ရွှေတုံးအတုများကို လိမ်လည်ရောင်းချသူ တရုတ်နိုင်ငံသား(၃)ဦးအား ဖမ်းဆီးရမိ



ရန်ကုန်၊ ဇူလိုင် ၁၁

ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များသည် ၈.၇.၂၀၁၅ ရက်နေ့ ၁၆၀၀ အချိန်ခန့်တွင် ကြည့်မြင်တိုင်မြို့နယ်၊ သီတာရပ်ကွက်၊ ကမ်းနားလမ်းရှိ သီရိစံဟိုတယ်၌ တည်းခို နေထိုင်လျက်ရှိသည့် တရုတ်နိုင်ငံသား YANG QUANFA နှင့် YANG HUIPING တို့(၂)ဦးမှာ မသင်္ကာဖွယ်အနက်ရောင်
လက်ဆွဲအိတ်(၁) အိတ်နှင့်အတူ အငှားယာဉ်(၁)စီးဖြင့် ထွက်ခွာသွားသည်ကို တွေ့ရှိရသဖြင့် လိုက်လံစောင့်ကြည့်စုံစမ်းခဲ့ပါသည်။


၎င်းတရုတ်နိုင်ငံသား(၂)ဦးသည် အလုံမြို့နယ်သို့ သွားရောက်ခဲ့ပြီး အပြန်တွင် အောက်ကြည့်မြင်တိုင်လမ်း၌ အငှားယာဉ်(၁)စီးကို ပြောင်းလဲငှားရမ်း၍ မသင်္ကာဖွယ်အထုပ်(၃)ထုပ်အား သယ်ဆောင်သွားပြီး သခင်မြပန်းခြံအနီး အရောက်တွင် အခြားအငှားယာဉ်(၁)စီးကိုငှားရမ်း၍ ဆက်လက်ထွက်ခွာ သွားခဲ့ရာ ဆင်မင်းဈေးအနီးအရောက် အငှားယာဉ်(၁)စီးအား ထပ်မံပြောင်းလဲ ငှားရမ်းနေသည်ကို တွေ့ရှိရသဖြင့် ရဲတပ်ဖွဲ့ဝင်များမှ စစ်ဆေးရှာဖွေခဲ့ပါသည်။

ယင်းသို့စစ်ဆေးရှာဖွေရာ ၎င်းတို့သယ်ဆောင်လာသည့် ဆာလာအိတ်အတွင်းမှ မြန်မာငွေစုစုပေါင်း ကျပ်သိန်း(၄၆၀)၊ ခရီးဆောင်အိတ်အတွင်းမှ မြန်မာငွေ စုစုပေါင်း ကျပ်သိန်း(၆၄၀)နှင့် လက်ဆွဲအိတ်အတွင်းမှ အမေရိကန်ဒေါ်လာ (၁၀၀)တန် စုစုပေါင်းဒေါ်လာ(၁)သိန်း၊ မြန်မာငွေကျပ်သိန်း(၁၀၀) တို့အား တွေ့ရှိခဲ့ပါသည်။


၎င်းတို့အားစစ်မေးရာ အတူလာရောက်ခဲ့သော တရုတ်နိုင်ငံသား ZHU HAIYUAN မှာလည်း သီရိစံဟိုတယ်တွင် တည်းခိုနေထိုင်လျက်ရှိကြောင်း သိရှိရသဖြင့် သွားရောက်ရှာဖွေထိန်းသိမ်းခဲ့ပြီး တွေ့ရှိခဲ့သည့် အမေရိကန် ဒေါ်လာ(၁)သိန်း၊ မြန်မာငွေစုစုပေါင်း ကျပ်သိန်း(၁၂၀၀)တို့နှင့်ပတ်သက်၍ စစ်ဆေးရာ ၎င်းတို့(၃)ဦးမှ ပိုင်ဆိုင်ကြောင်း အထောက်အထား တစ်စုံတစ်ရာ ပြသပြောဆိုနိုင်ခြင်း မရှိသဖြင့် ခိုးယူလာကြောင်းမသင်္ကာ၍ အလုံမြို့မရဲစခန်းတွင်(ပ)၂၅၅/၂၀၁၅၊ ပြစ်မှုပုဒ်မ-၃၈၀/၅၄ ဖြင့် အမှုဖွင့် စစ်ဆေးခဲ့ပါသည်။

၎င်းတရုတ်နိုင်ငံသားများဖြစ်သည့် YANG QUANFA (၅၉)နှစ်၊ YANG HUIPING (၄၄)နှစ်နှင့် ZHU HAIYUAN (၄၃)နှစ်တို့အား စစ်ဆေးဖော်ထုတ် ချက်အရ အလုံမြို့နယ်၊ ဌာနရပ်ကွက်အတွင်းရှိ နေအိမ်တစ်အိမ်တွင် ရွှေတုံးအတုများအား လိမ်လည်ရောင်းချခဲ့ရာမှ ရရှိသော ငွေများ ဖြစ်ကြောင်း သိရှိရသဖြင့် အတည်ပြု စုံစမ်းခဲ့ပါသည်။

ထိုသို့စုံစမ်းခဲ့ရာ ၎င်းတရုတ်အမျိုးသားများ အနက်(၂)ဦးမှ ၆.၇.၂၀၁၅ ရက်နေ့တွင် အလုံမြို့နယ်၊ ဌာနရပ်ကွက်၊ အောက်ကြည့်မြင်တိုင်လမ်းနေ ဦး----- ထံသို့ ဖုန်းဖြင့်ဆက်သွယ်၍ အကူအညီ တောင်းခံလိုကြောင်းပြောကာ နေအိမ်သို့ အငှားယာဉ်ဖြင့် သွားရောက်ခဲ့ကြောင်း၊ ၎င်းတို့မှာ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်စဉ် မြေတူးရာမှ ရွှေတုံးများနှင့်သေတမ်းစာ တစ်စောင်ပါရှိသည့် သေတ္တာတစ်လုံးအား တွေ့ရှိရကြောင်းစသည်ဖြင့် ယုံကြည်အောင်ပြောဆိုကာ ၎င်းတို့ယူဆောင်လာသည့် ရွှေတုံးများအနက် ရွှေတုံး(၁)တုံးအား လွှဖြင့်ဖြတ်ပြီး တူဖြင့် ထုပြကာ ရွှေစစ် မစစ် စစ်ဆေးကြည့်ရန် ပြောကြားခဲ့သဖြင့် ဆင်မင်းဈေးရှိ ရွှေပန်းတိမ်ဆိုင်သို့ အတူတကွသွားရောက်စစ်ဆေးခဲ့ရာ ရွှေအစစ်ဖြစ်ကြောင်း သိရှိရပြီး ၎င်းတို့(၂)ဦးမှ ရွှေတုံးများအား ရောင်းချလိုသည်ဟုပြောဆို ခဲ့ကြောင်း၊ ဦး---- မှလည်း ၀ယ်ယူလိုသဖြင့် ဈေးညှိနှိုင်းခဲ့ပြီး ၈.၇.၂၀၁၅ ရက်နေ့တွင် ၎င်းတရုတ်အမျိုးသား(၂)ဦးထံမှ ရွှေဟုထင်ရသော အတုံး (၂၁၉)တုံး၊ ရွှေဟုထင်ရသော အန်းကုံးရုပ်(၆)ခုတို့အား အမေရိကန်ဒေါ်လာ (၁)သိန်းနှင့် မြန်မာငွေကျပ်သိန်း(၁၂၀၀)ဖြင့်ပေးချေကာ နေအိမ်တွင် ၀ယ်ယူ
ခဲ့ခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့ပါသည်။

ပေါ်ပေါက်ချက်အရ ယင်းသို့လိမ်လည်ရောင်းချခဲ့သည့် ရွှေဟုထင်ရသော ပစ္စည်းများကို ၀ယ်ယူထားသူ ဦး---- မှ အပ်နှံပေးသဖြင့် သိမ်းဆည်းခဲ့ပြီး တရုတ်နိုင်ငံသား(၃)ဦးအား ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက် ရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment