နတ်မောက်မြို့နယ်အတွင်းမှ တောင်ဆင်ရိုင်းအုပ်မထွက်ခွာသေး


 နတ်မောက် သြဂုတ် ၂၈

 ပဲခူးရိုးမဆီမှ ရေကြည်ရာမြက်နုရာ စားကျက်မြေ နေရာရှာဖွေရင်း မိုင်ပေါင်းရာချီခရီးကို နေခိုချိန်မှ လွှဲ၍ မရပ်မနား သွားလာနေကြသော်လည်း ၎င်းတို့ဘဝဟာ သာယာစွာ အသက်ရှင် နေနိုင်ရေးလမ်းစမှာ တစ်ပတ် ကျော် ကြာလာသည့် တိုင်အောင် ရှာမတွေ့သေးသည့်အပြင် သြဂုတ် ၂၈ ရက် ညပိုင်းအထိ နတ်မောက်မြို့နယ် အတွင်းမှ ထွက်ခွာခြင်းမရှိသေးဘဲ နားခိုလျက်ရှိကြောင်း သိရသည်။

အဆိုပါ တောဆင်ရိုင်းအုပ်သည် ၎င်းတို့၏ ခြေလှမ်းသစ်စတင်ရာဖြစ်သော
နတ်မောက်မြို့နယ်၊ မြို့သစ်မြို့နယ် များမှသည် မိတ္ထီလာ၊ ညောင်ဦး၊ ကျောက်ပန်းတောင်း စသည့် မြို့နယ်များကို ဖြတ်ကျော်ကာ နယ်မြေသစ် ရှာဖွေခဲ့ကြသော်လည်း ရိုးမပျော်ဆင်ရိုင်းတို့ မူလကွန်းခိုရာ ပဲခူးရိုးမဆီသို့ လှည်ပြန်ရမည့် အနေအထားတွင် ရှိနေခဲ့သည့်။

ယင်းတော ဆင်အုပ် ရိုးမဆီမှ နယ်ကျွံလာသည်ဟု သိရသည်မှာ
နတ်မောက်မြို့နယ် ရွှေနတ်ကယ် တောင်ကြော အရောက်တွင် သိရှိ
ရခြင်းဖြစ်ပြီး ရွှေနတ်ကယ်တောင်သို့ သြဂုတ် ၁၈ ရက် နံနက် ၆ နာရီတွင် ရောက်ရှိလာခြင်းဖြစ်ကြောင်း၊ ယင်းရွှေနတ်ကယ်တောင်သို့ ရောက်ရှိလာချိန်တွင် ကမ္ဘာလုံးအေးစေတီအနီးတွင် နေခိုခဲ့ကြောင်းနှင့် ရွှေနတ်ကယ်တောင်ဆရာတောကြီးရှိရာသို့ မျက်နှာမူသည့် အနေအထားဖြင် နေခိုခဲ့ကြောင်း၊ တစ်နေကုန် ရွှေနတ်ကယ်တောင်တွင် ရှိနေခဲ့ပြီး ညပိုင်းရောက်မှသာ ရွှေနတ်ကယ်တောင်၏ မြောက်ဘက်သို့ ထွက်ခွာသွားကြောင်း ရွှေနတ်ကယ်တောင်တွင် သီတင်းသုံးတောမူသည့် ဆရာတောတစ်ပါးက မိန့်ကြားတော် မူသည်။

“ရွှေနတ်ကယ်တောင်ဘက်ကို ရောက်လာတဲ့အချိန်မှာ ပေ ၂၀ လောက်အကွာကနေ ဓာတ်ပုံရိုက်တာတောင် ဘာမှ ပြန်မလုပ်ဘူး၊ လူတွေကသာ ဆင်တွေကို ခဲတွေနဲ့ ပေါက်ပြီး ခြောက်လှန့်ကြတာ။ ဘာမှ ဖျက်ဆီး သွားတာလည်း မရှိဘူး။ ဆင်ရိုင်းတွေဆိုရင် လူတွေအကပ်မခံသလို ဖျက်ဆီးတာတွေ လုပ်တတ်တယ်လို့ ကြားဖူတယ်။ ခြေထောက်တွေမှာလည်း ကြိုးချည်ထားတဲ့ အရာတွေ တွေတယ်။ ရှေ့ကဆင်ခေါင်းဆောင်ကြီး သွားတဲ့ ခြေရာအတိုင်း နောက်ကဆင်တွေက လိုက်တယ်။ ခြေရာတွေ တအားမတွေ့ရဘူး။ သူတို့သွားပြီးတဲ့ အချိန်
နောက်ကလိုက်ကြည့်တော့ ကျွန်မကတော့ ဆင်ရိုင်းတွေလို့ မတင်ဘူး” ဟု ရွှေနတ်ကယ်တောင်အနီးေ နထိုင်သူ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပြသည်။

အဆိုပါ တောင်ဆင်ရိုင်းများသည် သြဂုတ် ၁၉ ရက်တွင် မိတ္ထိလာမြို့နယ်ဘက်သို့ လည်းကောင်း၊ ၂၄၊ ၂၅ ရက်တွင် ညောင်ဦးဘက်သို့လည်းကောင်း၊ ၂၆၊ ၂၇၊ ရက်တွင် ကျောက်ပန်းတောင်း ဘက်သို့လည်းကောင်း လှည့်လည်သွားလာခဲ့သည်။ ညောင်ဦးမြို့နယ်နှင့် ကျောက်ပန်းတောင်း မြို့နယ်ဘက်သို့ ရောက်ရှိစဉ် ဆင်ငယ် တစ်ကောင်မှာ နာမကျန်းဖြစ်၍ ကျန်ခဲ့ခြင်းကြောင်း ကျန်ငါးကောင်သည် အဖော်ကွဲ ဆင်တစ်ကောင်ရှာဖွေရင်း ကျောက်ပန်းတောင်းမြို့နယ်တွင် နှစ်ရက်ကြာ ကွန်းခိုခဲ့ကြကြောင်း ဒေသခံများနှင့် အုပ်ချုပ်ရေး အဖွဲ့အစည်းမှ တာဝန်ရှိသူများက ပြောသည်။

ငါးကောင်ပါဝင်သည့် တောဆင်အုပ်သည် ၂၇ ရက်တစ်ရက်လုံး ကျောက်ပန်းတောင်မြို့နယ် လွန်ပင်ကုန်း ကျေးရွာနှင့် သစ်စပ်ပင်ကျေးရွာအကြားရှိ လျှိုတစ်ခုအတွင်း နားခိုနေခဲ့ပြီး ထိုမှ တစ်ဆင့် မဲထီးကျေးရွာ၊ စံပြကျေးရွာတို့ကို ဖြတ်ကျော်ကာ သြဂုတ် ၂၈ ရက် နံနက်ပိုင်းတွင် နတ်မောက်မြို့နယ်အတွင်းသို့ ရောက်ရှိလာခဲ့ရာ ဒီဒုတ် ကုန်းကျေးရွာနှင့် ဥသျှစ်မြောင်ကျေးရွာအနီးရှိ တောအုပ်ထဲတွင် နေခိုခဲ့ကြကြောင်း သိရသည်။

“တောဆင်ရိုင်းအုပ် ဒီဘက်ကို ရောက်လာမယ်လို့ မသိဘူးလေ။ မနက်ယာထဲသွားမှ တည့်တည့်တိုးတာ။ ရွာကအသံချဲ့စက်နဲ့အော်တာနဲ့ ယာထဲမှာ နှမ်းစီးသွားနေရာကနေ အမောတကော ပြန်ပြေးလာခဲ့တာ။ ဒီဆင်တွေ ရောက်လာတဲ့အချိန်မှာ အနီးအနားမှာရှိတဲ့ ကျေးရွာတွေကလည်း အဲဒီဆင်တွေကို သွားနှောင့် ယှက်ဖို့၊ သူတို့သွားတဲ့ လမ်းကြောင်းတွေကို မပိတ်ဖို့နဲ့ ဒေသခံပြည်သူတွေ အန္တရာယ်ကင်းစေဖို့ အသံ ချဲ့စက်နဲ့အော်ပြီး သတိပေးတာတွေ လုပ်ကြတယ်” နတ်မောက်မြို့နယ် အိုင်ဇောက်ကျေးရွာအုပ်စု ကန်ကြီး ကုန်းကျေးရွာမှ မလှလေးက ပြောသည်။

အဆိုပါ တောဆင်ရိုင်းများကို ကျောက်ပန်းတောင်း မြို့နယ်အတွင်းမှ မူလကျက်စားရာ နတ်မောက် /မြို့သစ်နယ် ပဲခူးရိုးမဆီသို့ ပြန်လည်ရောက်ရှိရေးအတွက် ကွန်ချီဆင်ယဉ်များကို အသုံးပြုကာ သြဂုတ် ၂၇ ရက် ညနေပိုင်းမှ ည ၁၁ နာရီဝန်းကျင်အထိ ထိန်းကျောင်း မောင်းနှင်ခဲ့ကြပြီး သြဂုတ် ၂၈ ရက် နံနက်ပိုင်းတွင် ဆင်ယဉ်များကို ဆင်သယ်ကားများဖြင့် နတ်မောက်မြို့နယ်သို့ သယ်ဆောင်လာခဲ့ကြောင်း ဆင်သယ်ယာဉ် မောင်းနှင်သူ တစ်ဦးက ပြောသည်။

ရိုးမပျော်တောဆင်ရိုင်းများသည် သြဂုတ် ၂၈ ရက် နံနက် ၈ နာရီမှ စတင်ကာ ညပိုင်းအထိ နတ်မောက် မြို့နယ်အတွင်းရှိ ဒီးဒုတ်ကုန်းကျေးရွာနှင့် ဥသျှစ်မြောင်ကျေးရွာ အနီးတွင် ဆက်လက်ရှိနေပြီး နတ်မောက် မြို့နယ်အတွင်းမှ ၎င်းတို့နယ်ကျွံလာရာဒေသဟု ယူဆရသည့် ပဲခူးရိုးမဆီသို့ ပြန်လည် ထွက်ခွာခြင်း မရှိသေးကြောင်း ဆင်များအား အနီးကပ်စောင့်ကြည့်နေသော အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတင်း-နိုင်လင်းကြည်(ကြေးမုံ)
ဓာတ်ပုံ-နေသန်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment