မြန်မာ့ဂီတလောက အထင်ကရအဆိုရှင် ကိုအံ့ကြီးနှင့် တွေ့ဆုံမေမြန်းခန်း


“အဘပြောမယ် အဆိုတော်ကိုအံ့ကြီး ခေတ်အဆက်ဆက်ဆိုတဲ့ သီချင်းတွေထဲမှာ တက်လာတဲ့ အစိုးရပေါ်လစီကိုဖားပြီး ဆိုခဲ့တာများပါ သလား။ အဲဒီခေတ် အဲဒီအစိုးရရဲ့ပေါ်လစီကို ထောက်ခံပြီးဆိုခဲ့တာဆို ရင်လည်း အဲဒီအစိုးရမရှိတော့ရင် အဲဒီသီချင်းလည်း ပျောက်သွားမှာပဲ မဟုတ်လား။”
----- ----- ----- -----
အသက်အရွယ်အားဖြင့် (၉၃)နှစ်ထဲရောက်ပြီဖြစ်၍ ခန္ဓာသာအိုမင်းသွားပေမယ့် လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက သူသီဆိုခဲ့သော လူချွန်လူကောင်း၊ ကျေးရွာဝါဒ၊ ရွှေမင်းဂံ၊ စစ်ကိုင်းတောင်၊ အောင်ပင်လယ် စသည့်သီချင်းများက ယနေ့တိုင်နုပျိုနေဆဲ ရှင်သန်နေဆဲပင်။ နောင်လည်း ထာဝစဉ်ရှင်သန်နေမည်သာဖြစ်သည်။
ဂီတအနုပညာကို ဘ၀နှင့်ရင်း၍လျှောက်လှမ်းခဲ့၍လည်း ယနေ့အချိန်အခါတွင် ပြည်သူများသာမက အနုပညာရှင်များကပါ သူ၏၀ါသနာ၊ သူ၏ဂီတအနုပညာကို လေးစားဂုဏ်ပြုသောအားဖြင့် ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀)ရက်နေ့တွင် မြန်မာဂီတ တသက်တာထူးချွန်ဆုကြီးကို အနုပညာရှင်များမှ ပေးအပ်ချီးမြှင့်ခဲ့သည်။
သို့ဖြစ်၍ မြန်မာဂီတလောကတွင် ထူးထူးခြားခြားဂီတအနုပညာဆုကြီးကို ချီးမြှင့်ခြင်းခံရသော အဆိုတော်ကိုအံ့ကြီး ယခု အဘဦးအံ့ကြီးအား သူနေထိုင်ရာ ဗဟန်းမြို့နယ်၊ သံလွင်လမ်းသို့ News Watch မှ (၂၇-၂-၂၀၁၅)နေ့တွင် သွားရောက်တွေ့ဆုံမေးမြန်းခဲ့သည်များကို ပြန်လည်ဖော်ပြလိုက်ပါသည်။

မေး - အဘအသက်အရွယ်ကလည်းကြီး၊ ကျန်းမာရေးအခြေအနေအရ ဖြေနိုင်သလောက် မှတ်မိသရွေ့ဖြေပေးပါ။ တခေတ်မှာ တယောက်ထွန်းတောက်ခဲ့တဲ့ မြန်မာသံစဉ်အဆိုတော်ကြီးတဦးရဲ့ မှတ်တမ်းကျန်ရစ်အောင်လို့ပါ။ အခုရရှိတဲ့ အဘရဲ့ မြန်မာ့ဂီတထူးချွန်ဆုနဲ့ပတ်သက်ပြီး အဘရဲ့အမြင်၊ အဘရဲ့ခံစားချက်က ဘယ်လိုရှိတယ် ဆိုတာပြောပြနိုင်သလောက် ပြောပြပေးပါအဘ။

ဖြေ - အဘငယ်စဉ်ကတည်းက ဂီတကိုချစ်ခဲ့တာ၊ ရည်ရွယ်ချက်ကိုက နာမည်ကြီးဖို့ ကျော်ကြားဖို့မဟုတ်ဘဲ။ ဂီတကို ၀ါသနာပါလို့ ဒီလောကထဲဝင်လာခဲ့တာလေ။ ဘာဂျာလေးမှုတ်ပြီး သီချင်းတွေကို စွဲစွဲမက်မက်ဆိုခဲ့တာ ကျောင်းပွဲတွေမှာဆိုခဲ့တယ်။ နောက် မန္တလေးက ဆရာဦးဘသိန်းတို့၊ မြို့မငြိမ်း၊ ဦးလှဒင်တို့နဲ့တွေ့ပြီး သူတို့ရေးခဲ့တဲ့သီချင်းတွေဆိုပြီး အဆိုတော်ဖြစ်ခဲ့တာပါ။ လက်ဦးဆရာတွေဆိုလည်းမှန်ပါတယ်။ ဘယ်အစိုးရတက်တက် အစိုးရကိုဖားပြီး သီချင်းမဆိုဘူး။ ပေါ်လစီသီချင်းတွေ မဆိုဘူး။ လူချွန်လူကောင်းတို့၊ ကိုယ့်ဒူးကိုယ်ချွန်တို့၊ ကျေးရွာဝါဒတို့၊ အမျိုးသားရေး ဇာတိမာန်သီချင်းတွေပဲ ဆိုခဲ့တာ။ ဒါကြောင့်မို့လည်း ဒီနေ့ထိ အဘသီချင်းတွေအောင်မြင်နေတာ မရိုးသွားတာပေါ့ကွယ်။ ပြောရမယ်ဆိုရင် အဆိုတော်ကိုအံ့ကြီးလို့ အသိအမှတ်ပြုခဲ့တာက နာမည်တခုလုံးပေးခဲ့တာက ပရိသတ်ပါ။ ဒါက ပရိသတ်ကပေးတဲ့ ပထမ ဦးဆုံးဆုပေါ့။ အခုလို ဂီတအနုပညာရှင်တွေပေးတဲ့ဆုကတော့ အဘတို့ဂီတလောကမှာ ဒါပထမဦးဆုံးအကြိမ်ပဲလို့ထင်တယ်။ ဒါမျိုးမကြားခဲ့ဖူးဘူး။ အဘ အရမ်းဝမ်းသာတာပေါ့။ အဘ ဘ၀အတွက် သမိုင်းမှတ်တိုင်ပေါ့ကွယ်။ ဒီမှတ်တိုင်ကလည်း ဂီတအနုပညာရှင်တွေကပဲ စိုက်ထူပေးကြတာမို့ အတိုင်းမသိဝမ်းသာခံစားရတာပေါ့ကွယ်။

မေး - အဘရဲ့ မွေးရပ်ဇာတိမြေရယ်၊ နောက်ဘာကြောင့် ကိုအံ့ကြီးလို့ အမည်ပေးခဲ့တယ်ဆိုတာလဲ ရှင်းပြပေးပါဦးအဘ။

ဖြေ - အဘရဲ့ မွေးရပ်ဇာတိကတော့ မေမြို့လို့လူသိများတဲ့ အခုပြင် ဦးလွင်မြို့ပဲ။ အဖေက ဦးဘာတာချာလီ၊ အမေက ဒေါ်ဝင်း၊ မွေးချင်း ငါးယောက်မှာ အဘက စတုတ္ထမြောက်သားပေါ့။ ၁၉၂၃ ခုနှစ် ဇွန်လ (၁၇)ရက်နေ့၊ တနင်္ဂနွေနေ့မှာ မွေးခဲ့တာ။ အဖေတို့၊ အမေတို့က ဗေဒင် ဆရာတွေခေါ်ပြီး ဇာတာဖွဲ့တဲ့အခါကျတော့ အဲဒီဇာတာဆရာက အံ့သြလောက်အောင် ကြီးကြီးကျယ်ကျယ် ထူးခြားမယ့်ကလေးပဲ။ ဒါကြောင့် သူ့နာမည်ကိုလည်း မောင်အံ့ကြီးလို့အမည်ပေးမယ်ဆိုပြီး ပေးခဲ့တာ ဒါငယ်နာမည်ပဲကွယ့်။

မေး - ဟုတ်ကဲ့ပါ၊ နောက် ဗေဒင်ဆရာပြောတာနဲ့အညီ အဘမှာ ထူးခြားတဲ့ဖြစ်ရပ်တခုရှိခဲ့တယ်လို့ သိရပါတယ်။ အဘ ပြင်ဦးလွင်ကနေပြီး ရန်ကုန်ဆင်းလာ အသံလွှင့်ရုံရောက်ပြီး အသံစမ်းတော့ အသံလွှင့်ရုံတာဝန်ရှိသူက ရပ်လိုက်တော့ ရပ်လိုက်တော့ဆိုတာလည်း ပြောပြပါဦး အဘ။

ဖြေ - အေး ဟုတ်တယ်ကွယ့်၊ အဘ မေမြို့(ပြင်ဦးလွင်)ကနေ ရန်ကုန်ကို အရဲစွန့်ပြီး ဆင်းလာတယ်။ ပြီးတော့ အဆိုတော်ဖြစ်ချင်နေတဲ့သူဆိုတော့ ပထမဦးဆုံးအသံစမ်းတာပေါ့ကွယ်။ အဘတို့ခေတ်က အဆိုတော် တယောက်ဖြစ်ဖို့ ရေဒီယိုမှာ သီချင်းတပုဒ်ရဖို့ မလွယ်ဘူးကွယ့်။ အသံအဆင့်မီမှ လက်ခံတာ။ အဲဒီတုန်းက အသံအကဲဖြတ်အယ်ဒီတာခေါ်မှာ ပေါ့ကွယ်။ အခု အဆိုတော် မတင်တင်မြရဲ့အဖေ ငွေမောင်းဦးသန်းနဲ့ စမ်းခဲ့ရတာ။ အသံလွှင့်ရုံရောက်တော့ တယောက်ထဲ စမ်းလို့မရဘူး။ တီးဝိုင်းနဲ့မှ ဆိုလို့ရမှာလို့ ပြောကြတာပေါ့။ ဒါပေမဲ့ နောက်ဆုံးမှာတော့ အသံလွှင့်ရုံ စတီဒီယိုထဲမှာ စန္ဒရားနဲ့ အသံစမ်းခဲ့ရတယ်။ အဘအသံစမ်း သီချင်းဆိုနေတုန်း ဗြုန်းဆိုရပ်လိုက်တော့ ဟေ့ ရပ်လိုက်တော့လို့ အသံ ကြားလိုက်ရပြီး အဘလည်း အဆိုရပ်လိုက်ရတာပေါ့။ အဘလည်း ရင်တုန်သွားတာပေါ့။ ငါဆိုတာများ မကောင်းလို့ ရပ်ခိုင်းလိုက်တာလားပေါ့။ ဒါပေမဲ့ မဟုတ်ဘူးကွယ့် အဘအသံကကောင်း လွန်းလို့ ဆက်ပြီးတော့ စမ်းစရာမလိုတော့ဘူးဆိုပြီး ရပ်ခိုင်းလိုက်တာ။ အဲဒီတော့မှ ၀မ်းသာလိုက်တာမပြောပါနဲ့တော့ကွယ်။

မေး - အဘ ပထမဦးဆုံးဓာတ်ပြားရခဲ့တဲ့ သီချင်းနဲ့ဂီတလောကမှာ အမှတ်တရရှိခဲ့တာများ ရှိရင်လည်းပြောပါဦး။

ဖြေ - ပထမဦးဆုံးဓာတ်ပြားသွင်းခဲ့တဲ့ သီချင်းကတော့ ရန်ကုန်သူသီချင်း ရေဒီယိုကလည်း ခဏခဏလွှင့်ခဲ့တဲ့
♪ ♪ ရွှေဘိုသနပ်ခါးတုံးများ ရန်ကုန်လိမ်းဖို့ယူ ဘယ်လိုအသားမည်းမည်း ၀ါဝါညက်ညက်ဖြူ … ♪ ♪ အဲဒီ သီချင်းပေါ့ကွယ်။ ဒီသီချင်းနဲ့ပဲ အဘဂီတလောကမှာ မှတ်တိုင်တခုစိုက်ထူခဲ့တာ အမှတ်တရရှိခဲ့ပါတယ်။ ဒါလေးကိုတော့ မှတ်တမ်းတင်ပေးကြပါ ကွယ်။ အဘ အဲဒီသီချင်းဓာတ်ပြားသွင်းလို့ရတဲ့ငွေကို တပြားတချပ်မှ မသုံးဘဲ မြိတ်မြို့မီးဘေးမှာ ဒုက္ခရောက်တဲ့သူတွေအတွက် လှူဒါန်းခဲ့တာ အဘ ဘ၀ရဲ့အမှတ်တရပေါ့ကွယ်။

မေး - ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျပန်တွေနဲ့ အဘ ရင်းရင်းနှီးနှီးရှိ ခဲ့တယ်လို့ ဟိုးအရင်တုန်းက စာစောင်တွေမှာ ဖတ်ခဲ့ရပါတယ်။ အဲဒီလို ဂျပန်တွေနဲ့ ရင်းနှီးကျွမ်းဝင်မှုရှိခဲ့တာကို တချို့က ဖက်ဆစ်တွေနဲ့ပေါင်းတယ်ဆိုပြီး အမြင်လွဲပြီး ဝေဖန်တာတွေ ရှိခဲ့ပါတယ်။

ဖြေ - ဂျပန်များနဲ့ ရင်းရင်းနှီးနှီး အကျွမ်းတ၀င်ရှိခဲ့တယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမဲ့ ဂျပန်နဲ့ရင်းနှီးပေမယ့် အဘတို့မိသားစု ဘယ်သူ့ကိုမှ ဒုက္ခပေးခဲ့တာ မရှိခဲ့ပါဘူး။ အဘကို ဂျပန်စစ်သားတွေ ခင်ကြချစ်ကြတာက အဘရဲ့ ဂီတတေးသံကိုပါ။ အဘက ဂျပန်လိုဆိုပြတဲ့အခါ တချို့ စစ်သားတွေဆို သူတို့ပြည်ကိုလွမ်းပြီး မျက်ရည်ကျကြတယ်။ အဲဒီတုန်းက ဂျပန်တွေဖမ်းထားတဲ့ အင်္ဂလိပ်အမျိုးသမီး မစ္စဟယ်လင်ဒရော့ဒရစ်ဘ၀ကိုပါ ဂျပန်လက်တွင်းက ကယ်တင်နိုင်ခဲ့တာ အဘရဲ့ အနုပညာမှတ်တိုင်ပါပဲ။ နောက်ဆုံးမှာတော့ အဘရဲ့စေတနာဟာ အမှန်တရားဖြစ်တော့ ဝေဖန်သံတွေဟာ ဆိတ်သုဉ်းသွားပြီး အားလုံးက အဘအပေါ်မှာ အမြင်ကြည်လင်သွားကြပါတယ်။ အဘ ဂျပန်လိုရော၊ အင်္ဂလိပ်လိုရော၊ အင်ဒိုနီးရှားလိုရော တတ်တော့ သူတို့တိုင်းပြည်တွေ ရောက်သွားတဲ့အခါ သူတို့ဘာသာစကားနဲ့ပဲ သီချင်းတွေဆိုပြတယ်။ ကိုယ်တတ်ကျွမ်းတဲ့ ဂီတပညာနဲ့ ဧည့်ခံဖျော်ဖြေ နိုင်ခဲ့တာတွေဟာ ကိုယ့်နိုင်ငံရဲ့ဂုဏ်ကို ဆောင်ခဲ့တာတွေ အများကြီးရှိပါတယ်ကွယ်။

မေး - အဘ အမေရိကကို ပြန်သွားပြီး မြန်မာ့ဂီတလောကနဲ့ ဝေးကွာနေတဲ့အချိန်မှာ အဘ ဘယ်လိုခံစားရတယ်ဆိုတာ။

ဖြေ - ၁၉၈၆ ခုနှစ်လောက်မှာ အဘ ပထမဦးဆုံးအကြိမ် အမေရိကကိုသွားပြီး ၈၉-၉၀ လောက်မှာ ပြန်လာခဲ့တယ်။ ဟိုမှာ အဘသားကြီး မောင်ရေချမ်း ရှိတယ်။ ကျန်းမာရေးအတွက် သွားတာပါ။ နောက်တကြိမ် က ၁၉၉၃ ခုနှစ်မှာ သမီးခင်မေအံ့ကြီးနဲ့အတူ အင်္ဂလန်ကတဆင့် အမေရိကကိုသွားတာ ၂၀၁၃ လောက်မှ ပြန်လာခဲ့တယ်။ အဘပြန်မယ်ဆိုတော့ ကြေးမုံဦးသောင်း(အောင်ဗလ)ဆို မျက်ရည်များတောင်ကျတယ်။ မြန်မာပြည်နဲ့ဝေးနေတဲ့အချိန်တွေမှာလည်း အဘဂီတနဲ့ အဆက်မပြတ်ပါဘူး။ ဟိုမှာလည်း ကိုယ့်မြန်မာပြည်က အနုပညာရှင်တွေရှိတာပဲ မဟုတ်လား။ ဒါပေမဲ့ ကိုယ့်ဂီတရောင်းရင်း အပေါင်းအသင်းမိတ်ဆွေတွေကို လွမ်းတော့ လွမ်းတာပေါ့။

မေး - လွတ်လပ်ရေးရပြီးနောက် ဂီတလောကမှာ အဆိုတော် ကိုအံ့ကြီး ကိုအံ့ကြီးနဲ့ပိုပြီးတော့ နာမည်ကြီးလာတယ်နော်။ အပြင် ဖျော်ဖြေပွဲတွေသာမက အစိုးရပွဲတွေမှာလည်း အဘ တော်တော်များများ ဖျော်ဖြေတာကိုတွေ့ရတယ်။ အဲဒီတုန်းကလည်း ပေါ်လစီသီချင်း တွေဆိုတယ်ဆိုပြီး ဝေဖန်တာတွေရှိခဲ့တယ်နော်။

ဖြေ - အဘတို့ အနုပညာသမားတွေဆိုတာ ဖိတ်ကြားတဲ့ပွဲရှိရင် ပိုက်ဆံရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ဖျော်ဖြေရမှာပဲလေ။ အနုပညာဆိုတာ နိုင်ငံအတွက် ပြည်သူအတွက်ပဲ မဟုတ်လား။ တော်လှန်ရေးကောင်စီခေတ် လမ်းစဉ်ပါတီခေတ်တွေမှာဆိုရင် အဘ ရှေ့တန်းရောက်တပ်မတော်သားတွေကို ဖျော်ဖြေခဲ့ရသလို အလုပ်သမားနေ့၊ တောင်သူလယ်သမားနေ့ပွဲ တွေမှာလည်း အလုပ်သမား လယ်သမားများရဲ့ဘ၀ကို ဂုဏ်ပြုသီဆိုခဲ့ကြတာပဲလေ။ နိုင်ငံတော်ပွဲတွေဖြစ်တဲ့ လွတ်လပ်ရေးပွဲ၊ ပြည်ထောင်စုပွဲတွေမှာလည်း အဘတို့ နှစ်စဉ်ဖျော်ဖြေခဲ့တာ ပြည်သူအားလုံး သိခဲ့ကြပါတယ်။ လူဆိုတာက အမြင်အမျိုးမျိုးရှိကြတော့ ဝေဖန်ကြမှာပေါ့လေ။
အဘပြောမယ် အဆိုတော်ကိုအံ့ကြီးခေတ်အဆက်ဆက်ဆိုတဲ့ သီချင်းတွေထဲမှာ တက်လာတဲ့အစိုးရပေါ်လစီကိုဖားပြီးဆိုခဲ့ တာများပါ သလား။ အဲဒီခေတ် အဲဒီအစိုးရရဲ့ပေါ်လစီကို ထောက် ခံပြီးဆိုခဲ့တာဆို ရင်လည်း အဲဒီအစိုးရမရှိတော့ရင် အဲဒီသီချင်း လည်း ပျောက်သွားမှာပဲ မဟုတ်လား။

မေး - အဘပြောတာ မှန်ပါတယ်။ ဒါကြောင့်လည်း အဆိုတော် ကိုအံ့ကြီးရဲ့သီချင်းတွေ ဒီနေ့ထိ ရှင်သန်နေသလို နောင်လည်း ခေတ် အဆက်ဆက်လည်း ဂန္ထ၀င်တေးအဖြစ် ရှင်သန်နေမှာပဲလို့ ကျွန်တော့် ယုံကြည်ပါတယ် အဘ။

ဖြေ - အေးကွယ်၊ ပြောလက်စနဲ့ ပိုပြီးရှင်းအောင်ပြောရရင် အဘဆိုခဲ့တဲ့ သီချင်းတိုင်းဟာ လူတိုင်းပါးစပ်ဖျားမှာ စွဲခဲ့ကြတာ ပေါ်လစီမဟုတ်လို့ဘဲ။ လူချွန်လူကောင်းသီချင်းဆို နိုင်ငံရေးမပါတဲ့ ဇာတိမာန်သီချင်းတပုဒ် ဖြစ်သလို ကိုယ့်ဒူးကိုယ်ချွန်သီချင်းဆိုရင်လည်း လူသားတွေရဲ့ခွန်အားကို တက်ကြွလာအောင် ဇနက္ကမင်းသားနဲ့ ဥပမာပြု သီဆိုခဲ့တဲ့သီချင်းပဲမဟုတ် လားကွယ်။
နောက် ပရိသတ်အကြိုက်များဆုံးဖြစ်တဲ့ စစ်ကိုင်းတောင်သီချင်း၊ အောင်ပင်လယ်သီချင်းတွေကို ကြည့် တကယ့်သဘာဝမြင်ကွင်းအလှကို ဆရာငြိမ်း(မြို့မငြိမ်း)က တကယ့်ရသနဲ့ ရေးစပ်ခဲ့တဲ့ ဂန္ထ၀င်သီချင်းတွေ အဆိုတော်ကိုအံ့ကြီး သီဆိုဖို့အတွက် ပံ့ပိုးကြတဲ့ တေးရေးဆရာကြီးများဖြစ်တဲ့ ဆရာဦးဘသိန်း၊ ကိုလှဒင်၊ မြို့မငြိမ်း၊ နန်းတော်ရှေ့ဆရာတင်တို့ဟာ နိုင်ငံရေးသမားတွေ မဟုတ်ကြဘူး။ တကယ့် အနုပညာရှင်ကြီးတွေ၊ ဂီတအနုပညာကို ချစ်ကြတဲ့သူတွေ။ လျှာမြက်ပေါက်သွားပါစေ ဘယ်သူကိုမှ ဖားရေး မြှောက်ရေးတဲ့ အနုပညာရှင်တွေမဟုတ်ကြဘူးကွဲ့။

မေး - အဘကိုလည်း မေးရတာ အားနာလှပါပြီ။ နောက်ဆုံးအနေနဲ့ မြန်မာဂီတလောကို အဘ ဘာများပြောချင်ပါသေးလဲ။

ဖြေ - အေးကွယ် ဂီတလည်းသာ လူမျိုးလည်းမချာရအောင် မြန်မာ့ဂီတကို ထိန်းသိမ်းကြဖို့ မှာချင်ပါတယ်။ အဘကို မြန်မာဂီတထူးချွန်ဆုချီးမြှင့်ကြတဲ့ အနုပညာရှင်များအားလုံးတို့ကိုလည်း အဆိုတော်ကိုအံ့ကြီးက အထူးကျေးဇူးတင်ပါတယ်လို့ ပြောပါရစေ။
------- ------

အသက် (၉၃)နှစ်ထဲကို ရောက်ရှိနေပြီဖြစ်သည့် တခေတ်တချိန်က လျှမ်းလျှမ်းတောက်ကျော်ကြားခဲ့သည့် ရေဒီယိုနှင့် ဓာတ်ပြားအဆိုတော် ကိုအံ့ကြီး (ဦးအံ့ကြီး)သည် ဗဟန်းမြို့နယ်၊ သံလွင်လမ်းတွင် ဇနီး ဒေါ်မေညွန့်၊ သမီးခင်မေအံ့ကြီးတို့နှင့်အတူ နေထိုင်လျက်ရှိသည်။ သား နှစ်ယောက်မှာ အမေရိကတွင် အလုပ်လုပ်လျက်ရှိပြီး ဖခင်၏ကျန်းမာရေးကို မခင်မေအံ့ကြီးမှ အနီးကပ်ပြုစုလျက်ရှိသည်ကို တွေ့ရှိခဲ့ရသည်။ ယခုလက်ရှိ အဘဦးအံ့ကြီး၏ ကျန်းမာရေးအခြေအနေသည် အသက်ကြီး၍ အကြားအာရုံအားနည်းခြင်းမှတပါး တခြားထွေထွေထူးထူး ရောဂါခံစားရသည်တော့ မရှိဟုဆိုသည်။

ဖခင်၏ ဂီတပုံရိပ်ဓာတ်ပုံများနှင့် မှတ်တမ်းများကို ဂုဏ်ယူစွာ မပျောက်မပျက် ထိန်းသိမ်းထားပြီး ဖခင်မေ့နေသည့်အချက်အလက်များကို ပြည့်ပြည့်စုံစုံ ဖြည့်စွက်ပြောပြပေးပါသော သမီးမခင်မေအံ့ကြီးအားလည်း အထူးပင်ကျေးဇူးတင်ရှိပါသည်။

မိုးမြင့်လွင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment