ကန့်တူးသမားဘဝ ကြမ်းတမ်းစွ သဘာဝအလှနှင့်ယှဉ်


အီတလီနိုင်ငံ ရောမမြို့အခြေစိုက် ဓာတ်ပုံသတင်းထောက်ကြီး လူကာကာတာလိုနိုဂွန်ဇာဂါသည် မကြာသေးမီက အင်ဒိုနီးရှားနိုင်ငံရှိ ကာဝါအီဂျင်မီးတောင် ဒေသသို့သွားရောက်ခဲ့ပြီး ကန့်တူးဖော်ထုတ်လုပ်ရေး လုပ်သားများ၏ ဘဝကို စူးစမ်းလေ့လာခဲ့လေ၏။

ကာဝါအီဂျင်မီးတောင်သည်ကား အင်ဒိုနီးရှားနိုင်ငံအရှေ့ ဂျာဗားကျွန်း၌တည်ရှိပြီး ပင်လယ်ရေမျက်နှာ ပြင်အထက် ၂၇၉၉ မီတာ(၉၁၈၃၆ ပေ) အထက်တွင် တစ်ထီးတစ်နန်း ရပ်တည်နေလေသည်။

သဘာဝတရား၏ အံ့ဖွယ်ရာ ဖန်တီးချက်ဖြစ်သော ကာဝါအီဂျင်မီးတောင်၏ အလှကား လူသားတို့ကို အာရုံအရ ဖမ်းစားနိုင်သည်။ ပွင့်လင်းရာသီ ရောက်ပြီဆိုလျှင် မီးတောင်၏ သဘာဝအလှကို ငေးမော ခံစားလိုသည့် ပြည်တွင်းပြည်ပမှ ခရီးသွားဧည့်သည်များက မီးတောင်ဒေသသို့ လာရောက်ကြလေ့ရှိသည်။ မီးတောင်၏ တောင်ထိပ်ပိုင်းသို့ ဦးတည်လျက် တောင်တက်သမားများ ခရီးနှင်ကြပြီးသကာလ မီးတောင်ထိပ်ဝ၌ ဖွဲ့စည်းဖြစ်ပေါ်နေသော တွင်းတောင် (ရေအိုင်)ကို တွေ့မြင်ရသည့်အခိုက် အမောပြေလန်း
ဆန်းကာ စိတ်ဓာတ်ခွန်အား ရရှိကြသည်။ တောင်ပေါ် ရေအိုင်မှာ စိမ်းပြာရောင်ဖြစ်ပြီး မြင်ရသူများအား ညှို့ယူဖမ်းစားနိုင်လေ၏။

ကာဝါအီဂျင်မီးတောင်၏ သဘာဝအလှကို လုပ်အားအလှဖြင့် ပေါင်းစပ်ပေးသူများမှာ ဒေသခံများဖြစ်ကြပြီး ဒေသခံပြည်သူ ရာပေါင်းများစွာတို့သည် နေ့စဉ်ပင် ကန့်တူးလုပ်သားများအဖြစ် ပင်ပန်းဆင်းရဲခြင်း ကြီးစွာ လုပ်ကိုင်စားသောက်နေကြရလေသည်။

ကန့်တူးသမားများသည် တောင်ပေါ်သို့ ရောက်ရှိရန် ပေ ၉ဝဝဝ ကျော် ခရီးနှင်ကြရပြီး ယင်းနောက် မီးတောင်၏ ကန့်ရေပူထွက်ပေါက်ကို ထုခွဲဖဲ့ထုတ်ကာ ကန့်ကို စုဆောင်းရယူကြရသည်။ မီးတောင်
ထိပ်ပိုင်းနေရာတွင် လိမ္မော်နီရောင် ကန့်ရည်များ စီးဆင်းနေပြီး တစ်စစအေးခဲသွားချိန်တွင် အဝါရောင်ကန့်များကို တွေ့မြင်ရသည်။

ကန့်တူးလုပ်သားများမှာ သဘာဝသယံဇာတဖြစ်သည့် ကန့်ကို ရရှိနိုင်ရန် သက်စွန့်ဆံဖျား ကြိုးပမ်းကြရသည့်အပြင် စူးရှပြင်းထန်သည့် အဆိပ်ငွေ့ အနံ့အသက်ကို ရှူရှိုက် လုပ်ကိုင်ကြရသူများဖြစ်သည်။

ကန့်တူးလုပ်သားများသည် မီးတောင်အတွင်းပိုင်းအထိ ရောက်ရှိအောင် ပေ ၃ဝဝဝ မျှ သက်ဆင်းကြ ရချိန်တွင် ခြစ်ခြစ်တောက် ပူပြင်းလှသည့် အပူချိန်ကိုခံစားကြရပြီး ပါးလွှာသော လေထုလွှာအတွင်းမှ အောက်ဆီဂျင်ကို ခက်ခက်ခဲခဲ ရှူရှိုက်ကြရသည်။ အသက်ရှူကိရိယာ မပါသလို ဓာတ်ငွေ့ကာမျက်နှာ ဖုံးတပ်ဆင်ထားခြင်း မရှိကြသော ကန့်တူးလုပ်သားများသည် ထုတ်ကုန်ပစ္စည်းအမျိုးမျိုးထုတ်လုပ်ရာတွင်
အသုံးပြုသည့် အဖိုးတန်ကန့်ကို ရရှိရန် ခက်ခက် ခဲခဲလုပ်အားပေးကြရသည်။

မီးတောင်ရပ်ဝန်းဒေသ၌ ကန့်တူးဖော်ရေးလုပ်ငန်း ကို စတင်ခွင့်ပြုခဲ့သည့် ၁၉၆၈ ခုနှစ်မှစ၍ ကန့်တူးလုပ်သား လူတန်းစားတစ်ရပ် ပေါ်ထွန်းလာခဲ့သည်။

နေ့စဉ်ပင် ကန့်တူးလုပ်သားအမျိုးသား ၃ဝဝ ခန့်သည် လုပ်ငန်းခွင်သုံး ကိရိယာများကို သယ်ပိုးကာ အခြေစိုက်စခန်းမှ ထွက်ခွာရလေ့ရှိသည်။ ၄င်းတို့ သယ်ဆောင်လာသည့် ကိရိယာများမှာ လက်နှိပ်ဓာတ် မီးများနှင့် ကန့်ခဲများကို ထုခွဲနိုင်ရန် အသုံးပြုသည့် သံချောင်းများဖြစ်သည်။ ကန့်တူးလုပ်သား အများစုမှာ ဓာတ်ငွေ့ကာ မျက်နှာဖုံးများ ဆင်မြန်းထားခြင်းမရှိဘဲ အဝတ်စ သို့မဟုတ် ပုဝါစဖြင့် ပါးစပ်ကို ဖုံးအုပ်ထားကာ အကာအကွယ်ယူကြရလေသည်။ ကန့်လုပ်သားအချို့သည် မြေကြီးအတွင်းမှ အန်ထွက်လာသော ကန့်ရည်ပူကို သတ္တုပိုက်ဖြင့် သွယ်ယူပြီး မီးတောင်ထိပ်ဝ ရေအိုင်မှ ရေကိုဆင်းခပ်ကာ သတ္တုပိုက်ပေါ် ဖျန်းလောင်းပေးခြင်းဖြင့် ကန့်ကို အအေးခံယူသည်။ လိမ္မော်နီရောင် ကန့်ရည်များ အေးခဲသွားပြီးနောက် အဝါရောင် ကန့်ခဲများအဖြစ်သို့ ပြောင်းလဲသွားလေသည်။

ကန့်တူးလုပ်သားအချို့ကမူ အေးခဲမာကျောနေသော ချော်တုံးမြေခဲများကို ထုခွဲဖဲ့ထုတ်ပေးခြင်းဖြင့် မီးတောင်တွင်းမှ ကန့်ရည်ပူများ ပိုမိုထွက်ရှိလာစေရန် စွမ်းဆောင်ကြသည်။

အေးခဲပြီး ကန့်အတုံးကြီးများကို သယ်ယူရလွယ်ကူသည့် အရွယ်အစားအဖြစ်သို့ ရောက်ရှိအောင် သံချောင်းဖြင့် ထိုးခွဲကြရပြန်သည်။ ယင်းနောက်တွင် ကန့်တုံးငယ်များကို ဝါးခြင်းတောင်းထဲ ထည့်ကာ ထမ်းပိုးလျှိုထမ်းပြီး မီးတောင်ထိပ်ဝ အတွင်းနံရံတစ် လျှောက်တက်ကြရသည်။ လမ်း၏ နေရာအချို့မှာ ၇ဝ ဒီဂရီခန့်အထိ မက်စောက်သဖြင့် ဘေးအန္တရာယ် ကြားမှ လျှောက်လှမ်းကြသူများဖြစ်သည်။

ရိုးရာနည်းစနစ်ဖြင့် ကန့်ထုတ်လုပ်နေကြသော လုပ်သားများ၏ ဘဝမှာ ကြမ်းတမ်းခက်ထန်လှသည်။ ပင်ပန်းကြီးစွာ လုပ်ကိုင်ကြရသော်လည်းရသည့် လုပ်အားခမှာ အခြေခံစားဝတ်နေရေးအတွက် ဖူလုံ ရုံမျှဖြစ်ပေလိမ့်မည်။

သတ္တဝါများနှင့် အပင်များ၏ ခန္ဓာကိုယ်တွင် ပါရှိသော ပရိုတိန်းများမှာ အများအားဖြင့် အလွန်ရှုပ်ထွေးသော ကန့်ဒြပ်ပေါင်းများဖြစ်ကြသည်။ ဆံပင်တွင် ကန့် ၅ ရာခိုင်နှုန်းအထိ ပါဝင်သည်။

လူတို့တွင် ကန့်၏ အသုံးဝင်ပုံမှာ အလွန်မြားမြောင်လှသည်။ အသီးခြောက်များ တာရှည်ခံအောင် ပြုလုပ်ရာ၌ ကန့်ကိုအသုံးပြုလေသည်။ ဆာလဖာနီ လာမိုက်၊ ဆာလဖာဂွာနဒင်း၊ ဆာလဖာသိုင်ယာဇိုးစသော ဆာလဖာဆေးများမှာ ကန့်ဝင်ဆေးများဖြစ်၍ ရောဂါအမျိုးမျိုးအတွက် အလွန်အသုံးဝင်သည်။ ဝဲ
ခြောက်နာနှင့် ပွေးကဲ့သို့ အရေပြားတွင်ဖြစ်တတ်သော အနာများကို အကြောတွင် ကန့်ကော်လွိုက်ထိုးပေး၍ ကုသကြသည်။ ဆာလဖာဒိုင်အောက်ဆိုက်ကို တံမြက်၊ ကောက်ရိုးဖြင့် ပြုလုပ်ထားသော အသုံးအဆောင်များကို အရောင်ချွတ်ရာ၌ သုံးသည်။ ကန့် ဒြပ်ပေါင်းဖြစ်သော ကျောက်ချဉ်ကို သားရေနယ်ရာ၌ဖြစ်စေ၊ ဆေးဆိုးရာ၌ဖြစ်စေ၊ စက္ကူပြုလုပ်ရာ၌ ဖြစ်စေ အသုံးပြုသည်။ ဓာတ်ပုံရိုက်ရာ၌ အသုံးပြုသော ဟိုက်ပိုမှာ ဆိုဒီယမ်သိုင်အိုဆာလဖိတ်ဖြစ်သည်။ ကော့ပါးဆာလဖိတ်နှင့် ကာဗွန်ဒိုင်ဆာလဖိတ်မှာ ပိုးနှိမ်ဆေးအဖြစ်လည်းကောင်း၊ ဖဲရပ်ဆာလဖိတ်မှာ မင်ပြုလုပ်ရာ၌လည်းကောင်း အသီးသီး အသုံးဝင်သည်။

မီးတောင်ထိပ်ဝမှာ ချိုင့်နေပြီး ပေ ၆ဝဝ ကျော်နက်ကာ ရေကုဗမီတာပေါင်း ၃၆ သန်း တည်ရှိသည်။ ထူးခြားချက်မှာ ယင်းတောင်ပေါ်ရေအိုင်၏ရေမှာ အက်ဆစ်ဖြစ်နေခြင်းပင်။

ကမ္ဘာပေါ်တွင် အက်ဆစ်ဓာတ် အပြင်းဆုံး ရေအိုင်အဖြစ် ယူဆရပြီးရေ၏ စံ မှာ ဝ ဒသမ ၃ ရှိ သည်။ ဆာလ်ဖျူရစ်အက်ဆစ်တမျှ ပြင်းအားရှိသည့် အက်ဆစ်ရေအိုင်မှ တစ်စက္ကန့်လျှင် ၁၁ ဂါလန်နှုန်းခန့် ဖြင့် မီးတောင်အနီးအပါးရှိ မြစ်အတွင်းသို့ စိမ့်ထွက် လျက်ရှိသဖြင့် ရေထုညစ်ညမ်းမှု ဆင့်ကဲဖြစ်ပေါ်ရပြန်သည်။ မြစ်ညာတွင် ရေတားတစ်ခု တည်ဆောက်ကာ ကန့်ရေများ မြစ်အတွင်းသို့ စီးမဝင်အောင် ထိန်းပေးခဲ့သော်လည်း ရေတိုက်စားမှုကြောင့် ကန်ပေါင်များ ကျိုးပျက်မည့် အရေးမှာ ရင်လေးစရာ ကောင်းလှပေသည်။

ကန့်တူးဖော် ထုတ်လုပ်ရေးလုပ်ငန်းမှ ရရှိသော ဝင်ငွေမှာ အခြားအလုပ်အကိုင်များထက် သာလွန်သဖြင့် မိမိ၏ ကျန်းမာရေးကို မငဲ့ကွက်ဘဲ အသက်အန္တရာယ်ကို ရင်ဆိုင်ကာ အသက်မွေးနေထိုင်ကြရ ဆဲဖြစ်သည်။

အဆိပ်ခိုးသင့် လေကို ရှူရှိုက်နေရခြင်းကြောင့် ကန့်တူးလုပ်သားတို့မှာ အသက်ရှူလမ်းကြောင်းဆိုင် ရာ ဝေဒနာကို ခံစားကြရလေ့ရှိပြီး အသက်တိုတတ် ကြသည်။

လွမ်းရေးထက် ဝမ်းရေးခက်သည့် ကန့်တူးလုပ်သားတို့မှာ ဘေးအန္တရာယ်ပြွမ်းတီးသော အလုပ်ကိုပင်
ခုံမင်နေကြပြီး ခေတ်မီနည်းပညာဖြင့် ဓာတ် သတ္တုတူးဖော် ထုတ်လုပ်မှုကိုပင် လက်ခံလိုခြင်းမရှိကြပေ။ စက်ယန္တရားဖြင့် ဓာတ်သတ္တုတူးဖော်ထုတ်လုပ်ခြင်းသည် လုပ်သားအင်အား များများစားစားမလိုသဖြင့် မိမိတို့ အလုပ်လက်မဲ့ဖြစ်ရမည့်အရေးအတွက် ရင်လေးလှသည်ဟု ကန့်တူးလုပ်သားတို့က အကြောင်းပြ ပြောလေ့ရှိကြသည်။

ကန့်တူးလုပ်သားတို့၏ ဘဝက ညွှန်းဆိုနေသည်မှာ အလုပ်သမားတို့၏ ဘဝမြှင့်တင်ရေး၊ စက်မှုနည်းပညာ အတတ်တိုးတက်စေရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဟူသော မဏ္ဍိုင်ကြီး လေးရပ် အချိုးညီညီအချိတ်အဆက်မိမိ လှုပ်ရှားရန် လိုအပ်သည်ဆိုသော သင်ခန်းစာပင် ဖြစ်သည်ဟု ကျွန်ုပ်တွေးတော မိလေသတည်း။ ။

ကိုရင်သြ
The Mirror Daily
https://www.facebook.com/TheMirrorDaily
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment