မောင်းတော-ဘူးသီးတောင်ကားလမ်းပျက်၍ ခရီးသွားများ အထူးအခက်အခဲဖြစ်

( သြဂုတ် ၂၈ ရက်နေ့ ဘူးသီးတောင်- မောင်တောကားလမ်းမြင်ကွင်း/ ဓာတ်ပုံ - နိရဉ္စရာ)
 ရန်ကုန်၊ သြဂုတ် ၂၉

 ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ်တွင် တည်ရှိသော တစ်ခုတည်းသော ကုန်သွယ်ရေး လမ်းမ ဖြစ်သည့် ဘူးသီးတောင်- မောင်တောကားလမ်းမှာ ကိုမန်မုန်တိုင်းတိုခတ်ပြီး ရေကြီးစဉ်ကတည်းက ပြိုပျက်နေသဖြင့် ခရီးသွားလာရာတွင် ပြည်သူများအနေဖြင့် အထူး အခက်အခဲများနှင့် ရင်ဆိုင်နေကြသည်ဟု ဒေသခံများက သတင်းပေးပို့သည်။

“ အခု ကားလမ်းပျက်နေတာက မုန်တိုင်းတိုက်ခတ်ပြီး ရေကြီးတဲ့ အချိန်ကတည်းကပါ။ အင်ဂျင်နီယာတွေက လုပ်တယ်။ နေပူတော့ ကားငယ်တွေနဲ့ နည်းနည်း သွားလို့ရတယ်။ မိုးရွာတော့ တောင်ပေါ်က ရွံ့နွံတွေ ပြန်စီးကျလာပြီး ကားလမ်းကို ဖုံးသွားတယ်။ ပြန်ပြီး လုပ်တယ်။ ပြန်ပျက်တယ်။ အဲသလို ဖြစ်နေပါတယ်” ဟု မောင်တော ဒေသခံ တစ်ဦးက ပြောသည်။

ကားလမ်းပျက်နေသော နေရာမှာ မောင်တောဘက်ခြမ်း ၇ မိုင်နှင့် ၈ မိုင်အကြားတွင် ဖြစ်ပြီး ကိုက် ၅၀၀ ကျော် ပျက်စီးနေသည်ဟု ဆိုသည်။

“ ကုန်တင်ကားကြီးတွေက သွားလို့ မရဘူး။ ကားအသေးမှာတောင်မှ ဖိုးဝီးလ်တို့လို့ ကားတွေသွားမှရတယ်။ ပျက်နေတဲ့ နေရာကို လူတွေက ဆင်းလျှောက်ပြီး ဟိုဘက်နဲ့ ဒီဘက် ကား ပြောင်းပြီး စီးနေရတယ်။ ခရီးသွားတဲ့ လူတွေ အထူး ဒုက္ခရောက်နေကြပါတယ်” ဟု ဆိုသည်။

ယခုကဲ့သို့ ကားလမ်း အခြေအနေကြောင့် သယ်ယူပို့ဆောင်ရေး စရိတ် တိုးမြင့်ရာမှ မောင်တောတွင် ကုန်ပစ္စည်းများလည်း ဈေးမြင့်တက်နေသည်ဟု သိရသည်။

( သြဂုတ် ၂၈ ရက်နေ့ ဘူးသီးတောင်- မောင်တောကားလမ်းမြင်ကွင်း/ ဓာတ်ပုံ - နိရဉ္စရာ)
မောင်တော- ဘူးသီးတောင်ကားလမ်းသည် ဘင်္ဂလာဒေ့ရှ်နှင့် ကုန်သွယ်ရာတွင် အဓိက အရေးပါသော ကုန်သွယ် လမ်းမဖြစ်ပြီး ၁၆ မိုင်ခရီးသာရှိပြီးကားလမ်းပေါ်တွင် တောင်ကိုဖြတ်ဖေါက်ထားသော တောင်ခေါင်း (ဥမင်လိုဏ်ခေါင်း) ၂ ခု ရှိကြောင်း သိရသည်။ မောင်းတော- ဘူးသီးတောင် ကားလမ်းနှင့် အတူ ရထားလမ်း တစ်ခုကိုလည်း ဗြိတိသျှတို့ မြန်မာနိုင်ငံကို အုပ်စိုးစဉ် ဖောက်လုပ်ခဲ့သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေး ရလာပြီးနောက် ယင်းရထားလမ်းကို အသုံးမပြုတော့ကြောင်း သိရသည်။

မောင်တော- ဘူးသီးတောင်ကားလမ်းကို နှစ်စဉ် ပြုပြင်မွန်းမံသော်လည်း မိုးရာသီရောက်တိုင်း မြေပြို၍ ပျက်စီးလေ့ရှိကြောင်း၊ ယခုနှစ်တွင် လမ်းပျက်စီးနေသော်လည်း ပြန်လည် မပြုပြင်နိုင်ခြင်းမှာ ဘတ်ဂျက်မရှိ၍ ဖြစ်ကြောင်း၊ ယခု ပြန်ပြင်နေသည်မှာ လမ်းအင်ဂျင်နီယာများ၏ အိတ်စိုက် ပြင်ဆင်နေခြင်း ဖြစ်ကြောင်း၊ ငွေကို လမ်းပြင်ပြီးမှ ရမည် ဖြစ်ကြောင်း အင်ဂျင်နီယာ တစ်ဦးက ပြောသည်ဟု မောင်တောဒေသခံက ပြောဆိုသည်။

Arakan State
https://www.facebook.com/NarinjaraNews
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment