ဖန်သားပြင်ထက်က ဆတ်ဆတ်ကြဲ သူဋ္ဌေးမ တကယ့် ဘဝက သုည

လှပမှု မရှိ၊ ခိုင်ခန့်မှု မရှိ၊ ခရိုးခရိုင် ခြံ စည်းရိုး ခတ်ထားသည့် ခြံတွင်းတွင် လှမ်း မြင်နေရသည်က အလှစိုက် ပန်းအိုး အနည်း ငယ်။ မနီးမဝေးထောင့်လေး တွင် ရေတုံ ကင်နှင့် ရေဇလားကြီးက နေရာယူထား သလို တိုလီမိုလီ ပစ္စည်းများ၊ သစ်သားစ၊ အုတ်ခဲပဲ့ အစအနတွေက နေရာ အနှံ့ပြန့် ကျဲနေသည်။  ၁၆ ပေသာသာ ရှိသည့် ခြံ လေးပေါ် ရှိ ယိုင်တိယိုင်တိုင် အုတ်ခံပျဉ် ထောင် အိမ်နှစ်ထပ်လေး၏ အိုမင်းရင့်ရော် နေမှုက ဖုံးမရဖိမရ။
အိမ်နှင့် အပြိုင်ပင် ဇရာထောင်းနေပြီ ဖြစ်သည့် အမေအိုကြီး တစ်ယောက်က အိပ်ရာပေါ်တွင် ထိုင်နေသည်။ သူ့ဘေး နားမှာ တတွတ်တွတ်နှင့် စကားပြောနေ သူ ကို မြင်တော့ မောက်မာသော မျက်နှာပေး နှင့် ”မင်းလို အောက်တန်းစားကောင် က များ ငါ့သမီးကိုများ ရာရာစစ ချစ်တယ် ပြောရဲသေးတယ်၊ မင်း နဲ့ပေးစားမယ့် အစား ခွေး ကို အမြီးဖြတ်ပြီးတော့ ပေးစားပစ် လိုက်မယ် မှတ်ထား”ဟူသော စကားသံကို  ရုတ်တရက် ကြားယောင်လာမိသည်။
”ဧည့်သည် ရောက်နေတယ် အမေ”
သမီးဖြစ်သူ အသံလှမ်းပေးရာ သို့ နောက်ကျောခိုင်း ထားရာမှ လှည့်ကြည့် လိုက်ချိန်မှာတော့ သူဌေးမ မကြူ အနေ ဖြင့် အမြဲလို အပေါ်စီးမှ ဂုဏ်မောက်စွာ ပြောတတ် သည့် မျက်နှာ ထားမျိုးကို ရှာမ တွေ့။ မိတ်ကပ်မရှိ။ သနပ်ခါးမရှိ။ ပကတိ မျက်နှာ။
ဆွဲကြိုးဝါဝါဝင်းဝင်း၊  တံတောင်ဆစ် နားထိ ရှိတတ်သော လက်ကောက်များ၊ လူ အားလုံး သူ့လုပ်စာ စားနေရသလို မျက်နှာ ထားနှင့် သူ၏ ကျိကျိတက် ချမ်းသာမှုများ ကို မည်သည့်နေရာ တွင် ဖွက်ထားပါသ နည်း။
 ”ဝင်ခဲ့သားတို့သမီးတို့”
 အသံက ကြည်လင်ပြတ်သားသည်။ ဒါက သူ၏ ပင်ကို အရှိတရား ဖြစ်ပါမည်။ အဘယ့်ကြောင့် ဆိုသော် ဤနေရာက ရုပ် ရှင်ဇာတ်ဝင်ခန်း တစ်ခုမဟုတ်သကဲ့သို့ သူ သရုပ်ဆောင် နေသော တီဗီဖန်သားပြင် မဟုတ်သောကြောင့် ဖြစ်သည်။
ဂုဏ်မောက်၍ တင်စီးသော သူဌေးမ မကြူ အဖြစ် လူသိများသော သရုပ်ဆောင် မကြူနှင့် ဘဝထဲက မကြူ အစစ်တို့၏ ကွာ ခြားချက် ကိုတော့ သူ၏ စကားတစ်ခွန်းနှင့် ပင် လုံလောက် ပါလိမ့်မည်။
 ”ရုပ်ရှင်ထဲက မကြူ ကချမ်းသာပေ မယ့် အပြင်ကမကြူက ရုပ်ရှင်ထဲ ကလို မချမ်းသာပါဘူး”ဟု သာမန်လူ တစ်ဦး၏ အပြုံးဖြင့် သူက ဆိုပါသည်။
”အရင်က ထမင်းဆိုင် ဖွင့်ထားတယ်။ ရှုတင်က လူတွေလာစားရင်းနဲ့ ဘဘစန္ဒာ အောင်သိန်းက ရုပ်ရှင် ရိုက်ကြည့်ပါလား ဆိုတော့ ကိုယ်လည်း ဝါသနာပါသူပဲ၊ တစ်ခန်း စ နှစ်ခန်းစ ထည့်ရိုက်ပေးရာကနေ ဒီအနုပညာကို လုပ်ဖြစ်သွားတယ်” ဟု မကြူက အပြင်ကိုငေးကြည့်ရင်း သူ၏ အနု ပညာ ခရီးလမ်းအစကို မှတ်မှတ်ရရ ပြော သည်။
မကြူက ပညာရေးတစ်ပိုင်း တစ်စနှင့် ကျောင်းထွက်ခဲ့ ရပြီး မိဘများနှင့် အတူ မိသားစုဝန်ကို ထမ်းနေရသူ။ အနုပညာကို ငယ်စဉ် ကတည်းက ရူးသွပ် ခဲ့သော်လည်း အဆက် အသွယ် အသိုင်းအဝိုင်း မရှိခဲ့သည့် အတွက် ရွာက ပွဲများ၌သာ ဖျော်ဖြေခဲ့ဖူး သည်။
သူထမ်းထားရသည်ကမိသားစု ကိုးဦး ၏ ဝန်။
 ”သမီးကြီး နဲ့သူ့အမျိုးသားက ဒေါ်ဒေါ် တို့နဲ့ တစ်အိမ်တည်း အတူ နေပေမယ့် သူ့ တို့အိုး နဲ့ သူတို့စားကြတယ်” ဟု မကြူက ပြောသည်။
 မောင်နှမ သုံးယောက်ရှိပြီး အငယ်ဆုံး မောင်လေးဖြစ်သူက ကွယ်လွန်သွားပြီဖြစ် သလို ၄င်း၏ ခင်ပွန်းဖြစ်သူ မှာလည်း ဒုတိယသမီး ငယ်စဉ်ကတည်းက ကွယ်လွန် သွားခဲ့ သည်။
လက်ရှိတော့ အသက် ၈၅ နှစ် အမေ အို၊ အပျိုကြီးဖြစ်သူညီမနှင့် ယောက်မလေး အပါအဝင် မကြူ၏သမီး၊ သမက်၊ မြေးများ နှင့်အတူ သန်လျင်ရှိ ဘိုးဘွား ပိုင်ခြံလေး မှာ အတူနေထိုင် ကြသည်။
 ”ညီမနဲ့ ယောက်မလေးတွေ ကတော့ အိမ် စားစရိတ်တွေ ကူညီ ထောက်ပံ့ပေး တယ်။ သမီးကြီးက သူ့အိမ်ထောင် နဲ့သူပေါ့” ဟု မကြူက ဆိုသည်။
ကျရာ ဇာတ်ရုပ် ကို ပီပီပြင်ပြင် သရုပ် ဆောင်နိုင်ရန် ဈေး၊ ရပ်ကွက် ပတ်ဝန်းကျင် က အဖြစ်အပျက်တွေ ကို မျက်ခြည်မပြတ် အတုခိုး လေ့ကျင့်ခဲ့ ဖူးကြောင်း မကြူက ပြော သည်။
 ”ဇာတ်ရုပ် ပီပြင်အောင် လုပ်တယ်၊ အပြင်မှာ အဲဒီလို တစ်ဖက်သားကို ပြောဆို ချင်တဲ့ စိတ်မျိုး မရှိဘူး”ဟု မကြူ က ပြော သည်။
သန်လျင် မကြူသည် အချစ်၊ ဒရမ်မာ ဖိုက်တင် ဇာတ်ကား တော်တော် များများမှာ သူဌေးမ တစ်ဦး အသွင် ဇာတ်ရုပ်နေရာ မှာ အမြဲ ပါဝင်ခဲ့ဖူးသလို အိမ်ဖော် ဇာတ်ရုပ် အ သွင်၊ သာမန် အိမ်ထောင်ရှင် အမျိုးသမီး ဇာတ်ရုပ်လည်း သရုပ်ဆောင် ဖူးသည်။
သို့သော် သူမကို သန်လျင် မကြူဟု အများက မသိကြပေ။ တစ်ခန်းစနှစ်ခန်း စနှင့် ကျရာ ဇာတ်ရုပ်ကို ပီပီပြင်ပြင် သရုပ် ဆောင်နိုင်ခဲ့သည့် အတွက် ‘အပေါက် ဆိုးတဲ့ ဟိုမိန်းမလေ’ဟုသာ သူမ၏ နာမည်တွင်ခဲ့ သည်။
 ”သမီးငယ် ကတောင် ကျွန်မကို ပြော ပါတယ်။ မေမေရယ် အဲဒီ ဇာတ်ရုပ်တွေ မရိုက်ပါနဲ့တော့၊ သမီး သူငယ်ချင်းတွေက ပြောတယ်၊ နင့်အမေ ကလည်း အပေါက်ဆိုး လိုက်တာတဲ့။ ကျွန်မ ကပြန်ပြောပြ ရတယ်။ သမီး ဒါက ဇာတ်ကားထဲမှာ ဇာတ်ကားပီ ပြင်အောင် ရိုက်တာ။ သူငယ်ချင်းတွေကို ပြန်ပြော ပြလေလို့၊ အဲဒီလိုရှင်းပြ ရတယ်” ဟု ပြောနေသည့် မကြူ၏ မျက်နှာတွင် စိတ် မကောင်းသည့် ဟန်ကို ဖုံးမရ။
တစ်ခါရိုက်မှ တစ်သောင်း ထက်ပို မရသော အနုပညာလောက မှာ ပျော်မွေ့နေ သူတစ်ဦး ၏ အနုပညာ ခံယူချက်ကတော့ ရိုးရှင်းလှသည်။
 ”အနုပညာကို တကယ်မြတ်နိုးလို့ပါ”ဟု မကြူက ပြောသည်။
 ”ဒေါ်ဒေါ့် ကိုခေါ်ရင် သူတို့ပေးတဲ့အနု ပညာကြေးပဲ ယူခဲ့တယ်။ အဲဒီတော့ တစ် ခုခုဆို မကြူကိုခေါ်လိုက် မကြူ ကိုခေါ် လိုက်။အဲဒီလိုကနေ ရွာသား ဇာတ် လိုလာ ရင် မကြူရွာ ထဲက လူတွေခေါ်ပေးတယ်။ ငါးထောင် ရလည်း သူတို့အတွက် ရွှေပဲ လေ”ဟု မကြူက ကိုယ့်အတွက် သာမက အိမ်ဘေးနားက သူများ အတွက်လည်း ကူညီတတ် ပုံကို ပြောပြခဲ့သည်။
ဖန်သားပြင်ထဲမှ သူ၏ ရိုင်းစိုင်းသည့် အပြုအမူက ရွံရှာ မုန်းတီးစရာ ကောင်း သည့် အတွက် သူမကို အားလုံးက အဝေးမှ ကွေ့ပတ်ရှောင်ကြဉ် သွားတတ်ကြသည်။
ကန့်လန့်ကာ ရှေ့မှ မကြူနှင့် ကန့်လန့် ကာနောက်ဘဝ အစစ်အမှန်မှ မကြူ  အဖြူ နှင့် အမည်းလို ကွာခြားမှန်း သိသူနည်းကြပါ လိမ့်မည်။
”ဒီလို သရုပ်ဆောင်တာ သူ ငယ်ချင်း တွေကတောင် ပြောတယ်။ နင်မှ ဟုတ်ပါ့ မလား။ စကားတွေများ ပက်ပက် စက်စက် ပြောတတ်လိုက်တာ။ ဒါပေမဲ့ ဒီလိုလုပ်လို့ သူငယ်ချင်းတွေ ဒေါ်ဒေါ့်ကို မခေါ် မပြော ဘဲနေတာ မရှိပါဘူး။ ဒါက ဒေါ်ဒေါ့် အလုပ် ဖြစ်နေတာကိုး”ဟု မကြူက ပြောသည်။
သရုပ်ဆောင် တစ်ယောက်မို့ နိုင်ငံ တော်ဇာတ်ကား များအတွက် လိုအပ်ပါက ပါဝင်ရသလို ပညာပေး ဇာတ်ကားများ အတွက်လည်း  သန်လျင် မကြူ မငြင်းခဲ့ပါ။
”ဘယ်သူဘယ်ဝါ ရိုက်လို့ဆိုပြီး ဒေါ် ဒေါ်တို့မှာရွေးချယ်စရာ မရှိဘူး။ ကျရာနေ ရာ ရရာ ဇာတ်ရုပ်ကို အကောင်းဆုံးဖြစ် အောင်သာ သရုပ်ဆောင်ခဲ့ ကြတာပါ” ဟု မကြူ က တွေတွေငေးငေးပြောသည်။
သန်လျင် မကြူ အိမ်ထောင်ကျပြီး အနု ပညာလောကမှ ခေတ္တ ပျောက်ကွယ်သွား ခဲ့ဖူးသည်။ အိမ်ထောင်ဖက်၏ တားဆီး ပိတ်ပင်မှုကြောင့် မဟုတ်သလို သားသမီး မျက်နှာကြောင့် ပျောက်ကွယ်ခဲ့သည်လည်း မဟုတ်ခဲ့ပေ။
”အိမ်ထောင်ကျပြီး စားဝတ်နေရေး တစ်ခုကြောင့် အနုပညာ လောကက လူ တွေနဲ့ အဆက်အသွယ် ပြတ်သွားခဲ့တယ်။ အဲဒါကြောင့် မကြူ ဇာတ်ကားတွေ ထဲမှာ ပျောက် သွား တာပါ”ဟု ပြောသည်။
”အချိန် တော်တော်ကြာမှ အဆက်သွယ် ပြန်ရလို့ ပြန်ရိုက်ဖြစ်တာ။ အိမ်မှာ လည်း အပြင်စီးပွား ဆိုလို့ ညီမ အပျိုကြီးရဲ့ ဆိုင်ကလေးပဲ ရှိတယ်” ဟူသော မကြူ၏ စကား ကတော့ သူ၏ဘဝ ကို သရုပ်ဖော် ချက် ဖြစ်သည်။
အပြောအဆို ရိုင်းစိုင်းသည့် ခပ်စွာစွာ ဇာတ်ရုပ်မျိုး သရုပ်ဆောင် ရိုက်ကူးရသည့် အတွက်  ကြည့်ရှုသူ ပရိသတ်တွေမုန်းမည် ကို စိုးရိမ်ခဲ့သော်လည်း နားလည်နိုင် ပါ စေဟုသာ ဆုတောင်းခဲ့ကြောင်း မကြူက ပြောသည်။
”အနုပညာကို ချစ်တယ်။ အနုပညာ က ဘဝ ရပ်တည်နိုင်အောင် ကူညီပေးခဲ့လို့ ဒီလို အပြုအမူမျိုးကို မလုပ်ချင်ဘဲ အောက် ကျခံ လုပ်ရတာပေါ့။ စကားပုံ တစ်ခု ရှိ တယ် လေ။ မချစ်သော်လည်း အောင့်ကာနမ်း ဆို သလိုပေါ့”ဟု အမှတ်မဲ့ ဟန်ဖြင့်  မျက်နှာကို ငုံ့ရင်း သူပြောသည်။
 စကားပြောရင်း သတိတရရှိ ဟန်ဖြင့်    ‘အမေ ထမင်းဆာပြီလား။ စားတော့မှာ လား’ ဟုမေးကာ မိခင် စားသောက်ရန် ပြင် ဆင်ပေးနေသည့် မြင်ကွင်း ကတော့ ရုပ်ရှင် ထဲ ကလို ”ဟဲ့ …”ဟု အိမ်ဖော်ကို အမိန့် ပေးနေသည့် လေသံမျိုး မဟုတ်။   ကရုဏာ၊ ချစ်ခြင်းမေတ္တာ များစွာနှင့် သမီးအလိမ္မာ တစ်ဦး၏ ဟန်။
”ဒေါ်ဒေါ်တို့က အနုပညာကြေး ဆိုလည်း သိန်း နဲ့ချီမရဘူး သမီးရေ။ ရတဲ့နေ့ တွက်ကြေး ပဲယူပြီး ရိုက်ရတာလေ။ အဓိက ကတော့ အဘွား အတွက်ဆေးတွေ စားစရာ တွေကတော့ စိုပြေတာပေါ့” ဟု မကြူက မိခင်စားရန် ထမင်း ပြင်ဆင်ပေးနေရင်း တစ်ဖက်ဖြင့် ပြောသည်။
မင်းသား မင်းသမီး အနုပညာရှင် အများစုက ချမ်းသာကြသည်။  ခမ်းနားသော တိုက်တာများ ပိုင်ဆိုင်ကြသည်။ သို့သော် ထိုအထဲတွင် နေ့တွက်စား သရုပ်ဆောင် များ၊ လူကြမ်း မင်းသားများ၊ စက်အဖွဲ့သား များနှင့် အောက်ခြေ အဖွဲ့သားများ မပါ။
 ”ဒေါ်ဒေါ်က ကြိုက်တဲ့ဈေး တောင်း လို့ရတဲ့ မင်းသမီး မဟုတ်ဘူး။ ရတာကိုပဲ ကျေနပ်ပျော်ရွှင် ရတဲ့ မင်းသမီး မဟုတ်တဲ့ မင်းသမီးပါ”ဟု ရယ်မောကာ ပြောသည်။
 ”ကိုယ့်ကိုခေါ်လို့ ဈေးနည်းတယ်၊ မရိုက် ချင်ဘူးပြောရင် နောက်တစ်ခါ ဆို ခေါ် တော့မှာ မဟုတ်ဘူးလေ။ ဒေါ်ဒေါ်တို့က ဒီနေ့လိုမှ ဒီနေ့ခေါ်ရိုက်ကြတဲ့ လူတွေပါ”ဟု မကြူက သူတို့လိုဇာတ်ပို့ သရုပ်ဆောင် များ၏ ရပ်တည်နေရ မှု အခြေအနေကို လှစ်ဟပြသည်။
သူ့အတွေ့အကြုံ အရ တစ်နေ့တာ အတွက် သုံးခန်းရိုက်ရန် သာ ဖြစ်သော် လည်း  လေးခန်း အတွက်ဖြစ်နေလျှင်လည်း ငွေကြေး ထပ်မတောင်းတော့ဘဲ  အလကား ရိုက်ပေး ခဲ့ဖူးတာရှိသည်ဟု ပြောပြသည်။
 ”မြန်မာတွေမှာ အင်မတန် ချစ်စရာ ကောင်းတဲ့ စိတ်ဓာတ် တစ်ခုရှိတယ်။ ကူညီ ပါဦးဆိုတာနဲ့ ကူညီပြီးသားပဲ။ ဟိုဘက်က ကျေးဇူးတင်တင် မတင်တင် ကျေနပ်နေကြ တဲ့သူတွေပါ” ဟု မကြူက ရယ်ကာ မော ကာ ပြောသည်။
အနုပညာကြေးနှင့် ပတ်သက်ပြီး မကြူက ”ကိုယ့်နောက်က  တက်လာတဲ့ လူတွေကတောင် သိန်း နဲ့ ချီပြီး ရကြတယ်။ ကိုယ်တွေ ကသောင်း ဂဏန်းကနေ မတက် ဘူး။ ဘုရားပေး တာကိုပဲ ကျေနပ်ပါတယ်။ ဘာပဲလုပ်လုပ် ဘုရားကိုပဲ အားကိုးတယ်” ဟု မကြူက ရင်ဘတ်ကို ဖိပြီး ပြောပြခဲ့ သည်။
အဓိက ဇာတ်ပို့သရုပ်ဆောင်များ မပါ ပါက ဇာတ်လမ်း တစ်ပုဒ် အသက်ဝင် လာ နိုင်ပါမည်လား။   မင်းသား၊ မင်းသမီးများ ကိုရော ပရိသတ် များက သနားစရာ အဖြစ် မြင် လာနိုင် မှာလား။ တကယ်တော့ သူတို့ လိုဇာတ်ပို့ များဟူသည်က လက်ရှိမြန်မာ့ ရုပ်ရှင်လောက တွင် အဖြည့်ခံများ သက် သက်။
 ”မကြူ ဇာတ်ကားတွေ အများကြီး ရိုက်ရတယ်။ ပိုက်ဆံတွေထား စရာနေရာ ရှိလား မေးရင်ရှိပါတယ်။ အကုန်လုံး ဗိုက် ထဲထည့်နေပါတယ်။ စုမိဆောင်း မိတယ် ဆိုတာ မရှိပါဘူး။ ခေတ်မီတဲ့ ကုန်ဈေး နှုန်းနောက်ကို လိုက်ရတဲ့ ပိုက်ဆံတွေက ရတာလေး နဲ့တောင် လိုက်မမီပါဘူး”ဟု မကြူက ရယ်မောကာ ပြောသည်။
သို့သော် သူ့ပုံစံက အနုပညာ အပေါ် စိတ်နာဟန်လည်း မရှိပါ။ ထို့ပြင် အနု ပညာ ဝါသနာပါသည့်မြေးနှစ်ဦး ၏ကြောင်း ကို အားတက် သရော ပြောပြသေးသည်။
 ”အကြီးလေး ကတော့  ကလေးသရုပ် ဆောင်၊ တော်တော် ရိုက်ရတယ်။ အငယ် လေးက ငယ်သေးလို့ သိပ်ပေး မလုပ်သေး ဘူး။ သူတို့လေးတွေ ဝါသနာ ပါရင်တော့ အဘွား တစ်ဦးအနေနဲ့ ပံ့ပိုးပေးမှာပါ”ဟု မကြူက ရင်ခွင်ကြားမှာ အိပ်ရေး မဝ၍ ငို နေသည့်မြေးငယ်လေး ကို ငုံ့ကြည့်ရင်း ပြော သည်။ ပြီးတော့ လက်ကို ပုခက်ကဲ့ သို့ လှုပ် ကာလှုပ်ကာဖြင့်  တိုးတိုးလေးညည်း ဆို လိုက်ပါသည်။
”တိတ်ပါတော့ကွယ် ဘွားဘွား မြေး လေးရယ်၊ ဘွားဘွားက ဖက်ပြီး သိပ်မှာ ပေါ့။ အိပ်ပါတော့ မြေးလေး ရယ် မငိုနဲ့ တော့ မြေးလေးရယ်…”
တီဗီဖန်သားပြင် ထက်မှ၊ ရုပ် ရှင်ပိတ် ကားများထက်မှ ၊ ဇာတ်ဝင် ခန်းများ အတွင်း မှ ရွှေတွဲလွဲငွေတွဲလွဲ ချမ်းသာမှုဖြင့် မောက် မာ ရိုင်းစိုင်းတတ်သော သူဌေး မကြူ မဟုတ် သည့်ဒေါ်ကြူ၏ မေတ္တာလွှမ်းသော သီချင်း သံက ဟောင်းနွမ်းယိုင်နဲ့နေသော အိမ် လေး အတွင်းမှ အပြင်သို့ လွင့်ပျံနေပါ သည်။
ထူးထူး
Source:Popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment