ကောလာဟလကြောင့် အသတ်ခံခဲ့ရသူ




အိန္ဒိယနိုင်ငံ မြောက်ပိုင်းတွင် အသက် ၅၀ နှစ်အရွယ် အမျိုးသား တစ်ဦးအား လူတစ်စုက ၀ိုင်းဝန်း သတ်ဖြတ်ခဲ့ကြသည်။ နေအိမ်တွင် အမဲသားများကို သိုလှောင်ပြီး စားသုံးနေသောကြောင့်ဟု စွပ်စွဲပြီး ယင်းအမျိုးသားကို သတ်ဖြတ်ခဲ့ကြခြင်း ဖြစ်သည်။
          တနင်္လာနေ့ည ၁၀ နာရီ မိနစ် ၃၀ အချိန်ဖြစ်သည်။ မိသားစုဝင် ကိုးဦးရှိသော အက်လက် မိသားစုသည် ညစာစားပြီးပြီ ဖြစ်သောကြောင့် အိပ်ရာဝင်ရန် ပြင်ဆင် နေကြသည်။ လယ်ယာ လုပ်သားတစ်ဦး ဖြစ်သည့် မိုဟမ္မဒ်အက်လက်မှာ အိပ်ပင် ပျော်နေပြီ ဖြစ်သည်။ ယင်းအချိန်တွင် တုတ်များ၊ ဓားများနှင့် လက်လုပ်သေနတ် များကို ကိုင်ဆောင် ထားသော လူအုပ်ကြီးက သူတို့အိမ် အတွင်း ၀င်ရောက်လာပြီး အက်လက်မိသားစုသည် နွားတစ်ကောင် ကိုသတ်ဖြတ်ပြီး စားသောက် နေသည်ဟု စွပ်စွဲပြောဆိုခဲ့သည်။
          ““ဘက်ပေါင်းစုံက ၀င်လာကြတာ။ နံရံကို ကျော်တက်သူတွေ ရှိတယ်၊ ရှေ့ခြံတံခါးဝက ၀င်လာသူတွေ ရှိတယ်၊ တံခါးမကြီးကို ခြေနဲ့ဆောင့် ကန်တဲ့ သူလည်းရှိတယ်၊ ပြီးတော့ ကျွန်မတို့ကို နွားသတ်စား တယ်လို့ စွပ်စွဲကြတယ်””ဟု အသက် ၇၅ နှစ်အရွယ် မိခင်ဖြစ်သူ အက်ဂါရီ အက်လက်က ပြောသည်။
          ““လူတွေ မမြင်အောင် နွားကို ခြံထဲကို ဘယ်လို သွင်းမလဲရှင်၊ ဒီလို အကောင်ကြီး မျိုးကို အသံမကြားရအောင် ဘယ်လို သယ်မလဲလို့ ပြောလိုက်တယ်၊ ဒီရပ်ကွက်မှာက မွတ်ဆလင်ဆိုလို့ ကျွန်မတို့ တစ်မိသားစုတည်းရှိတာ””ဟု သူကဆက်ပြောသည်။ မိသားစုပိုင် ရေခဲသေတ္တာထဲတွင် အသားတချို့ကို တွေ့ရှိခဲ့သည်။ သို့သော် သိုးသားများသာ ဖြစ်ကြောင်း မိသားစုက အခိုင်အမာ ပြောဆိုခဲ့သည်။
ရက်စက်သော လူအုပ်ကြီး
          ဟိန္ဒူများက နွားများအား မြင့်မြတ်သော တိရစ္ဆာန်များအဖြစ် သတ်မှတ်ထား သောကြောင့် အိန္ဒိယတွင် နွားသတ်ခြင်းသည် အတော်လေးကို အထိမခံသော ကိစ္စတစ်ခုဖြစ်ခဲ့သည်။ အိန္ဒိယ စုစုပေါင်းလူဦးရေ ၁ ဒသမ ၂ ဘီလီယံအနက် ၈၀ ရာခိုင်နှုန်းမှာ ဟိန္ဒူများဖြစ်ကြသည်။
          အက်လက် မိသားစုနေထိုင်ရာ ဥတ္တရာပရာဒေ့ရှ် ပြည်နယ်သည် နွားသတ်ခြင်းနှင့် အမဲသား ရောင်းချခြင်းတို့ကို တင်းကျပ်စွာ ပိတ်ပင် ထားသည့် ပြည်နယ် များတွင် ပါဝင်နေသည်။ အက်လက် မိသားစုက အပြစ်မရှိကြောင်း ပြောလည်း လူအုပ်ကြီးက နားမ၀င်။ လူအင်အားက တစ်အားများ ပြားခဲ့သည်။ အိမ်ထဲသို့ အတင်းအကျပ် ၀င်ရောက်ပြီး နောက်တွင် လူအုပ်ကြီးသည် မိသားစုဝင်များအား အပြင်သို့ ဆွဲထုတ်သည်။ ဆဲဆိုသည်။ အမျိုးသမီးများကိုပင် တွန်းထိုးမှုများ လုပ်ခဲ့သည်။
          တိုက်ခိုက်သူ တချို့သည် မစ္စတာ အက်လက်အိပ်နေသည့် အခန်းထဲသို့ ၀င်ရောက် ခဲ့ကြသည်။  ဘေးနားရှိ အပ်ချုပ်စက်ဖြင့် အက်ကာ၏ ဦးခေါင်းကို ရိုက်ကာ သားဖြစ်သူ ဒဲနစ်နှင့်အတူ အပြင်သို့ ဆွဲထုတ်ခဲ့ကြသည်။
          အပြင် ရောက်သည်နှင့် ၀ိုင်းဝန်းရိုက်နှက် ကြတော့သည်။ တုတ်နဲ့ ရိုက်ကြသည်။ အုတ်ခဲနှင့် ထုကြသည်။ ခြေနှင့်ကန်သည်။ ဓားနှင့် အကြိမ်ကြိမ် ထိုးခဲ့ကြသည်။ အက်လက် မိသားစု၏ အိမ်နီးချင်းများက လူအုပ်ကြီးကို ၀င်တားပါသေးသည်။ သို့သော် လူအုပ်ကြီးက ဒေါသတအားကြီး နေသည်။
          အိမ်နီးချင်းများက ရဲကိုဖုန်းဆက် ပြီးခေါ်ခဲ့သည်။ တစ်နာရီ အကြာတွင် ရဲရောက်လာ သော်လည်း အက်လက်မှာ သေဆုံးခဲ့ပြီ ဖြစ်သည်။ ဒဲနစ်သည်လည်း ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိခဲ့ပြီးဖြစ်သည်။
          ““ကျွန်တော်တို့ သိပ်ကြောက် သွားတယ်။ ဒီရပ်ကွက်မှာ မွတ်ဆလင်ဆိုလို့  ကျွန်တော်တို့ မိသားစု တစ်စုတည်းရှိတာ၊ ဒါပေမယ့် ဒီမှာနေတာ မျိုးဆက်လေးဆက် ရှိပြီ၊ ဒီလိုမျိုး တစ်ခါမှ မကြုံဖူးဘူး””ဟု အက်လက်၏ အစ်ကိုကြီး အသက် ၅၅ နှစ်အရွယ် ဂျမီးလ်အာမတ်က ဘီဘီစီသို့ ပြောသည်။ဘုရားကျောင်းက မြှောက်ပေးသလား ရပ်ကွက်ထဲ တွင်နေထိုင်သော မိသားစုတစ်စုက နွားသတ်ပြီး စားနေကြောင်း ဟိန္ဒူဘုရားကျောင်း တစ်ခုက ထုတ်ပြန်ခဲ့ပြီးနောက် ယခုကဲ့သို့ လူစုလူဝေးဖြင့် တိုက်ခိုက်မှု ဖြစ်လာခဲ့ရခြင်း ဖြစ်ကြောင်း အက်လက်၏သမီး ဆဂျီဒါက အေအက်ဖ်ပီ သတင်းဌာနသို့ ပြောသည်။
          ဘုရားကျောင်းက အမဲသားစားသည့် မိသားစု ရှိနေသည်ဟု ကြေညာခြင်းကို ကြားလိုက် ရခြင်းကြောင်း ဘုရားကျောင်း ၀င်းအတွင်း ဆိုင်ဖွင့်ထားသည့် ပန်ကာကူးမားက ပြောသည်။ ဘုရားကျောင်းက ကြေညာခဲ့ခြင်း ဖြစ်သော်လည်း မည်သူက ကြေညာ ခဲ့သည်ကို မသိနိုင်သေး။ လူတစ်ဦးတစ်ယောက် ဘုရားကျောင်းတွင်း ၀င်ပြီး အများပြည်သူသို့ အသိပေးသည့် စနစ်ကို အသုံးပြု သွားခြင်းဖြစ်ကြောင်း ဒေသခံများ ကပြောသည်။ ဘုရားကျောင်း အာဏာပိုင် များမှာ ဖျားနာနေ သောကြောင့် အပြစ် ကင်းသည်ဟု ယူဆထားကြသည်။
          ဘုရားကျောင်း တာဝန်ခံ ဘုန်းကြီးနှင့် လက်ထောက်တို့ကို ရဲတပ်ဖွဲ့က ခေါ်ယူ မေးမြန်းခဲ့ပြီး ဖြစ်သည်။ မိသားစု၏ ထွက်ဆိုချက်အရ လူခြောက်ဦး ကိုလည်း ဖမ်းဆီးခဲ့ပြီးဖြစ်သည်။ ဖမ်းဆီးမှုများကို ဆန့်ကျင်ကန့်ကွက်မှု များလည်းရှိနေသည်။ ရဲတပ်ဖွဲ့က ဖမ်းဆီးမှုကို ဆန့်ကျင်ကန့်ကွက်မှုသည်  အကြမ်းဖက်မှု သဘောဆောင် လာပြီး မော်တော်ယာဉ် များအား မီးရှို့ခြင်း၊ ရဲစခန်းနားရှိ ဈေးဆိုင်များကို ဖျက်ဆီးခြင်း တို့ရှိလာခဲ့သည်။ ရဲတပ်ဖွဲ့သည် သေနတ်ကို ခြောက်လှန့် ပစ်ဖောက်ခဲ့ရသည်။
          အင်္ဂါနေ့အထိ အခြေအနေများ တင်းမာခဲ့သည်။ ရပ်ကွက်အတွင်း နောက်ထပ်တပ်ဖွဲ့များ စေလွှတ်ခဲ့သည်။ ညမထွက်ရ အမိန့်ကို မထုတ်သေး သော်လည်း လမ်းများပေါ်တွင် လူမရှိ၊ ဆိုင်များကိုလည်း ပိတ်ထားလိုက်ပြီဖြစ်သည်။
          ““အခြေအနေကို ထိန်းနိုင်ပါပြီ၊ ဖမ်းလည်းဖမ်းပြီးပြီ၊ နောက်ထပ်ဖမ်းရမယ့် သူတွေကိုလည်း ဖမ်းဆီးမိန့် ထုတ်လိုက်ပြီ””ဟု ရဲအရာရှိ ရာဇသကူးမား ယာဒက်ဗ် က ဘီဘီစီသို့ပြောသည်။
          အက်လက် မိသားစုကတော့ သူတို့ ရပ်ကွက် ဖြစ်သော ဒါဒရီတွင် ဆက်မနေချင် တော့ဟု ပြောသည်။ ““ဒီလောက် အချိန် အကြာကြီး အတူနေခဲ့ပြီးမှ ပြောင်းလဲသွား သူတွေနဲ့ အတူမနေချင် တော့ဘူး၊ ညီမနဲ့ အမေကို ခေါ်ပြီး ဒီကထွက်သွား ချင်ပြီ””ဟု မိုဟမ္မဒ် အက်လက်၏ အကြီးဆုံးသား ဆာတက်က ပြောသည်။
          ““ကျွန်တော်တို့ နေစရာ နေရာမရှိတော့ဘူး၊ ညီလေးကို သတ်ပြီးပြီး၊ နောက် ဘယ်သူ့ကို သတ်မယ်ဆိုတာ မသိနိုင်ဘူး”” ဟု အက်လက်၏ အစ်ကိုက ပြောခဲ့သည်။
Ref: Why India man was lynched over beef rumours:BBC
The Messenger
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment