ဆက်မပြတ်မိုးကြောင့် ပေါင်းတည်နှင့်သဲကုန်းမှကျေးရွာများတွင် ရေကြီးရေလျှံမှုဖြစ်


 ယခုရက်ပိုင်းအတွင်း အဆက်မပြတ် ရွာသွန်းသော မိုးကြောင့် ပဲခူးတိုင်း ဒေသကြီး၊ ပြည်ခရိုင်အတွင်းရှိ သဲကုန်းမြို့နယ်မှ ကျေးရွာပေါင်း(၄၇)ရွာနှင့် ပေါင်းတည်မြို့ရှိ ရပ်ကွက်ကြီး (၆)ရပ်ကွက်နှင့်ကျေးရွာပေါင်း (၈) ရွာခန့်တို့မှာ ရေကြီးရေလျှံမှု ဖြစ်ပေါ်လျှက်ရှိပြီး ဒေသခံများ အနေဖြင့် အကူအညီများ လိုအပ်လျှက်ရှိကြောင်း သတင်းရရှိသည်။


အဆိုပါရေကြီးရေလျှံမှုဖြစ်စဉ်သည် ဇူလိုင်လ (၂၆) ရက်နေ့မှစတင်ပြီး ယခုအခါတွင် ပေါင်းတည်မြို့ရှိ
ရွှေတည် (၂) ၊ မင်းကွပ် (၁) ၊ နွယ်ချို (၁) ၊ နွယ်ချို (၂) ၊ အုပ်ဖို (၁) ၊ ဟင်္သာကန်သည့်မြို့ပေါ် (၆) ရပ်ကွက်မှာ ရေနစ်နေပြီး၊ ဟားရားကြီး၊ ကျွဲရဲကြီး၊ ထောက်ကြံ့ကြီး၊ သပြေကြီးစု၊ ချောင်းခွ၊ ညောင်ဇင်၊ ထန်းသုံးခွ၊ နတ်ပတီးစသောကျေးရွာများနှင့် လယ်ဧကပေါင်းသောင်းချီပြီး ရေနစ်မြုတ်လျက်ရှိသည်။ သဲကုန်းမြို့နယ်တွင်လည်း ကျေးရွာပေါင်း (၄၇) ရွာနှင့် လယ်မြေဧကသောင်းချီ ရေနစ်မြုပ်လျှက်ရှိကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။

“ကျွန်တော်တို့ရပ်ကွက်ထဲကို ရေတွေဝင်တာ ၃၊ ၄ ရက်လောက်ရှိပြီ။ ဘယ်အာဏာပိုင်အဖွဲ့အစည်းကမှ အကူအညီ မလာသေးပါဘူး။ ကွန်ရက်ကပဲ မနေ့ကမနက်ပိုင်းမှာလာပြီး ဆန်လှူတယ်။ ညနေပိုင်းမှာ
ထမင်းထုပ်တွေ လာဝေပါတယ်။ ကျွန်တော်တို့ ဒီရက်ပိုင်းမှာ ရေကပိုဝင်လာနေတယ်။ ညကဆို မအိပ်ရဘူး။ ပိုးကောင်မွှားကောင်တွေ ၀င်လာမှစိုးလို့ စောင့်ကြည့်နေရတယ်။ ရေအခြေအနေလည်း စောင့်ကြည့်နေရတော့
အလုပ်လည်း မသွားနိုင်ပါဘူး။”ဟု ရွှေတည်(၂)ရပ်ကွက်မှ ကိုနိုင်က ပြောသည်။

“ရေကြီးတာ မနေ့ကပိုဆိုးလာတယ်။ ဒီရပ်ကွက်ထဲကလူတွေဆို ညကအထုပ်အပိုးတွေပြင်ပြီး ပြောင်းပဲပြောင်းရတော့မလိုဖြစ်နေတယ်။ သူတို့တွေက တနေ့လုပ်တနေ့စားတွေဖြစ်တော့ သူတို့ စားဝတ်နေရေးအတွက်က ခက်ခဲနေတယ်။ မနေ့က မနက်က ကျွန်တော်တို့ဆီကိုလာပြီး ညကသူတို့ထမင်းမစား ရတဲ့အကြောင်းလာပြောလို့ ကျွန်တော်တို့အဖွဲ့ကလူတွေဆီအလှူခံပြီး ကျွန်တော်တို့ ဆန်(၈)အိတ် လှူလိုက်တယ်”ဟု ပေါင်းတည်မြို့ ပြည်သူ့အကျိုးဆောင်ကွန်ရက်က ကိုချစ်ကိုကပြောသည်။

အဆိုပါဖြစ်ရပ်မျိုး သဲကုန်းမြို့ရှိကျေးရွာများမှာလည်းဖြစ်နေပြီး ယင်းမှာ အဆက်မပြတ်မိုးအပြင် အင်းမမြို့ရှိ သောင်ပြင်ဆည်တမံကြီးလည်း ပိတ်နေခြင်းကြောင့်ဖြစ်ကြောင်းပြောဆိုကြသည်။
“ကျွန်တော်က ဒီအောင်ကုန်းကျေးရွာမှာ မွေးကတည်းကနေလာတာ။ ဟိုတုန်းက ကျွန်တော်တို့ရွာ့အနောက်မှာ ကျွန်တော်တို့ လယ်တွေမှာရေကြီးရင် ၃ ရက်လောက်ပဲ ကြာတယ်။ အဲဒီတုန်းက အင်းမတမံကြီးက လုံးဝမပိတ်ဘူး။ မြစ်ထဲကို ဒိုးယိုပေါက်ဆင်းတယ်။ အခု ကျွန်တော်တို့ တောင်သူလယ်သမားတွေက ကန့်ကွက်ထားတယ်။ တန်ဆောင်မုန်းလပြည့်ကျော်မှ ဆည်ကိုပိတ်ပါ။ ဒီအတွက် ကုန်ကျစရိတ်ကို ကျွန်တော်တို့ တောင်သူတွေကမျှခံပေးပါမယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီသောင်ပြင်ဆည်က ပိတ်ထားတော့ကျွန်တော်တို့ ဒီဘက်မှာ လုံးစောင့်နေတာပေါ့။”ဟု သဲကုန်းမြို့နယ် အောင်ကုန်းကျေးရွာမှ ဦးအေးသောင်းက ပြောသည်။

ပဲခူးတိုင်းအနောက်ခြမ်းအတွင်း၊ ကြို့ပင်ကောက်၊ အုပ်ဖို၊ ပေါင်းတည်၊ နတ္တလင်း၊ ဇီးကုန်း၊ သဲကုန်း၊ ရွေတောင်၊ ဥသျှစ်ပင်စသည့်မြို့များမှာလည်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

ကိုလေး(ပြည်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment