အဆင့်မြင့်ရုပ်ရှင်ရုံတွင် အပန်းဖြေ ကြည့်ရှုနိုင်ပြီ ဖြစ်သော်လည်း ညပိုင်းအပြန်တွင် လုံခြံရေးအတွက် စိုးရိမ်နေကြရ


ရန်ကုန် သြဂုတ် ၃ဝ

 စက်မှုမြို့ဖြစ်သော လှိုင်သာယာ မြို့နယ် မီးခွက်ဈေးလမ်းဆုံ (ပိတောက်မြိုင်ဈေး) အနီး၌ရှိသော ဝဇီရာ(၂) ရုပ်ရှင်ရုံကို ၃ီ မင်္ဂလာ ဝဇီရာ အဆင့်မြင့်ရုပ်ရှင်ရုံအဖြစ် ပြုပြင်ကာ သြဂုတ် ၂၁ ရက်ကစ၍ ''အောင်ဘာလေ''ဇာတ်ကားဖြင့် ပွဲချိန် ငါးပွဲ ပြသလျက်ရှိရာ ရုံးပိတ် ရက်များတွင် ကြည့်ရှုသူ ပို၍စည်ကား လျက်ရှိပြီး ညပိုင်းနောက်ဆုံးပွဲစဉ်အပြီး ရုပ်ရှင်ရုံအပြင်တွင် လုယက်မှုအချို့ ရှိလာသောကြောင့် အပန်းဖြေ ကြည့်ရှုသူများ လုံခြုံရေးအတွက် စိုးရိမ်မှုများရှိနေကြောင်း သိရသည်။

''၂၂ ရက်နေ့ နောက်ဆုံးပွဲစဉ် အပြီးမှာ သမီးတို့သူငယ်ချင်း သုံးဦး ရုပ်ရှင်ရုံ အပြင်ဘက်ရောက်တော့ အသုပ်ဆိုင်မှာအသုပ်စားတယ်။ ပြီးလို့ ထပြန်လာချိန်မှာ ဆိုင်ကယ်စီးသွားတဲ့ လူနှစ်ယောက်ထဲမှ နောက်ဆုံး လူက သမီးလည်ပင်းက ဆွဲကြိုးကို ဆွဲဖြတ်သွားတယ်။ ဝိုင်းအော်ပေမယ့် ဘာမှအကြောင်းမထူးခဲ့ဘူး။ နာမည် ကြီးဇာတ်ကားဆိုတော့ စနေနေ့ည မှာ လာကြည့်ကြတာ။ စက်ရုံက မိန်းကလေးတွေ ဖုန်းအလုခံရတယ် ကြားတော့ စိတ်မကောင်းဖြစ်ရတာ။ ကိုယ်တိုင်ကြုံတော့ ကြောက်လည်း ကြောက်တယ်၊ ဝမ်းလည်းနည်းတယ်။ ပြန်ရမယ်လည်းမထင်ဘူး''ဟု စက်ရုံ ကြီးကြပ်ရေးမှူးတစ်ဦးဖြစ်သူ မနှင်းဆီ လှိုင်က ပြောသည်။

ရန်ကုန်မြို့တွင် Mingalar Group မှ ပြသလျက်ရှိသော ရုပ်ရှင် ရုံ ကိုးရုံရှိပြီး လှိုင်သာယာမြို့နယ်ရှိ မင်္ဂလာအဆင့်မြင့် ရုပ်ရှင်ရုံတွင် သန့်ရှင်းရေး၊ လုံခြုံရေးနှင့်အကောင်း ဆုံးဝန်ဆောင်မှုဖြင့် အတွေ့အကြုံရှိ သောဝန်ထမ်းများက ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ လူတန်းစားမျိုးစုံ ကြည့်ရှုပြီး အသိပညာနှင့် ဓလေ့ စရိုက်အမျိုးမျိုးရှိသည့်အတွက် ကိုယ် တိုင်အမူအကျင့်များ ပြုပြင်ခြင်းဖြင့် ကောင်းမွန်သော လူမှုဝန်းကျင်ကို ဖော်ဆောင်နိုင်မည် ဖြစ်ကြောင်း ရုပ်ရှင်ရုံ၏ တာဝန်ရှိသူတစ်ဦးက လည်း ပြောသည်။

''ရုပ်ရှင်ရုံက အရင်နဲ့မတူဘူး။ လူငယ်တွေ မြို့ထဲသွားပြီး အချိန် ကုန်တာထက် အဆင့်မြင့်မြင့် ဒီမှာ ကြည့်ရတာကို ဝမ်းသာတယ်။ လူပေါင်းစုံဆိုတော့ လူစည်တဲ့ ရုံးပိတ် ရက်ဆိုရင် သတိထားရတယ်။ ပိုက်ဆံ၊ ဖုန်းပါသွားရင် လစဉ်ဆပ်နေ ရတဲ့အတိုးနဲ့ဆိုတော့ အလုပ်သမား တစ်ယောက်အတွက် သုံးလလောက် အခက်အခဲ ရင်ဆိုင်ရတတ်တယ်။ မြို့ပြနဲ့လိုက်ဖက်တဲ့ အပန်းဖြေစရာ ဒီတစ်ခုပဲရှိတာ။ ညပိုင်းပွဲ လူမများပေ မယ့် အပြန်မိန်းကလေးတွေပဲဆိုတော့ ကြောက်တယ်။ မကြာခဏ လုခံရတာ ကြားနေရတော့ ချွေးနဲ့သွေးနဲ့ ကြိုးစား ထားတဲ့ငွေကို မပျောက်ပျက်စေချင် ဘူး'' ဟု ယနေ့ နေ့လယ်ပိုင်း ရုံးပိတ် ရက်တွင် စက်ရုံမှသူငယ်ချင်းများနှင့် ရုပ်ရှင်လာကြည့်သော မမွန်မွန်က ပြောသည်။

လှိုင်သာယာမြို့နယ်ရှိ လူဦးရေ ရှစ်သိန်းကျော်တွင် နှစ်သိန်းကျော် မှာ စက်ရုံအလုပ်သမားများ ဖြစ်သောကြောင့် အလုပ်သမားတို့၏ စိတ်ပိုင်းဆိုင်ရာ အပန်းဖြေစရာ ဥယျာဉ်၊ ပန်းခြံ၊ အားကစားကွင်း၊ ရုပ်ရှင်ရုံတို့ လိုအပ်လျက်ရှိသကဲ့သို့ ခိုးဆိုးနှိုက် ဒုစရိုက်သမားများကို ပပျောက်အောင် နှိမ်နင်းသွားရန် လည်း ပြည်သူများက လိုလားနေ ကြကြောင်း သိရသည်။

မြင့်မြတ်သစ္စာ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment