အကျင့်ဆိုးကို အမြစ်မကျန်အောင် ဖျောက်ဖျက်ပေးသင့်ပါပြီ


“ဒါ အဘအိမ်က ကားကွ''၊ ''ငါ ဒုဗိုလ်မှူးကြီး ဘယ်သူပါကွ''၊ ''ငါ့ကို ဘယ်ဌာနက ထင်လို့လဲ''၊ ''ကိုယ့်အဖေက . . . ပါကွာ''

စည်းကမ်းချိုးဖောက်လာသောယာဉ်များကို ဒဏ်ငွေကျပ်သုံးသောင်းထိ ပြစ်ဒဏ်ချမှတ်မည်ဆိုသည့်သတင်း ပေါ်ထွက်လာသောအခါ ဘတ်စ်ကားလိုင်း ယာဉ်မောင်းများက ဆန္ဒပြသပိတ်မှောက်ကြသည်။ ထိုအခါ နေ့စဉ် ဘတ်စ်ကားကို အားကိုးအားထားပြုနေကြရသည့် ပြည်သူလူထုများ၊ ကျောင်းသားများနှင့် ထိပ်တိုက်တိုးမိပါ တော့၏။ သူတို့ကို ဘယ်သူကမှမထောက်ခံကြသည့်ပြင် ယာဉ်မထွက်လျှင် လိုင်းပိတ်ပစ်ပြီး အသစ်လျှောက် ထားသူများကို လိုင်းဝင်ပြေးဆွဲခွင့်ပြုလိုက်မည်ဟူသော သတင်းသဲ့သဲ့ထွက်ပေါ်လာအခါ ဘတ်စ်ကားယာဉ် မောင်းများ အားမတန်မာန် လျှော့ခဲ့ကြရပါသည်။ ၎င်းတို့ဘက်က တင်ပြလာသည်မှာ ''တနေ့လုပ်ခ သုံးသောင်း မရရှိဘဲနှင့် ဒဏ်ကြေးသုံးသောင်းတော့ မဆောင်နိုင်ပါ''ဟူ၍ ဖြစ်ပါသည်။ ယာဉ်ထိန်းများဘက်ကလည်း ''ဒဏ်ကြေးသုံးသောင်းဆိုသည်မှာ အများဆုံးချမှတ်နိုင်သော ဒဏ်ကြေးပမာဏကိုဆိုလိုခြင်း ဖြစ်ပါသည်။ အနည်းဆုံးဒဏ်ကြေးမှာ ကျပ်တသောင်းငါးထောင် ဖြစ်ပါတယ်။ ဒဏ်ကြေးမဆောင်လိုပါက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအတိုင်း လိုက်နာမောင်းနှင်ပါလျှင် မည်သည့်ပြစ်မှုမှမဖြစ်ဘဲ ဒဏ်ကြေးလည်း ဆောင်စရာ မလိုပါ'' ဟု ပြန်လည်တုံ့ပြန်ပါသည်။

ထိုအခါ ဘတ်စ်ကားယာဉ်မောင်းများဘက်က ''ယာဉ်ထိန်းရဲများ သည် တနေ့တာ ပြစ်မှုခွဲတမ်း မပြည့်သေးပါက (သို့မဟုတ်)ရန်ပုံငွေလိုအပ်ပါက ဘတ်စ်ကားများကို အပြစ်ရှာ၍ (သို့မဟုတ်) ထောင်ချောက်ဆင်၍ ဖမ်းဆီးကာ ငွေကြေးတောင်းခံခြင်း၊ တောင်းမရလျှင် အမှုဖွင့်ခြင်းများပြုလုပ်နေသောကြောင့် တားဆီးထိန်းသိမ်းပေးပါရန်'' ထပ်မံတင်ပြလာပါ သည်။ မထသ (ဗဟို)အဖွဲ့၏ ဥက္ကဋ္ဌကလည်း ''တနိုင်ငံလုံးတွင် 'င'ယာဉ် မောင်းလိုင်စင်ရရှိ ထားသူဦးရေမှာ (ကညနစာရင်းမှတ်တမ်းများအရ) တသိန်းကျော်ရှိပါကြောင်း၊ သို့သော် ယာဉ်စီးရေ ၇၀၀၀ ကျော်သာရှိသည့် မထသယာဉ်လိုင်းများတွင် မောင်းမည့်သူ မလုံလောက်ပါကြောင်း၊ ယာဉ်မောင်းအတော်များ များမှာ ဘတ်စ်ကားမမောင်းတော့ဘဲ အခြားကားများ သွားမောင်းကြမည်ဟု ပြောနေကြကြောင်း''ပြောပြဖူး ပါသည်။

ယာဉ်ထိန်းရဲများဘက်ကသာ တမင်ညစ်ပြီး ဖမ်းတာမျိုးမဟုတ်လျှင် ဘတ်စ်ကားယာဉ်မောင်းများဘက်က ထိန်းထိန်းသိမ်းသိမ်းမောင်းမည်ဆိုပါ က ဘာပြစ်မှုမှမမြောက်ဘဲ ဘာဒဏ်ကြေးမှလည်းပေးစရာမလိုပါ။ ဘတ်စ် ကားယာဉ်မောင်းများဆိုတာကလည်း ရန်ကုန်မြို့မှာ စည်းကမ်းအဖောက်ဆုံးယာဉ်မောင်းများ ဖြစ်နေကြပါ သည်။ သည်လောက် စည်းကမ်းဖောက်နေပါလျက်နှင့် ဘတ်စ်ကားယာဉ်မောင်းတော်တော်များများကို အရေး မယူဘဲ လွှတ်ပေးထားမှန်းသိလာတော့ အငှားယာဉ်မောင်းများ၊ တဖြည်းဖြည်းနှင့် ကိုယ်ပိုင်ယာဉ်မောင်း သူများသည်ပင် စည်းကမ်းဖောက်ဖျက်ဖို့ ၀န်မလေးကြတော့ပါ။

စည်းကမ်းဖောက်ဖျက်သောယာဉ်များကို ဓာတ်ပုံရိုက်ပြီး Viber (ဗိုက်ဗာ) ဖြင့် တိုင်ကြားလျှင် အရေးယူပါ ကြောင်း ယာဉ်ထိန်းဌာနက သတင်းတင်လာခဲ့ပါသည်။ ဗိုက်ဗာဖြင့်တင်မှ အရေးယူတာလည်းယူပါ။ လက်တွေ့လည်း ကြပ်ကြပ်မတ်မတ်လိုက်ဖမ်းစေလိုပါသည်။ ယာဉ်ထိန်းရဲအင်အားနည်းတာ၊ လူမလုံလောက် တာ ပြောမနေပါနှင့်။ လိုက်ရှာပြီး ဖမ်းရတာမျိုးမဟုတ်ဘဲ သေချာပေါက်စောင့်ဖမ်းနိုင်သည့်နေရာ အများကြီး ရှိပါသည်။

ဥပမာ တခုတင်ပြပါရစေ။ ကျွန်တော် မကြာခဏတွေ့နေရသည့် နေရာဖြစ်ပါသည်။ ညနေ ၄ နာရီခွဲခန့်တွင် ဆူးလေဘုရားလမ်းအတိုင်း မောင်းလာခဲ့ပြီး အောင်ဆန်းကွင်း၊ အနောက်ဘက်မှပတ်၍ ဖဆပလကိုကျော်ပြီး ကမ္ဘာအေးစေတီလမ်းပေါ်တက်လာခဲ့ပါ။ တိရစ္ဆာန်ရုံဘေးရောက်သည်နှင့် (ရုံးဖွင့်ရက်ဆိုပါလျှင်) ဦးထောင်ဘို အ၀ိုင်းထိ တသီတတန်းကြီးပိတ်နေသော ယာဉ်တန်းကြီးများကိုတွေ့ရပါလိမ့်မည်။ ဦးထောင်ဘိုအ၀ိုင်းမှ မြို့ထဲဘက်သို့ပြန်မည့် ယာဉ်ကြောမှာမူ ရှင်းလင်းလျက်ရှိနေပါသည်။ ထိုယာဉ်ကြောမှာလည်း အလံပြဘုရား လမ်း မက်စ်မြန်မာရုံးချုပ်မရောက်မီ ဗြိတိသျှသံအမတ်ကြီး နေအိမ်နားရောက်လျှင်ပင် တောင့်ခံနေသော ယာဉ် အုပ်ကြီးအဖြစ် (ဒဂုံ အထက(၁) ကျောင်းတက်/ဆင်းချိန်တိုင်း) တွေ့နိုင်ပါသည်။

ဦးထောင်ဘိုအ၀ိုင်းဘက်သွားမည့် ယာဉ်ကြောမှာ သုံးကြောရှိရာ ကားတွေ ဟိုကသည်က ခေါင်းဝင်တိုးကြလျှင် တခါတရံ လေးစီးတန်း ဖြစ်သွားတတ်ပါသေးသည်။ သူများတကာကဲ့သို့ တန်းစီစောင့်ဆိုင်းလိုခြင်း မရှိသော ယာဉ်မောင်းများကမူ လမ်းလယ်ကောင်မှ လမ်းပြောင်းပြန်မောင်း၍ ဦးထောင်ဘိုအ၀ိုင်းနှင့်နီးရာသို့သွားပြီး လမ်း လယ်တုံးများချထားသည့် နေရာနားရောက်မှ ယာဉ်တန်းထဲအတင်း ခေါင်းထိုးဝင်တတ်ကြပါသည်။ စိတ်ရှည် လက်ရှည်နှင့် အများနည်းတူတန်းစီ၍ သည်းခံစောင့်ဆိုင်းနေကြသော ယာဉ်မောင်းများမှာ ယခုလို လူလည်ကျ သောယာဉ်များကို မနှစ်မြို့ မသဒ္ဓါကြသော်လည်း အချို့က သဘောကောင်း၍၊ အချို့ကကြောက် တတ်၍ ကိုယ့်ကားရှေ့မှ အ၀င်ခံလိုက်တတ်ကြပါသည်။

ယင်းသို့ လမ်းပြောင်းပြန်မောင်းလာသောယာဉ်များအနက် ဘတ်စ်ကားများပါရှိသလို ဆူးလေ-အောင်မင်္ဂလာ တယောက် ၁၀၀၀ ဖြင့် ဆွဲပေးနေသော ဟွန်ဒိုင်းစတားရက်စ် မှန်လုံယာဉ်လေးများလည်း အများစု တွေ့ရတတ် ပါသည်။ အငှားယာဉ်များလည်း ဘယ်နေလိမ့်မလဲ၊ သူ့ထက် ငါဦးအောင် ပြောင်းပြန်မောင်းသွားတတ်ကြ ပါသည်။ ကိုယ်ပိုင်ယာဉ်များကိုလည်း တစီးစ၊ နှစ်စီးစမကတော့ဘဲ အစီးရေမြောက်မြားစွာ (လင်န်ကရူဇာ၊ လက်ဆပ်စ်၊ ဆပ်ဖ်၊ ကီယာ အစရှိသည့်) ကားကြီးကားကောင်းများပါ အပါအ၀င်ဖြစ်လာသည်ကို တွေ့မြင်ရပါ သည်။

တကယ်တော့ လမ်းပြောင်းပြန်မောင်းနှင်ခြင်းသည် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကိုသာ ချိုးဖောက်သည့် အပြစ်မကတော့ပါချေ။ သူများတကာလို အေးအတူပူအမျှ ဒုက္ခခံပြီး စိတ်ရှည်သည်းခံကာ တန်းစီစောင့်ဆိုင်း နေကြသည့် ယာဉ်မောင်းများကို လုံးဝလူမထင်သည့် အပေါက်ချိုးလိုက်ခြင်းဖြစ်သလို အများတကာကိုလည်း ''တန်းစီနေရင် အလကားပါပဲကွာ၊ ပြောင်းပြန်မောင်းသွားမှ ရှေ့ရောက်ပြီး အချိန်ကုန်သက်သာမှာ။ ငါတို့တန်းစီနေလည်းအလကားပဲ။ ပြောင်းပြန်မောင်းတဲ့လူတွေ ဘာမှမဖြစ်တာ၊ ငါလည်းသူတို့လိုပဲ လုပ်တော့ မယ်''ဟု(ကောင်းမွန်သည့် စိတ်ဓာတ်ကိုပျက်ပြားစေပြီး) တကိုယ်ကောင်းစိတ်ဓာတ်ပေါက်ဖွားလာစေရန် လှုံ့ဆော်ပေးသည့် အပြစ်လည်းရှိပါသည်။ သည်လို စိတ်မိုက်စိတ်ညံ့မျိုး တွေဝင်လာသဖြင့် မူလက ဘတ်စ်ကား တွေသာ လမ်းပြောင်းပြန်မောင်းခဲ့ကြရာမှ ယခုအခါတွင်မတော့ အငှားယာဉ်များ၊ ကိုယ်ပိုင်ယာဉ်များပါ (ပြောပါရ စေတော့၊ တခါကဆိုလျှင် သာသနာရေး ယာဉ်နံပါတ်တပ် ကားကြီးကားကောင်းကြီးတစီးပါ တွေ့လိုက်ပါသေး သည်) လမ်းပြောင်း ပြန်မောင်းခြင်းကို ထမင်းစားရေသောက်သလို လွယ်လွယ်ပေါ့ပေါ့သဘောထားပြီး လိုက်အတုယူနေကြပြီ ဖြစ်ပါသည်။

ယခင်တုန်းက လမ်းပြောင်းပြန်မောင်းသည့်ကားသည် ကိုယ်နှင့်မျက်နှာချင်းဆိုင်မှ လမ်းမှန်ယာဉ်ကြောအတိုင်း မောင်းလာသည့်ကားနှင့် ထိပ်တိုက်တွေ့လျှင် ကိုယ်ကပင် ညာဘက်ခေါင်းထိုးပေး၊ ကပ်ပေး၊ လက်ပြ တောင်းပန်ပေးတတ်ကြသော်လည်း ယခုတော့မူ ပြောင်းပြန်မောင်းလာသူကပင် မျက်နှာချင်းဆိုင်ယာဉ်ကို ခေါင်းတည်ပေးခြင်း၊ ''ဟေ့ကောင် လာမရှုပ်နှင့်၊ ဖယ်ပေးစမ်း'' ဟူသော သဘောမျိုးဖြင့် မီး'တောက်' ပြခြင်း များပင် လုပ်လာတတ်ကြသည်ထိ အတင့်ရဲလာကြပါ၏။

သည်လို အဖြစ်မျိုးတွေ ပပျောက်စေလိုပါလျှင် လမ်းပြောင်းပြန် မောင်းသူများကို ထိထိရောက်ရောက်၊ ပြင်းပြင်း ထန်ထန် အပြစ်ပေးမှ ဖြစ်ပါတော့မည်။ အထက်က ကျွန်တော်တင်ပြခဲ့သည့် ကမ္ဘာအေးစေတီလမ်းနေရာတွင် ရုံးဖွင့်ရက်တညနေ သွားရောက်စောင့်ကြည့် ဖမ်းဆီးလိုက်လျှင်ပင် စီးရေများပြားလှစွာ ဖမ်းဆီးရမိနိုင်ပါသည်။ ဖမ်းဆီးရမိလာလျှင် ယာဉ်မောင်းကို ဒဏ်ငွေကျပ်သုံးသောင်း ချမှတ်ရမည့်အပြင် မော်တော်ယာဉ်များကိုပါ အနည်းဆုံးခုနစ်ရက်မျှ ယာဉ်ရပ်နားစခန်းတခုတွင် ထိန်းသိမ်း၍ သံကြိုးချည်သော့ခတ် (ထူးခတ်)ထားကာ ရှစ်ရက်မြောက်မှ ပြန်ထုတ်ပေးသည့် ပြစ်ဒဏ်မျိုးချမှတ်သင့်ပါ၏။ ယာဉ်ကိုထိန်းသိမ်းထားရသည့်ရက်များ အတွက် ကျသင့်ငွေကိုလည်း ယာဉ်မောင်း(ယာဉ်မောင်း ထွက်ပြေးလျှင်) ယာဉ်ပိုင်ရှင်က ပေးဆောင်စေရပါ မည်။ ယာဉ်ကိုပါ ဖမ်းဆီးထိန်းသိမ်းထားရစေခြင်းမှာ အချို့ယာဉ်မောင်း (သို့မဟုတ်) ယာဉ်ပိုင်ရှင်များက ဒဏ်ကြေးသုံးသောင်းလောက်ကိုမမှုဘဲ ''ရော့၊ တသိန်းယူထားလိုက်၊ နောက်ထပ် ဒါမျိုးနှစ်ခါထပ်မောင်းလိုက်ဦး မယ်''ဟု ငွေဂုဏ်မောက်နိုင်သူများ ရှိနိုင်သောကြောင့် ဖြစ်ပါသည်။ လမ်းပြောင်းပြန်မောင်း၍ ဖမ်းမိခြင်း၊ တကြိမ်မှနှစ်ကြိမ်၊ နှစ်ကြိမ်မှ သုံးကြိမ်ဖြစ် လာလျှင်မူ ယာဉ်မောင်းကို ထောင်ဒဏ်အပြစ်ပေးခြင်း၊ မော်တော် ယာဉ်ကို အစိုးရဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းများ ပြုလုပ်သင့်ပါ၏။

''ဒါ အဘအိမ်က ကားကွ''၊ ''ငါ ဒုဗိုလ်မှူးကြီး ဘယ်သူပါကွ''၊ ''ငါ့ကို ဘယ်ဌာနက ထင်လို့လဲ''၊ ''ကိုယ့်အဖေက . . . ပါကွာ'' ဟူသော ကားမျိုးတွေကိုပါ ရဲရဲတင်းတင်း အရေးယူစေလိုပါသည်။

ပြင်ပလောကမှာကြားခဲ့ရသော သတင်းလေးတခုကိုလည်း ဖောက်သည်ချပါရစေ။ ယာဉ်တစီးသည် အခြား ယာဉ်များ (သို့မဟုတ်) လူတဦး ဦးကိုတိုက်မိလျှင်ဖြစ်စေ၊ တိမ်းမှောက်သွားလျှင်ဖြစ်စေ၊ ဥပဒေနှင့် မလွတ်ကင်း သည့် ပစ္စည်းတခုခု တင်ဆောင်လာသည်ကို ရှာဖွေတွေ့ရှိလျှင်ဖြစ်စေ ယာဉ်မောင်းသည် အဖမ်းမခံဘဲ ထွက်ပြေး တိမ်းရှောင်သွားတတ်ပါသည်။ အနည်းဆုံးသိန်း ၈၀၊ ၉၀ မှသည် သိန်းရာကျော် တန်သောကားကို ထိုသို့ပစ်စလက်ခတ်ထား၍ ထွက်ပြေးသွားခြင်းကို အံ့သြမိပါသည်။ တခါမှာတော့ ကျွန်တော်စီးလာသည့် အငှား ယာဉ်မောင်းနှင့် စကားစပ်မိ၍ ထိုသူက ပြောပြမှအောက်ပါအတိုင်း သိရှိရပါသည်။

''၀စ်သောက်ကားတစီး (ပရိုဘောက်စ်ဆိုပါစို့) သိန်း ၂၀ လောက်ပဲရှိ တယ်။ ဖောင်းကြွနံပါတ်ပြားအတု၊ ၀ှီးတက်စ်အတု နှစ်မျိုးပေါင်းမှသုံးသိန်းကနေ ငါးသိန်းလောက်ပဲ ရှိတယ်။ ယာဉ်မောင်းလိုင်စင်အတုကလည်း နှစ်သိန်းလောက်ပဲရှိတာ။ ဒီတော့ ၂၇ သိန်း၊ ၂၈ သိန်း လောက်ရင်းရင် ပရိုဘောက်စ်နံပါတ်အနက် ဒါမှမဟုတ် အနီတစီးကို ခပ်တည်တည် မောင်းနေနိုင်ပြီပေါ့ဗျာ။ ဘာပြဿနာမှ မဖြစ်ဖို့ရယ်၊ ကိုယ်နှင့် နံပါတ်တူ ကားနှင့် တနေရာတည်းမှာ သွားမဆုံမိဖို့ရယ်ဘဲလိုတယ်။ ပြဿနာဖြစ်ရင်လည်း ဒီလောက်ငွေနှင့်တော့ လူကိုအထိ မခံတော့ဘဲ ကိုယ်လွတ်ရုန်းပြေးရုံပဲပေါ့ဗျာ။''

ကျွန်တော်က ထိုသူ့ကို ''ခင်ဗျားကားကလည်း အဲဒါမျိုးပဲလား'' ဟု နောက်လိုက်ရာ ''မဟုတ်ပါဘူးဆရာရယ်၊ ရှိုးရွမ်း (Show Room) ကနေ အရစ်ကျနဲ့ဝယ်ထားတာပါ။ နောက်ခြောက်လကျမှ ငွေကျေမှာပါ''ဟု ပျာပျာသလဲ ပြန်ဖြေပါသည်။

မှန်ဘီလူး
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment