သဘာဝဓာတ်ငွေ့ထိန်း/ဖြန့် စခန်း ဝင်းအတွင်း ဓာတ်ငွေ့ပိုက်လိုင်းပေါက်ကွဲမှုဖြစ်ပွား


ဘားအံ ဧပြီ ၂၈

ကရင်ပြည်နယ် ဘားအံမြို့နယ် မြိုင်ကလေးကျေးရွာအုပ်စု ဖိုးရှိုး ရပ်ကွက်ရှိ သဘာဝဓာတ်ငွေ့ထိန်း/ဖြန့် စခန်း ဝင်းအတွင်း မော်လမြိုင်ဓာတ်ငွေ့စခန်းမှပေးပို့သည့် လက်မ(၂ဝ)အဝင် ဓာတ်ငွေ့ပိုက်လိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဓာတ်ငွေ့များနှင့်မီးခိုးများထွက်ရှိခဲ့သော ဖြစ်စဉ်တစ်ခု ဧပြီ၂၇ ရက်ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဓာတ်ငွေ့ပိုက်လိုင်းပေါက်ကွဲမှုကြောင့် ဓာတ်ငွေ့ထိန်းစခန်းဝင်းအတွင်းရှိ အချင်းလက်မ (၂ဝ)ပိုက်လိုင်း ခြောက်ပိုင်းပြတ်ထွက်ကာ ပေ ၅ဝ ခန့်အထိ လွင့်စဉ်ခဲ့ပြီး ဓာတ်ငွေ့ထိန်းစခန်းဝင်းအတွင်းရှိ အဆောက် အအုံတစ်ခုနံရံအား ထိမှန်၍နံရံပြိုကျပျက်စီးခဲ့ရသည်။ ပေါက်ကွဲမှုအရှိန်ကြောင့် အနီးပတ်ဝန်းကျင် ဖိုးရှိုးရပ်ကွက်ရှိ ကြည်နူးရိပ်တည်းခိုခန်းအဆောက်အအုံများတွင်လည်း မှန်ပြူတင်းပေါက်များနှင့်မျက်နှာကြက်များလည်း ပျက်စီးခဲ့ရ ကြောင်း သိရသည်။

ယင်းပေါက်ကွဲမှုမှလွင့်စဉ်သွားသော ကျောက်ပြားတစ်ချပ်မှာလည်း ကိုက် ၃ဝဝခန့်အကွာ ဘားအံ-ရန်ကုန်အမြန် လမ်းမကြီးသို့ရောက်ရှိသွားပြီး ကားလမ်းမ၌လည်း တစ်တောင်ခန့်ကျင်းချိုင့်အဖြစ် ထိမှန်ပျက်စီးသွားကာ ဖိုးရှိုး ရပ်ကွက်ရှိ ဓာတ်တိုင်အမှတ်(၂၆၆)ကို ဆက်လက်ထိမှန်၍ ဓာတ်တိုင်အနီးရှိ ဖုန်းကေဘယ်လိုင်းမှတ်တိုင်တစ်ခု လည်း ပျက်စီးခဲ့ရသည်။ အခင်းဖြစ်နေရာသို့ ပြည်နယ် ခေတ္တပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ထွန်းဦး၊ နယ်မြေခံရဲကင်း စခန်းမှူး ဒုရဲအုပ် စိုးခိုင်နှင့်ရဲတပ်ဖွဲ့ဝင်များ၊ ဘားအံခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်စိုးဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမင်းအောင်၊ မြို့နယ် မီးသတ်ဦးစီးမှူး ဦးအောင်ရဲမင်းနှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ တန် ၉ဝဝ ဘိလပ်မြေစက်ရုံမှူးနှင့် တာဝန်ရှိသူများက လာရောက်၍ ပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်၍မေးမြန်းစစ်ဆေးခဲ့ကြသည်။

ဓာတ်ငွေ့ပိုက်လိုင်းပေါက်ကွဲရခြင်းနှင့်ပတ်သက်၍ ဓာတ်ငွေ့ထိန်း/ဖြန့် စခန်းတာဝန်ခံဦးလှကို(စတုတ္ထ အင်ဂျင်နီ ယာ၊ မြိုင်ကလေးဓာတ်ငွေ့ထိန်း/ စခန်း)၏ပြောပြချက်အရ ဓာတ်ငွေ့ထိန်း/ဖြန့် စခန်းမှ လက်ခံနိုင်သည့် (၄၇ဝ) PSI ရှိသည့် အနက်(၂၇ဝ)PSI ရောက်ရှိစဉ် ဓာတ်ငွေ့ပိတ်ဆို့မှုကြောင့် ပေါက်ကွဲခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဓာတ်ငွေ့ပိုက်လိုင်းပေါက်ကွဲမှုဖြစ်စဉ်မှာ ညနေ ၄ နာရီ မိနစ် ၄ဝ က ဖြစ်ပွားခဲ့ပြီး ညနေ ၅ နာရီ ၁၅ မိနစ်တွင် မော်လမြိုင်ဓာတ်ငွေ့ထိန်းစခန်းမှ ပိတ်လိုက်သဖြင့် ဓာတ်ငွေ့နှင့်မီးခိုးများ ထွက်ရှိမှု ရပ်တန့်သွားခဲ့သည်။

ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ပတ်ဝန်းကျင်ရှိဒေသခံပြည်သူများ၊ အဝေးပြေးလမ်းမရှိခရီးသွားလာယာဉ်များနှင့် ခရီးသွားပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိခဲ့ကြောင်း သိရသည်။

ထွန်းထွန်းထွေး(ဘားအံ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment