကြား တိုက်ပွဲဖြစ်ပွားမှု အခြေအနေများနှင့် လက်ရှိ ကျောင်းသားများ ဆန္ဒဖော်ထုတ်နေမှုအပေါ် KIO ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်အား မဇ္ဈိသတင်းထောက် ဖနိဒါက ဆက်သွယ်မေးမြန်းထားသည်။
မေး- သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စုနေ့ ညစာစာပွဲ ဖိတ်ကြားချက်ကို KIO က ဘာကြောင့် မတက်ရောက်နိုင်တာလဲ။
ဖြေ- ကျွန်တော်တို့ကတော့ ဒီကိစ္စအပေါ်မှာ အများကြီးစဉ်းစားပါတယ်။ ဒီပြည်ထောင်စုနေ့ အခမ်းအနား ညစာစားပွဲ ဖိတ်စာရပါတယ်။ ဒါပေမဲ့ အဲဒီဖိတ်စာရတဲ့အချိန်မှာ နောက်တခုထပ်ပြီး တိုးလာတာကတော့ ငြိမ်းချမ်းရေး သဘောတူညီချက် တခုကို စာချုပ် ချုပ်ကြရအောင်ဆိုတဲ့ အဆိုပြုချက်က ပြန်ပါလာတယ်။ အဲကျတော့ ကျွန်တော်တို့ ကေအိုင်အို အဖွဲ့အစည်းကတော့ NCCT (တစ်နိုင်ငံလုံး အပစ်ရပ်ရေး ညှိနှိုင်းရေးအဖွဲ့) ကနေပြီး လုပ်နေတဲ့ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲမှ တစ်ပါး တခြားသော ငြိမ်းချမ်းရေးဆိုတဲ့ အမြင်ကွဲစေနိုင်တဲ့ သဘောတူစာချုပ်တွေကို ချုပ်ဆိုဖို့ သဘောထားမရှိပါဘူး။ အဲကြောင့်မို့ ဒီညစာစားပွဲ တက်ရောက်ခြင်းအားဖြင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုတဲ့ လမ်းကြောင်းတွေ သွားနေတဲ့ လမ်းကြောင်းတွေ တွေဖယ်သွားမှာကို ကျွန်တော်တို့ စိုးရိမ်တယ်။ အဲကြောင့်မို့ ကျွန်တော်တို့ ဒီညစာစားပွဲ ဖိတ်ကြားစာကို ရရှိပေမယ့် ဒီကိစ္စကြောင့်မို့ မသွားဖို့ ဆုံးဖြတ်တာပါ။ တဖက်ကတော့ လုပ်ငန်းဆိုင်ရာ အစည်းအဝေးတွေ ရှိနေတော့ သွားဖို့ ကျွန်တော်တို့ဘက်ကို ကိုယ်စားလှယ်လည်း အခက်အခဲရှိတယ်။
မေး- ပြည်ထောင်စုနေ့ အခမ်းအနားမတက်ရင်လည်း ငြိမ်းချမ်းရေး မလိုလားလို့ဆိုပြီး ပြောဆိုမှုတွေ ရှိမလာနိုင်ဘူးလား။
ဖြေ- ပြည်ထောင်စုနေ့ဆိုတာ တောင်တန်းဒေသနဲ့ မြေပြန့်ဒေသ ပေါင်းစည်းခြင်းရဲ့ လက္ခဏာပါ။ အဲဒီလက္ခဏာမှာ နှစ်ဦးနှစ်ဖက်ရဲ့ ဆန္ဒတွေက တူညီမှုရမဲ့ အခြေအနေဖြစ်ရမယ်။ တဖက်သတ်ကနေ ပြည်ထောင်စုလုပ်တဲ့နေရာမှာ မလာမနေရ မလာရင် ဒါ ငြိမ်းချမ်းရေးကို မလိုလားဘူးဆိုပြီးတော့ ခြိမ်းခြောက်မှု ပြုနေခြင်းကလည်း အာဏာရှင်စနစ်ကို ထင်ဟပ်စေတဲ့လက္ခဏာတွေပါ။ အဲဒါကြောင့်မို့ သမ္မတ ဦးသိန်းစိန်ရဲ့ ပြည်ထောင်စုနေ့ ညစာစားပွဲကို မတက်ရောက်ခြင်းအားဖြင့် အဲဒီအဖွဲ့အစည်းဟာ ငြိမ်းချမ်းရေးကို မလိုလားဘူးဆိုပြီး တဖက်သတ်စွပ်စွဲမှု လုပ်မယ် ဆိုရင်တော့ ဒါဟာ ပြည်ထောင်စုစိတ်ဓါတ်ဆိုတဲ့ဟာကို လုံးဝတလွဲအသုံးချတဲ့ ပုံစံ ဖြစ်နေပြီခင်ဗျာ။ အဲဒါကြောင့် ပြည်ထောင်စုနေ့ဆိုတာ တိုင်းရင်းသားအားလုံးရဲ့ သက်ဆိုင်မှုရှိတယ်။ ကျွန်တော်တို့ တိုင်းရင်းသားတွေကလည်း ပြည်ထောင်စုနေ့ကို အလေးအနက်ထားတယ်။ ဒါပေမဲ့ ပြည်ထောင်စုနေ့ဟာ အမည်နာမပဲ ရှိနေတာ မဟုတ်ဘဲ။ သူ့ရဲ့ အနစ်သာရ ပြည့်ဝတဲ့ ပြည်ထောင်စုစနစ် ဖြစ်တည်ဖို့ မရှိဘဲနဲ့ အမိန့်အာဏာနဲ့ တဖက်သတ်ဆန်ဆန် ဆောင်ရွက်မယ်ဆိုရင်တော့ ပြည်ထောင်စုနေ့ မဟုတ်ပါဘူး။
မေး- တကယ်လို့ နေပြည်တော်မှာ ရောက်နေတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ အစိုးရက ငြိမ်းချမ်းရေး စာချုပ်လက်မှတ်ရေးထိုးပြီ ကေအိုင်အိုအဖွဲ့က မပါဝင်နေဘူးဆိုရင် ဘယ်လို ဆက်ဖြစ်လာနိုင်မလဲ။
ဖြေ- လက်မှတ်ရေးထိုးမယ်။ ထုတ်ပြန်ချက်ထုတ်မယ်ဆိုတာ ဒီတစ်ရက် နှစ်ရက်အတွင်းနဲ့ သဘောထား ညှိနှိုင်းပြီးတော့ လုပ်ဆောင်လို့ရတဲ့ ကိစ္စမဟုတ်ပါဘူး။ ဒါတွေဟာ နိုင်ငံတကာကို အပြသက်သက်ပဲ ဖြစ်ပါလိမ့်မယ်။ နှစ်ပေါင်း ၆၀ ကျော်တောင် ညှိနှိုင်းလို့ မရတဲ့ကိစ္စကို ဒီနှစ်ရက်အတောအတွင်းနဲ့ အပြန်အလှန်ဆွေးနွေးရင်းနဲ့ပဲ လက်မှတ်ရေးထိုးကြမယ်ဆိုတာ အဓိပ္ပါယ်လေးနက်မှု မရှိပါဘူး။ ဒါဟာ အန်စီစီတီကနေ လုပ်ဆောင်နေတဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးလုပ်ငန်းမှာ လက်နက်ကိုင်အဖွဲ့အစည်းအားလုံး တချိန်တည်း တပြိုင်တည်း အားလုံး ဝိုင်းပြီး လက်မှတ်ရေးထိုးကြမယ် ဆိုတဲ့ အခြေအနေကို ဖျက်လိုဖျက်ဆီး ဖြစ်လာနိုင်တယ်။ တခြားအစီအစဉ်ပေါ့ဗျာ။ စာအုပ် ဖွင့်ထားပါ့မယ်။ အဆင်သင့်ဖြစ်တဲ့ လူတွေ လာထိုးကြပါဆိုတဲ့ သဘောကို အရိပ်အမွတ်လေး ပြောလို့ရတယ်။ ဒါကြောင့် ဒီတစ်ရက်နှစ်ရက်အတွင်းမှာပဲ ထမင်းစားစာပွဲဝိုင်းမှာ တွေ့ဆုံရုံနဲ့ နိုင်ငံရဲ့  အမျိုးသား ရင်ကြားစေ့ရေးဆိုတဲ့ကိစ္စကို ပြေလည်အောင် သဘောတူကြပါတယ်ဆိုတဲ့ ထုတ်ပြန်ချက် စာချုပ်စာတမ်းဆိုတာ တန်ဖိုးမရှိပါဘူး။
မေး- ခု ပြည်ထောင်စုနေ့ ၆၈ ကြိမ်မြောက်တဲ့အထိ တိုင်းရင်းသားတွေ လိုလားချက်တွေ မရသေးတာ ဘာကြောင့်လဲ။
ဖြေ- ပြည်ထောင်စုဆိုတာ နာမည်သာရှိတာပါ။ အခုကျင့်သုံးနေတဲ့ စနစ်တွေက ပြည်ထောင်စုစနစ်မဟုတ်ပါဘူး။ ဒါတစ်ပြည်ထောင်စု စနစ်ပုံစံနဲ့ လူတစုက အာဏာရှင်စနစ်နဲ့ ချုပ်ကိုင်ထားတဲ့ အုပ်ချုပ်ပုံစနစ်ပါ။ ဒီပုံစံအတိုင်း တိုင်းရင်းသားတွေတာမက နိုင်ငံတွင်းမှာ ရှိတဲ့ ဗမာလူမျိုးတွေကလည်း သူတို့ရဲ့ ရပိုင်ခွင့် ရမှာမဟုတ်ပါဘူး။ ဒါကြောင့် ဒီနိုင်ငံမှာ အုပ်ချုပ်နေတဲ့ နည်းစနစ်ဟာ ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာစေတဲ့ ပင်လုံစာချုပ်နဲ့ လုံးဝ ကွဲပြားခြားနားမှု ရှိနေတယ်ခင်ဗျာ။ အဲဒီလို ကွဲပြားခြားနားမှုတွေကြောင့်ဘဲ တိုင်းရင်းသားတွေ အခွင့်အရေးဟာ နဂိုရတဲ့ အခွင့် အရေးတောင် မရဘဲနဲ့ အဲဒီကနေ တိုင်းရင်းသားတွေနဲ့ ပတ်သက်တဲ့အရေးတွေကို ပိတ်ပင်တားဆီးခံရတယ်။ နှိပ်ကွပ်ခံရတယ်။ ဒီ ၆၈ ဆိုတဲ့ နှစ်ကာလအတွင်းမှာလဲ ပင်လုံစာချုပ်အပေါ်အခြေခံပြီးမှ နိုင်ငံကို အုပ်ချုပ်တဲ့ စနစ်က မပေါ်လာသေးတယ်။ တိုင်းရင်းသားတွေရဲ့ ဘဝကလည်း အနိမ့်ကျခံဘဝ ရောက်နေတယ်လို့ ပြောလို့ရတယ်။ ပြီးနောက် တောင်တန်းဒေသနဲ့ မြေပြန်ဒေသတို့ရဲ့ ပူးပေါင်းမှုကို အခြေခံတဲ့ စာချုပ်ပေါ်မှာ တဖက်သတ် အစိုးရရဲ့ အာဏာကို ရယူထားတဲ့ လူတစုတဖွဲ့အစည်းကနေ ချိုးဖောက်တဲ့အတွက်ကြောင့်မို့ ပြည်တွင်းစစ်ဖြစ်ပေါ်လာရတယ်။ တိုင်းရင်းသားတွေရဲ့ ဘဝကလည်း အဖိနှိပ်ခံရတယ်။ ဒီလိုပဲ အနှစ်ချုပ်ပြောလို့ရတယ်။
မေး- လတ်တလော အစိုးရ စစ်တပ်နဲ့ ကေအိုင်အေ တပ်တို့အကြား တိုက်ပွဲ ဖြစ်ပွားမှု အခြေအနေလေး သိပါရစေရှင်။
ဖြေ- မနေ့က ၆ နာရီကနေ ၆ နာရီခွဲအထိ လိုင်ဇာရဲ့ အနောက်ဘက်မှာရှိတဲ့ တောင်တွေ ဘက်ကနေပြီးတော့ ကျွန်တော်တို့ရဲ့ ရှေ့တန်းစခန်းတွေကို ၈၁ မမ၊ ၆၀ မမနဲ့ အကြိမ် ၃၀ လောက်ပစ်တယ်။ တိုက်ပွဲတော့ မဖြစ်ဘူး။ သူတို့က ကျွန်တော်တို့ဘက်ကနေ တန်ပြန်တုံ့ပြန် ပစ်ခတ်မှုရှိအောင် သူတို့ လုပ်နေတာပါ။ ကျွန်တော်တို့ဘက်ကနေ ခုထက်ထိ ပြန်တုံ့ပြန်တာ မရှိသေးဘူး။ တုံ့ပြန်တာနဲ့တော့ တိုက်ပွဲက အကြီး အကျယ်ဖြစ်တော့မယ်
မေး- အစိုးရ စစ်တပ်ရဲ လှုပ်ရှားမှုတွေ ၊ အင်အားထပ်ဖြည့်တာတွေ ရှိနေသေးလား။
ဖြေ- အစိုးရ စစ်တပ်ရဲ့ စစ်ရေးပြင်ဆင်မှု အခြေအနေကတော့ လျော့နည်းသွားတာ မရှိပါဘူး။ တဖက်က အင်အားဖြည့်တင်းတာတွေ၊ စစ်ရေးလေ့ကျင့်တာတွေ အမြဲတမ်းလုပ်နေတာပါ။ ဒါကလည်း တိုင်းရင်းသားတွေ အဖွဲ့အစည်း ကျွန်တော်တို့ ကေအိုင်အိုအဖွဲ့ကို ဖိအားပေးတဲ့ ပုံစံဖြစ်ပါလိမ့်မယ်။ အခု မြစ်ကြီးနား လေတပ်စခန်းမှာ နေ့စဉ်နဲ့အမျှ တိုက်လေယာဉ်နဲ့ အရပ်သားတွေ မြင်နိုင်အောင်ဆိုတဲ့ စစ်ရေးလေ့ကျင့်မှုတွေ၊ ဂျက်လေယာဉ်နဲ့ ဖိုင်တာတွေနဲ့ လုပ်နေကြတယ်။ ဒါက ဘာလည်းဆိုတော့ စစ်ရေးဖြည့်တင်းမှုလို့လည်း ပြောလို့ရတယ်။ တဖက်မှာ စစ်ရေးနည်းနဲ့ ဖြေရှင်းမယ်ဆိုတဲ့ သင်္ကတကို ဖော်ဆောင်လာလည်း ဖြစ်နိုင်တယ်။ ပြင်ဆင်တာလည်း ဖြစ်နိုင်တယ်။
မေး- ကချင်ပြည်နယ် ဖားကန့်ဘက်မှာရော တိုက်ပွဲတွေ ဆက်ဖြစ်နေသေးလား လက်ရှိ အခြေအနေ ပြောပြပေးပါရှင်။
ဖြေ- ဖားကန့်ဘက်က ကိစ္စတွေလည်း အစိုးရဘက်က ညှိနှိုင်းဖြေရှင်းတာ မရှိပါဘူး။ ညှိနှိုင်းမခံလို့ဘဲ ကျွန်တော်တို့ တပ်ရင်း ၆ ကို ဝင်သိမ်းတဲ့သဘောပါ။ အမှန်တကယ် ကိစ္စတိုင်း ညှိနှိုင်းဖြေရှင်းလို့ ရတဲ့အရာပါ။ အဲဒီလိုပါဘဲ အခု နိုင်ငံရေး သဘောထားကို ပြေပြေလည်လည် ဆွေးနွေးချင်တယ်။ တန်းတူအနေနဲ့ ဆွေးနွေးချင်တယ်။ ဒါပေမဲ့ အစိုးရဘက်က အဲဒီလို မဟုတ်ဘဲ။ စစ်ရေးနည်းနဲ့ အပေါ်စည်းကနေ သူတို့ စေလိုရာကို လက်ခံနိုင်တဲ့ ဆွေးနွေးပွဲဆိုတာမျိုးကို ဖော်ဆောင်နေတာပါ။ ဒါကို ဖားကန့်မှာ တိုက်ပွဲဖြစ်တဲ့ကိစ္စက နမူနာတခုလို့ ပြောလို့ ရပါတယ်။
မေး- ၆၈ ကြိမ်မြောက် ပြည်ထောင်စုနေ့မှာ လူထုကို ဘာတွေ ပြောကြားချင်လဲ။
ဖြေ- ပြည်ထောင်စုဆိုတာ နာမည်သာ ရှိတာပါ။ အခုထက်ထိ ပြည်ထောင်စုဆိုတဲ့ အနစ်သာရကို နိုင်ငံသူနိုင်ငံသားတွေ ခံစားခွင့် မရှိသေးဘူး။ အဲဒီလို ကြောင့်ဘဲ ပြည်တွင်းမှာ ဖြစ်နေတဲ့ မတည်ငြိမ်မှု ပြည်တွင်းစစ်ကြီး။ ပြည်သူလူထုရဲ့ ဆင်းရဲတွင်းနက်နေတာကလည်း ဒီပြည်ထောင်စု အနစ်သာရကို အခု၆၈ နှစ်ထိ မခံစားရသေးဘူး။ အဲဒါကြောင့် စစ်မှန်တဲ့ ပြည်ထောင်စု ဖြစ်ပေါ်လာဖို့အတွက် နိုင်ငံသူနိုင်ငံသားအားလုံးမှာ တာဝန်ရှိသလို၊ အာဏာကို စွဲကိုင်ထားတဲ့ လူအစုကလည်း ဒီကိစ္စအပေါ်မှာ စဉ်းစားသင့်တယ်လို့ ဆိုချင်ပါတယ်။
မေး- လက်ရှိ မြန်မာနိုင်ငံမှာ အမျိုးသားပညာရေးဥပဒေနဲ့ ပတ်သက်လို့ ကျောင်းသားတွေ ဆန္ဒပြ ဖော်ထုတ်နေမှုအပေါ် ကေအိုင်အိုရဲ့ သဘောထားက ဘယ်လိုရှိလဲ။
ဖြေ- ဒါဟာလုပ်သင့်လုပ်ထိုက်တဲ့ အခွင့်အရေးကို သူတို့ တောင်းဆိုတဲ့အခွင့်အရေးပါ။ ဒီကိစ္စအပေါ်မှာ ဘယ်သူမှ ပိတ်ပင်တားဆီးလို့မရဘူး။ ဒါလူတိုင်းဟာ ပုံမှန်လိုအပ်နေတဲ့ လူမှုအဖွဲ့အစည်းတခုမှာ မရှိမဖြစ် လိုအပ်နေတဲ့ အခွင့်အရေးကို အစိုးရဘက်က မလုပ်ပေးဘူးဆိုရင်တော့ ဒါဟာ တောင်းဆိုရမယ့် အခွင့်အရေးရှိတယ်။ ဒီကိစ္စအပေါ်မှာ ကျွန်တော်တို့ဘက်က ဘာမှ ဝေဖန်ပြောဆိုတာ မရှိပါဘူး။ ဒါဟာ လုပ်သင့်တဲ့အရာတခုကို လူငယ်တွေကနေ သတ္တိရှိရှိ ဆောင်ရွက်နေတယ်လို့ဘဲ မှန်ချက်ပြုလို့ရတယ်။
Written by  Mizzima News
Source..http://www.mizzimaburmese.com/2013-10-20-16-34-56/item/38959-2015-02-14-04-22-47
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment