ပရိသတ်တွေကြောင့် ပွဲစဉ်အစကနေ အဆုံး အဆင်ပြေစွာ ဆက်လက် ယှဉ်ပြိုင်နိုင်တာပါလို့ ပြောလာတဲ့ အိပ်မက်ဆုံရာ ပထမဆုရှင် အောင်ထက်


ပရိသတ်အများ အားပါးတရ အားပေးခဲ့ကြသလို အိပ်မက်ဆုံရာ ရာသက်ပန် မှာ သူ့အသံနဲ့ သူ့ဟန်ပန်က ပရိသတ်အတွက် အမှတ်ရစရာဖြစ်ခဲ့တာမို့ အိပ်မက်ဆုံရာ ရာသက်ပန် အစီအစဉ်မှာ ပထမဆုကို ထိုက်တန်စွာ ရရှိခဲ့တဲ့ အောင်ထက်နဲ့တွေ့ဆုံခိုက်
-အိပ်မက်ဆုံရာ ရာသက်ပန် အစီအစဉ်မှာ ၀င်ပြိုင်ဖြစ်ခဲ့ပုံလေးကို အရင်ပြောပြပေးပါဦး။
အစက ကျွန်တော်က ၀မ်းစာအတွက် အလုပ်လုပ်နေတာခင်ဗျ။ ကျွန်တော့်ရဲ့ မိတ်ဆွေတွေက စုံစမ်းပေးကြတယ်။ အရင်ပုံစံတွေနဲ့လဲမတူဘူး။ မြန်မာနိုင်ငံမှာ အဲ့ဒီလိုပုံစံမျိုးလဲ မရှိသေးဘူးပေါ့။ စီးရီးလဲ လုပ်ပေးမယ်။ ကျွန်တော် စိတ်ဝင်စားသွားတယ်။ ဒီ Forever media က အရမ်းကောင်းတယ်လေ။ ကျွန်တော်တို့ဖြစ်ချင်တာတွေကို အထောက်အပံ့ပေးနိုင်မဲ့ မီဒီယာ တစ်ခုလို့မြင်မိတယ်။ ပြီးတော့ ပြိုင်ရမဲ့ပုံစံကလဲ ထူးထူးခြားခြား ဖြစ်တဲ့အတွက်ဝင်ပြိုင်ဖြစ်ခဲ့တာပါ။
-အစ်ကို့ရဲ့မိသားစုအကြောင်းလေးကို ပြောပြပေးပါဦး။
ကျွန်တော့်အမေက ကယား၊ အဖေက ဗမာ။ ကျွန်တော်တို့မှာ မိသားစု ၅ ယောက်ရှိတယ်။ ကျွန်တော်က ကယားမှာမွေးတယ်။ ကြီးပြင်းတာကတော့ မကွေးဖက်မှာပါ။ ခုရန်ကုန်ကိုရောက်နေတာ ၁၀ နှစ်ရှိပြီ။ ကျွန်တော်အလုပ်ကတော့ စုံတယ်။ ဒီပြိုင်ပွဲမှာ မ၀င်ခင်နောက်ဆုံးလုပ်ခဲ့တာက Construction မှာပေါ့။ အခုတော့ မလုပ်ဖြစ်တော့ဘူး။ ဟိုးကလေးဘ၀ကတည်းက ငါကြီးလာရင် ဂီတအလုပ်ကို လုပ်မယ်ဆိုပြီး စဉ်းစား ထားပြီးသားပါ။ ကျွန်တော်ကြီးလာရင် အဆိုတော်လုပ်မှာဆိုပြီး လူတိုင်းကိုပြောခဲ့တာ အခုကျမှ အခွင့်အရေးရတုန်းလေး ကြိုးစားဖြစ်ခဲ့တာပါ။
-ဒီပြိုင်ပွဲမှာ အစစအရာရာ အဆင်ပြေဖို့အတွက် ဘယ်သူတွေက အဓိက ကူညီထောက်ပံ့ပေးခဲ့လဲ။
ရန်ကုန်မြို့မှာက ကျောတစ်ခင်းစာရဖို့အတွက် အရမ်းခက်ခဲတယ်လေ။ ကျွန်တော့ကို နေဖို့ရော၊ စားဖို့ရော အဆင်ပြေအောင် ကျွန်တော့်အစ်ကို လင်မယားက ကူညီပေးခဲ့တယ်လေ။ သူတို့အိမ်မှာ ကျွန်တော့်ကို ခေါ်ထားတယ်။ ၀င်မပြိုင်ခင်က စုထားဆောင်းထားတာလဲ များများစားစား မရှိတဲ့အတွက် စုထားဆောင်းထားတာလေးတွေကလဲ သွားတာလာတာနဲ့ တစ်လတောင် မခံဘူး။ ကုန်သွားတယ်။ နောက်ပိုင်းကျတော့ အဆင်ပြေသလို သွားလာရတယ်။ ဘတ်စ်ကားလဲ စီးသွားတယ်။ ဘတ်စ်ကားကတော့ ဟိုးအရင်ကတည်းက စီးတာဖြစ်တဲ့အတွက် ကိစ္စတော့မရှိဘူး။ နောက်ပိုင်းကျတော့ အချိန်တွေ ဘာတွေနဲ့သေချာချိန်းထားတော့ သွားရလာရတာ အဆင်မပြေဘူး။ ငွေရေးကြေးရေးကလဲ ကျွန်တော်တို့မှာ အဆင်မပြေဘူး။ အစ်ကိုအိမ်မှာစားတယ်ဆိုပေမဲ့ သူတို့မှာလဲ အခက်အခဲတော့ရှိမှာပဲလေ။ ရန်ကုန်မြို့ပေါ်မှာ လူတစ်ယောက်ကို တင်ကျွေးထားဖို့ဆိုတာ တော်တော်ကို မလွယ်တာပါ။  ပြီးတော့နောက်ပိုင်း ပြိုင်ပွဲလ အလယ်လောက်မှာဆိုရင် ဒီအစီအစဉ်က စကားဝိုင်း အစီအစဉ်တွေမှာဆို ကျွန်တော်တို့ဘယ်လိုအခက်အခဲတွေရှိတယ်ဆိုတာ တစ်ယောက်နဲ့တစ်ယောက်ပြောကြတယ်။ အဲ့ဒီမှာ ကျွန်တော်တို့ကို အားပေးတဲ့သူတွေက တတ်နိုင်သမျှ အ၀တ်အစားဆို အ၀တ်အစား လူကြုံနဲ့ပါးပြီး ပို့ပေးတာမျိုးတို့ လူချင်းလဲ မသိဘူးပေါ့။ ဖေ့စ်ဘုတ်မှာပဲ ခင်ကြတာလေ။ ကျွန်တော်တို့အခက်အခဲကို ကြားတဲ့အခါ ကူညီပေးကြတယ်။ နိုင်ငံခြားတွေကလဲ ငွေလွှဲပေးကြတယ်။ လူကြုံနဲ့လွှဲပေးကြတယ်။ နာမည်တောင်မသိဘူးဗျာ။ ကျွန်တော်အဆင်ပြေပြေ ပြိုင်နိုင်အောင် သွားဖို့လာဖို့ငွေကြေး၊ ၀တ်ဖို့စားဖို့ အ၀တ်အစားကအစ အားလုံး ကူညီပေးကြတယ်။ အဲ့ဒါကြောင့် နောက်ဆုံးထိပြိုင်ပြီး ဆုကိုရအောင်ကြိုးစားခဲ့နိုင်တာပါ။ အဓိကကတော့ နေစရာပေးထားတဲ့ အစ်ကိုလင်မယားကို ကျေးဇူးတင်တယ်။ တခြားအဖက်ဖက်က ကူညီပေးခဲ့တဲ့ ပရိသတ်တွေကိုလဲ အရမ်းကျေးဇူးတင်တယ်။ ပြိုင်ပွဲပြီးခါနီးထိ စိတ်ချမ်းသာအောင်ထားတယ်။ အသေးစိတ် အများကြီး လိုက်ဂရုစိုက်ပေးတယ်။ အဲ့ဒါကြောင့်ဒီမှာ အဆင်ပြေပြေနဲ့ ဆက်ပြိုင်နိုင်ခဲ့တာပါ။
-အိပ်မက်ဆုံရာ ရာသက်ပန် ပြိုင်ပွဲလေးအပေါ် အစ်ကို့ရဲ့အမြင်လေးကိုပြောပြပေးပါဦး။
အစီအစဉ်လေးက ကျွန်တော်တို့လို ၀ါသနာရှင်တွေ အတွက် ကျွန်တော်တို့လို ကြိုးစားနေတဲ့သူတွေအတွက် အရမ်းကို အထောက်အပံ့ပေးနိုင်တဲ့ပွဲလေးပါ။ ဒီပြိုင်ပွဲကနေ အတွေ့အကြုံတွေ အများကြီး ရနိုင်တယ်။ ဂီတလမ်းကြောင်းမှာလျှောက်မယ်ဆိုရင် ရာသက်ပန်ကို လာပြိုင်စေချင်တယ်။ ရာသက်ပန်မှာက ဒီဂီတ အလုပ်တစ်ခုတည်းအတွက် အတွေ့အကြုံရတာမဟုတ်ဘူး။ မီဒီယာနဲ့ပတ်သက်တာတွေရော၊ တခြားပေါင်းသင်းဆက်ဆံရေးတွေရော၊ ဒီလောကထဲမှာ လျှောက်မယ်ဆိုရင် တွေ့ကြုံရမဲ့ အခက်အခဲတွေကိုရော တစ်ခါတည်း အတွေ့အကြုံရတယ်။ စိတ်ဓာတ်ကိုလဲ ခိုင်ခိုင်မာမာထားစေချင်တယ်။ စိတ်ကိုလဲ အရိုးရှင်းဆုံးထားပြီးပြိုင်ပါ။ ဂီတကိုလဲလွတ်လပ်စွာခံစားပါလို့ပြောချင်ပါတယ်။
-ဂီတကိုရောဘယ်လောက်အတိုင်းအထာလောက်ထိရူးသွပ်လဲ။
ကျွန်တော့စိတ်ထဲမှာ ဒီဟာက အမြဲတမ်းကိန်းအောင်းနေတယ်။ တခါတလေ စိတ်ထဲမှာ ရှိတဲ့ အတိုင်းလုပ်ချင်တာတွေလုပ်နေတတ်တယ်။ ဒီဟာနဲ့ပတ်သက်တာကိုလုပ်နေရရင်ကျွန်တော်မရှက်ဘူး။ မကြောက်ဘူး။ ဘယ်သူတွေ ဘယ်လိုပဲပြောပြောမရှက်တတ်ဘူး။ ငယ်ငယ်လေးကတည်းက တစ်ယောက်တည်းနေရင်လဲ သီချင်းဆိုနေတယ်။ လမ်းသွားရင်းလဲ သီချင်းဆိုနေတယ်။ မဆိုရင်လဲဒီဟာပဲတွေးနေတယ်။ အမြဲတမ်း တစ်ရက်တစ်ရက်က အိပ်ချိန်မှာတောင် ဒီဟာကိုပဲ စဉ်းစားတယ်။ ၂၄ နာရီမှာ ဒီဟာနဲ့ပတ်သက်တာတွေကိုပဲစဉ်းစားနေဖြစ်တယ်။ ရူးသွပ်မှုက စက္ကန့်တိုင်းတော့မပြောတော့ပါဘူး။ နာရီတိုင်းလိုလိုကို အတွေးထဲမှာ ရှိနေပါတယ်။
-အိပ်မက်ဆုံရာ ရာသက်ပန် အစီအစဉ်မှာ ပြိုင်ဖို့ အစီအစဉ်ရှိတဲ့ နောက်တက် လူငယ်တွေကိုရော ဘယ်လိုမျိုး အကြံပေးစကားပြောချင်ပါလဲ။
ရာသက်ပန်ကို ပြိုင်မယ်ဆိုရင် အတတ်နိုင်ဆုံး ဂီတကို မြတ်နိုးပါ။ သီချင်းတွေကို ရွေးချယ်ပြီးပြင်ဆင်ထားဖို့ လိုတယ်။ နောက်စိတ်ပိုင်းဆိုင်ရာကိုလဲ ပြင်ဆင်ထားစေချင်တယ်။ ကိုယ်လုပ်တဲ့ အလုပ်ပေါ်မှာပဲ အာရုံစိုက်စေချင်တယ်။ ကိုယ်လုပ်နိုင်တဲ့ အရာမှန်သမျှကို လုပ်ပါ။ ကန့်သတ်ချက်နဲ့လုပ်ရင် ကိုယ့်ကို ကန့်သတ်သွားမှာ စိုးလို့ ကန့်သတ်ချက်နဲ့မလုပ်ပဲ ကိုယ်လုပ်နိုင်တဲ့ အရာမှန်သမျှကိုလုပ်ပါလို့။ ပြီးတော့ ကျွန်တော် ၁၁ ရက်နေ့ Miss Myanmar ပွဲမှာ ဖျော်ဖြေဖို့ရှိပါတယ်။ ကျွန်တော့်ကိုအားပေးတဲ့ ပရိသတ်ကြီးအားလုံးလဲ ကျန်းမာပြီး စိတ်ချမ်းသာကြပါစေလို့ပြောချင်ပါတယ်။
Source:trend.com.mm

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment