နံပါတ်တုတ်ဖြင့် ဖြိုခွင်းခံလိုက်ရသော မျှော်လင့်ချက်များ





~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ရဲအင်အားအနည်းငယ်နှင့် လက်ပတ်နီပတ်ထားသည့် အရပ်ဝတ် စွမ်းအားရှင် အများအပြားက အလုပ်သမားများကို ရိုက်နှက်ဖမ်းဆီး … စစ်အစိုးရခေတ် ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး တုန်းကကဲ့သို့ပင် လိုင်းကားများကို ခေါ်ဆောင်ထားပြီး အလုပ်သမား ဆန္ဒပြသူများကို တင်ဆောင်သွားခဲ့ …
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
တညင်းကုန်းက သံလမ်းဘေးတွင် တန်းစီထိုင်နေသည့် အထည်ချုပ် အလုပ်သမလေးများသည် ကိုယ်စီကိုယ်စီ ထီးများဆောင်းထားသည်။ ရှေ့တွင် ရဲဝန်ထမ်း အတော်များများ လမ်းပိတ် ရပ်ထားကြသည်။

အလုပ်သမားများတွင် အသက် ၃၀ ကျော်အရွယ် အမျိုးသမီး ၅ ယောက်၊ ၆ ယောက်ခန့် ပါသော်လည်း အများစုက ၂၀ ကျော် မိန်းကလေးများ ဖြစ်သည်။ ယင်းသို့ ထိုင်နေသူများတွင် အသက် ၂၀ ကျော်၊ ပိန်ပိန်ပါးပါး၊ အသားညိုညိုနှင့် မသဲဖြူခိုင်လည်း အပါအ၀င် ဖြစ်သည်။

တညင်းကုန်းလမ်းဆုံတွင် အလုပ်သမားဆန္ဒပြမှုများကို ပိတ်ဆို့ခံထားရသဖြင့် ၎င်းတို့ ထိုင်နေရကြောင်းကို ““မနက် ၈ နာရီကနေစပြီး သပိတ်စခန်းကနေ စထွက်ပြီး ကန်သာယာမှာ တစ်ခါတားတယ်။ နောက် ၉ နာရီ လောက်ကနေစပြီး တညင်းကုန်း လမ်းဆုံမှာ ရဲအင်အားအများကြီးနဲ့ ပိတ်ဆို့ထားခဲ့တာပါ””ဟု မသဲဖြူခိုင်က ပြောသည်။…

စားမလောက်လို့ပါ

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်မှ ရန်ကုန်မြို့သို့ ပြောင်းရွှေ့လာသည့် မသဲဖြူခိုင်သည် ရန်ကုန်မြို့ရှိ ထောင်ပေါင်းများစွာသော လစာနိမ့် အထည်ချုပ်လုပ်ငန်းခွင်တွင် ၀င်ရောက် လုပ်ကိုင်နေသူများအနက်မှ တစ်ဦးဖြစ်သည်။

အခြေခံလစာ ၄၀၅၀၀ အပါအ၀င် တစ်လလျှင် ၀င်ငွေကျပ် ၁ သိန်းအောက်ဖြင့် ရပ်တည်နေရသော အထည်ချုပ် လုပ်သားများသည် စားဝတ်နေရေး အကျပ်အတည်းကြောင့် လမ်းပေါ်ထွက်ပြီး သပိတ်တိုက်ပွဲ ဆင်နွှဲနေရသည့် အထည်ချုပ် လုပ်သားတစ်ဦးလည်း ဖြစ်သည်။

““တစ်နေ့ကို အသုံးစရိတ် ချွေတာသုံးတောင် ၅၀၀၀ ပဲရှိတယ်။ ရတဲ့ လစာက ၁ သိန်းလောက်ပဲရှိတာ။ ကိုယ်သုံးတာနဲ့ ဆိုရင် ၅၀၀၀၀ လောက်ပဲ ပေးနိုင်တယ်။ တစ်နေ့ ၅၀၀၀ ဆိုရင် ၁၀ ရက်ဆိုကုန်ပြီ။ အဆင်မပြေဘူး။ အိမ်မှာ မိသားစုတွေနဲ့အတူ စကားများတာတွေလည်းရှိတယ်””ဟု မသဲဖြူခိုင်က ဆိုသည်။

အရပ်ရှည်ရှည်၊ လူကောင်ထွားထွားနှင့် မခင်မျိုးဦးသည်လည်း စစ်ကိုင်းတိုင်းမှ ရန်ကုန်သို့ လာရောက် လုပ်ကိုင်နေသည့် အထည်ချုပ် အလုပ်သမတစ်ဦးဖြစ်ပြီး တစ်နှစ်လျှင် နှစ်ကြိမ်မျှသာ အိမ်သို့ ငွေပြန်ရောက် သည်ဟု ဆိုသည်။

““တစ်နှစ်ကို နှစ်ကြိမ်လောက်ပဲ အိမ်ကိုပေးနိုင်တယ်။ သင်္ကြန်နားနီးရင် အိမ်ကို တစ်သိန်းခွဲလောက် ပေးနိုင် တယ်။ သီတင်းကျွတ်ရင် အ၀တ်အစားနဲ့ ပိုက်ဆံ နည်းနည်းပဲ ကားနဲ့တင်ပို့နိုင်တယ်””ဟု မခင်မျိုးဦးက ဆိုသည်။

အနုနည်းနှင့်လစာတိုးတောင်းသည်မှာ လချီနေပြီ ဖြစ်သော်လည်း အဆင်မပြေသဖြင့် ယခုကဲ့သို့ လမ်းပေါ် ထွက်ပြီး သပိတ်တိုက်ပွဲ ဆင်နွှဲရာတွင် ပါဝင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

ပုပ်အဲ့အဲ့ အနံ့မျိုးစုံ ထွက်နေသော မြောင်းပုတ်ဘေးရှိ မညီမညာ မြေပြင်တွင် ခင်းထားသည့် တာလပတ်စ ပေါ်တွင်ထိုင်၍ ဖြစ်ကြောင်းကုန်စင် ပြောပြနေသော သူတို့၏ မျက်နှာတွင် ချွေးစို့နေသည်။

အလျား ၂၅ ပေ၊ အနံ ၁၅ ပေခန့်ရှိသည့် မြေနေရာပေါ်တွင် လူ ၁၀၀ ၀န်းကျင်ခန့်မှာ ထိုင်လျက်တစ်မျိုး၊ လှဲလျက်တစ်ဖုံ ရှိနေကြသည်။

အလုပ်သမားများ နေ့စဉ်ရရှိသော လုပ်အားခသည် လွန်စွာမှ နည်းပါးနေခြင်း၊ ရရှိသော လုပ်အားခနှင့် မိသားစု ရပ်တည်နိုင်ရေးသည် လွန်စွာမှ အခက်အခဲဖြစ်စေခြင်း၊ လုံလောက်မှု မရှိခြင်းတို့ကြောင့် တောင်းဆိုခြင်း ဖြစ်ကြောင်း အလုပ်သမား စုပေါင်းသပိတ် ကော်မတီက ထုတ်ပြန်ခဲ့သည်။

““မလောက်တော့ အကြွေးယူရတယ်။ မရှိတော့ ချေးငှားသုံးရတယ်။ ကိုယ်မသုံးရဘဲ အတိုးတွေ ပေးရတာနဲ့ ကိုယ်သုံးတဲ့ဆီ မရောက်တော့ဘူး””ဟု အလုပ်သမားသပိတ်မှ အထည်ချုပ် အလုပ်သမတစ်ဦး ဖြစ်သူ မအိမာလွင်က ဆိုသည်။

အကြိမ်ကြိမ်ဖြိုခွင်းခံရ

အခြေခံ လုပ်ခလစာ တိုးမြှင့်ရေးအတွက် ရွှေပြည်သာ စက်မှုဇုန်မှ အလုပ်သမားများသည် ဖေဖော်ဝါရီလ ၂ ရက်၊ ၂၀၁၅ ခုနှစ်တွင် ပထမအကြိမ်အဖြစ် ဆန္ဒပြပြီး ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်။

ထိုညှိနှိုင်းမှုများ အဆင်မပြေသောကြောင့် ဒုတိယအကြိမ် ဆန္ဒပြမှုများကို ဖေဖော်ဝါရီ ၁၇ ရက်၊ ၂၀၁၅ ခုနှစ်တွင် ပြုလုပ်ခဲ့ပြီး ဖေဖော်ဝါရီလ ၁၈ ရက်နေ့အထိ ညှိနှိုင်းမှုများ မပြေလည်ခဲ့ပေ။

ရွှေပြည်သာရှိ အထည်ချုပ်စက်ရုံ အသီးသီးရှေ့တွင် သပိတ်စခန်းများ ဖွင့်လှစ် ထားရှိခဲ့ရာ ဖေဖော်ဝါရီလ ၂၀ ရက် ညနေ ၅ နာရီတွင် သပိတ်စခန်းများ ဖြိုခွင်းခံခဲ့ရသည်။

သပိတ်စခန်းများ မဖြိုခင် ဖေဖော်ဝါရီ ၁၈ ရက်က အစိုးရ သတင်းစာများတွင် ဥပဒေနှင့် မညီသော လုပ်ဆောင်မှု များကို ဖြိုခွင်းမည်ဟုဆိုကာ ခြိမ်းခြောက်မှု ပြုလုပ်ခဲ့သေးသည်။ (မြန်မာသံတော်ဆင့်အတွဲ ၃၊ အမှတ် ၅၀ တွင် ဖော်ပြပြီး)

ရွှေပြည်သာနှင့် လှိုင်သာယာ စက်မှုဇုန်ရှိ အလုပ်သမားများ လုပ်အားခ တိုးရယူလိုမှုများနှင့် ပတ်သက်ပြီး ဥပဒေနှင့် မညီညွတ်သော အကြမ်းဖက် တောင်းဆို ဆန္ဒပြမှုများ၊ လုပ်ငန်း ဆောင်ရွက်မှုကို အဖျက်အမှောင့် ပြုလုပ် ပိတ်ဆို့မှုများ အပါအ၀င် ရပ်ရွာ အေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ထိခိုက် ပျက်ပြားစေရန် ဦးတည် ဆောင်ရွက်သူများကို အလုပ်ရှင်၊ အလုပ်သမား မခွဲခြားဘဲ တည်ဆဲဥပဒေနှင့်အညီ အရေးယူမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရက ထုတ်ပြန်ခဲ့သည်။

E-Land Myanmar မှ လုပ်သား ၁၂ ဦး ဒဏ်ရာရရှိနေပြီး ၃ ဦးမှာ ဆေးရုံသို့ ရောက်ရှိခဲ့သည့်နည်းတူပင် Costec မှ ၃ ဦး၊ Ford glory မှ ၆ ဦး ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိခဲ့သည်။

ထိုသို့ဖြိုခွင်းခဲ့ပြီးနောက် သတင်းစာများ၊ ရေဒီယိုများတွင် မမှန်သတင်းများ လွှင့်ခဲ့ကြောင်းကို မခင်မျိုးဦးက ““တခြားမကြည့်နဲ့၊ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားတို့ပဲ ကြည့်လေ။ E-Land Myanmar တစ်ရုံတည်း အဆင်မပြေဘူးဆိုပြီး ကြေညာတာ။ အဲဒီရုံတွေက ထွက်တာ ၂၀၀၊ ၃၀၀ လောက်ပဲ ထွက်တာ။ အထဲထဲမှာ ကျန်နေတဲ့သူ အလုပ်လုပ်နေတဲ့ သူကိုသွားပြီး အဆင်ပြေသွားပါပြီလို့ ကြေညာနေတာ””ဟု ဆိုသည်။

ဆန္ဒပြမှုများကို အကြမ်းဖက် ဖြိုခွင်းပြီးနောက်ပိုင်းတွင် အထည်ချုပ် လုပ်ငန်းရှင်များအသင်း၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရ၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနတို့က အပြိုင်အဆိုင် ကြေညာချက်များ ထုတ်ပြန်ခဲ့ပြီး နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြခဲ့ကြသည်။

ဆန္ဒပြသူများကို ညှိနှိုင်းမှုများ အကြိမ်ကြိမ် လုပ်ခဲ့သော်လည်း ညှိနှိုင်းသည့်အခါတိုင်း ခြိမ်းခြောက်မှုများသာ ကြုံတွေ့ခဲ့ရကြောင်း၊ ညှိနှိုင်းမှုများအစား တောင်းဆိုသော အလုပ်သမားများအား အပြစ်မြင်နေသော ညှိနှိုင်းရေး အဖွဲ့၏ တစ်ဖက်သတ်ဆန်သော စကားလုံးများနှင့် အလုပ်ရှင်၏ အရှုံးပေါ်သော ကိစ္စရပ်များကိုသာလျှင် ထပ်ဖန်တလဲလဲ ပြောဆိုနေသည်များကိုသာလျှင် ရင်ဆိုင်ခဲ့ရသည်ဟု ဆွေးနွေးခဲ့သူ ကိုမျို မင်းမင်းက အဖမ်းဆီး မခံရခင်က ပြောကြားသည်။

အစိုးရသက်တမ်း နောက်ဆုံးကာလတွင် ကျောင်းသားသပိတ်နှင့် အလုပ်သမား သပိတ်ကဲ့သို့ သပိတ်မှောက် ဆန္ဒဖော်ထုတ်မှုများကို ဆက်လက် အရှိန်မြှင့် လုပ်ဆောင်သွားပါက စစ်အုပ်ချုပ်ရေး စနစ်အဖြစ် ပြောင်းလဲ ဖြစ်ပေါ်လာနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ရခိုင်တိုင်းရင်းသားရေးရာနှင့် အလုပ်သမားဝန်ကြီး ဦးဇော်အေးမောင်က မတ်လ(၂) ရက်တွင် ပြုလုပ်သော ရန်ကုန်တိုင်း ဒေသကြီး အလုပ်သမားရေးရာ ညှိနှိုင်း ဆွေးနွေးရေးအဖွဲ့၏ တတိယအကြိမ် သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများသို့ ပြောကြားခဲ့သည်။

ယင်းသို့ ပြောကြားခဲ့ပြီးနောက် မတ်လ ၄ ရက် ညနေ ၅ နာရီဝန်းကျင်ခန့်တွင် အလုပ်သမား ဆန္ဒပြမှုများကို အကြမ်းဖက်ပြီး ထပ်မံဖြိုခွင်း ခံခဲ့ရသည်။

ရွှေပြည်သာ စက်မှုဇုန်ကနေ မြို့တော်ခန်းမရှေ့ကို ချီတက်ဆန္ဒပြလာသည့် အလုပ်သမား ၁၀၀ ၀န်းကျင်ကို ရဲနှင့် အရပ်ဝတ်အင်အား (၃၀၀)ကျော်လောက်က သံဆူးကြိုးများနှင့် လမ်းပိတ်ထားခဲ့သည်။

ထို့နောက် ညနေ ၅ နာရီခန့်တွင် ရဲအင်အား အနည်းငယ်နှင့် လက်ပတ်နီပတ်ထားသည့် အရပ်ဝတ် စွမ်းအားရှင် အများအပြားက အလုပ်သမားများကို ရိုက်နှက်ဖမ်းဆီး ခဲ့ကြခြင်းဖြစ်သည်။

အလုပ်သမားများသာမက ဒီဗွီဘီနှင့် 7 Day နေ့စဉ် သတင်းစာတို့မှ သတင်းထောက်များကိုပါ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ခြင်းဖြစ်သည်။

““သတင်းထောက်တွေပါလို့ ကတ်ပြားတွေ ပြနေတဲ့ကြားတည်းက အရပ်ဝတ်နဲ့လူတွေက အတင်းဆွဲခေါ် သွားတာ””ဟု ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ရသူ 7 Day နေ့စဉ် သတင်းစာမှ သတင်းထောက် ကိုနစ်ကီက ပြောသည်။

ထို့ပြင် စစ်အစိုးရခေတ် ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးတုန်းကကဲ့သို့ပင် လိုင်းကားများကို ခေါ်ဆောင် ထားပြီး အလုပ်သမား ဆန္ဒပြသူများကို တင်ဆောင်သွားခဲ့သည်။

““၁၃၀ တို့၊ ၁၂၁တို့၊ ၁၂၇တို့ ဒိုင်နာတွေနဲ့ ခေါ်သွားတာပါ။ ဒိုင်နာကားတွေကို ချောဆွဲပြီး ခေါ်သွားတာပါ””ဟု မသဲဖြူခိုင်ကဆိုသည်။

ဆူးလေမြို့တော်ခန်းမရှေ့သို့ ချီတက်လာသည့် အလုပ်သမားသပိတ်ကို တညင်းကုန်း လမ်းဆုံတွင် ပိတ်ဆို့ပြီး ဖြိုခွင်းခဲ့ခြင်းဖြစ်သည်။

အမျိုးသမီး ၂၀ ကျော်ခန့်နှင့် အမျိုးသား ၁၅ ဦး ဖမ်းဆီးခံခဲ့ရကြောင်း အလုပ်သမားသပိတ် ဦးဆောင်သူများထံမှ သိရသည်။

အင်းစိန်၊ ဒညင်းကုန်းလမ်းဆုံတွင် အပိတ်ခံထားရသည့် ဆန္ဒပြ အလုပ်သမားများကို ရဲများက ဖြိုခွင်းခဲ့ပြီး ညနေစောင်းတွင် E-Land Myanmar စက်ရုံရှေ့ရှိ အလုပ်သမား သပိတ်စခန်းကိုလည်း ရဲများက ၀င်ရောက် ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

တညင်းကုန်း လမ်းဆုံလမ်းခုလတ်မှ လှည့်ပြန်ရန် ရဲများက ပြောကြားခဲ့ပြီး အလုပ်သမားများက ဆက်ချီတက် မည်ဟုဆိုကာ တစ်နေ့လုံး ညှိနှိုင်းမရ ဖြစ်ခဲ့သည်။

အဖြိုခံရစဉ် သပိတ်စခန်းတွင် အလုပ်သမား (၃၀)ခန့်သာ ရှိနေခဲ့သည်။

အစိုးရက ကြိမ်ဖန်များစွာ ကြေညာသကဲ့သို့ သဘောတူညီမှု မရသေးကြောင်း သက်သေပြရန် မြို့လယ်ကောင် သို့ ချီတက်လာသော သပိတ်စစ်ကြောင်းသည် တညင်းကုန်း လမ်းဆုံတွင်ပင် ပြိုပျက်သွားခဲ့ရပြီ ဖြစ်သည်။

အပြင်တောင်မထွက်ရဲပါ

E-Land Myanmar ရှေ့ရှိ သပိတ်စခန်း တစ်ခုလုံးမှာလည်း ၀ါးတိုဝါးစများနှင့် အမျိုးသမီး အ၀တ်အစား အချို့သာ ဖရိုဖရဲ ပြန့်ကျဲလျက်ရှိသည်။

ထိုအ၀တ်အစားဟောင်းများကို လိုက်လံ စုစည်းနေသူတစ်ဦးမှအပ ဆန္ဒပြသူမဆိုထားနှင့်သာမန် ဖြတ်လျှောက် သူများပင် မရှိသလောက် ဖြစ်နေသည်။

ဖြိုခွင်းခံရသည့် အလုပ်သမားသပိတ်မှ လွတ်မြောက်သွားသူ အများအပြားမှာလည်း ဆက်သွယ်၍ပင် မရသည့် အခြေအနေဖြစ်သည်။

နေအိမ်သို့ ပြန်ရောက်သွားသည့်တိုင် စိတ်မချရသေးသည့် အခြေအနေကို ကြုံတွေ့နေရကြောင်းကို အလုပ်သမား ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုကျော်လွင်ဦးက““အပြင်မှာ စောင့်ကြည့်နေတဲ့သူရှိလို့။ ဘယ်မှ သွားလို့မရဘူး။ အပြင်လည်း မထွက်ရဲဘူး””ဟု ဆိုသည်။

ပညာရှင်တွေ မရှိတာလား

ပညာရှင်နှင့် ကျွမ်းကျင်သူဆိုသည်မှာ လူ့အဖွဲ့အစည်းကို တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ကြသည်ဟု ပြောနိုင်ပါသည်။

ပညာရှင်ဆိုသည်မှာ တိုင်းပြည်တစ်ခု ဆုတ်ယုတ်ကျဆင်းသွားရန် လုပ်သည့်လူတန်းစားမဟုတ်ဟု လူတိုင်းက ရှုမြင်ပါသည်။

ပညာရှင်ဆိုသည်မှာ အကြမ်းဖက်မှုများ ရပ်တန့်ရန် ကူညီသည့် နေရာတွင်လည်း အရေးပါသည့် အခန်းကဏ္ဍ တွင် တာဝန်ယူကြရသည်။

ငြိမ်းချမ်းရေး မရအောင်၊ လက်နက်ကိုင် ပဋိပက္ခများ ပိုပြီး ရေရှည်လာရန် အာဏာရှင်များဘက်က ရပ်တည်ပြီး ပညာစွမ်းပြသည့် ပညာရှင်ဆိုသည်မျိုး လူ့သမိုင်းတွင် အနည်းအကျဉ်း ရှိခဲ့ဖူးသည်။

သို့သော် စစ်မှန်သည့် ပညာရှင်များသည် အာဏာပိုင်တွေ ဖြစ်စေချင်သည့်၊ အစိုးရ ဖြစ်စေချင်သည့် တစ်ဖက်သတ် လမ်းစဉ်အတိုင်း မည်သည့်အခါမျှ မလုပ်ခဲ့ပေ။

ပညာရှင်များအနက် နိုင်ငံရေးနှင့် ပတ်သက်ပြီး အကြံဉာဏ်ပေးသည့် ပညာရှင်များ၏ အခန်းကဏ္ဍသည် အရေးကြီးလှသည်။

အထူးသဖြင့် အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်ကို ကူးပြောင်းဖို့ ကြိုးစားနေသည့် နိုင်ငံများတွင် နိုင်ငံရေး ပရောဟိတ် ပညာရှင်များ၏ နှုတ်ထွက်စကားများသည် အရေးကြီးပါသည်။

တချို့နိုင်ငံများတွင် အပြင်ပုံပန်းသဏ္ဌာန်အရ ဒီမိုကရေစီကို ကူးပြောင်းဖို့ ဆောင်ရွက်နေသော်လည်း အုပ်ချုပ်သူများသည် အာဏာရှင်ခေတ်က အရသာကို တမ်းတနေဆဲ ဖြစ်သည်။

ယင်းကဲ့သို့ တမ်းတနေသည့်အတွက် ဒီမိုကရေစီ အကူးအပြောင်း ထင်သည်ထက် ကြာရှည် သွားတတ်သည်။

ဒီမိုကရေစီကို အရေခြုံထားပြီး ခေတ်ဟောင်းက အာဏာရှင်စနစ်ကို မီးသေမသွားအောင် တစ်ဖက်လှည့်ဖြင့် မီးမှုတ်ပေးလေ့ရှိပြီး မီးမှုတ်ပေးရသည့် လုပ်ငန်းများအတွက် အာဏာရှင်ဟောင်းများသည် လူထုကို လှည့်စားရန် လိုလာပါသည်။

ယင်းနေရာမှာ လူတွေကို လှည့်စားရန်အတွက် ပညာရှင်ဆိုသူများကို ထုတ်သုံးရပါတယ်။ အထူးသဖြင့် ၎င်းတို့ အလိုကျ ဆောင်ရွက်ပေးမည့် နိုင်ငံခြားပြန် ပညာတတ်များ၊ ယခင် အတိုက်အခံလုပ်ပြီး ဘက်ကူးပြောင်း လာသူများကို စင်ပေါ်တင်ပေးလေ့ ရှိသည်ဟု ဖတ်ဖူးသော ဆောင်းပါးတစ်ပုဒ်ကို အမှတ်ရမိသည်။

ဖြိုခွင်းခံလိုက်ရသောဘ၀များ

၁၂၀၀ ကျပ်တန်ဆန်ကိုပင် ၀ယ်မစားနိုင်သော မခင်မျိုးဦးတို့ အလုပ်ချိန်မှာ တစ်နေ့ ၈ နာရီ သတ်မှတ် ထားသော်လည်း အချိန်ပို ဆင်းရသည်များနှင့်ဆိုလျှင် နေ့စဉ် ၁၀ နာရီမျှ မကပေ။

““အလုပ်ချိန်စတဲ့ အချိန်ကစပြီး စက်ချုပ်သမားတွေဆို နေပူခံ၊ မီးပူခံပြီးတော့ ဖင်နဲ့ခုံနဲ့ ထိုင်လိုက်ပြီဆိုရင် မီးပွင့်ပြီလားတောင် အောက်မေ့ရတယ်””ဟု မခင်မျိုးဦးက ဆိုသည်။

အလုပ်သမားများ မည်သို့ မည်ပုံဆန္ဒဖော်ထုတ်နိုင်သည်၊ မည်သို့မည်ပုံ သပိတ်မှောက်လျှင် ဥပဒေနှင့် ညီညွတ်သည်ဟု အကျယ် အဓိပ္ပာယ်ဖွင့်ဆိုချက် မပါဝင်သော အလုပ်သမား ဥပဒေအရ သပိတ်မှောက်ခွင့် ရှိကြောင်းသိရပြီး သပိတ်မှောက်ဆန္ဒပြမှုများ ပြုလုပ်ခဲ့သော်လည်း ပြင်းထန်သော ဖြိုခွင်းမှုများကို ဆက်တိုက် ကြုံခဲ့ကြရခြင်းဖြစ်သည်။

ဆန္ဒပြမှုများတွင် ပါဝင်ခဲ့ခြင်းကြောင့် အစိုးရ၏ ဖိအားကိုသာမက မိသားစု စားဝတ်နေရေးပါ စိတ်ပူပန်ရသည့် အခြေအနေကို မသဲဖြူခိုင်နှင့် မခင်မျိုးဦး၊ မအိမာလွင်တို့ အပါအ၀င် အလုပ်သမားအားလုံး ကိုယ်စီ၊ ကိုယ်စီ ကြုံတွေ့နေရပြီး ၎င်းတို့၏မျှော်လင့်ချက်မှာ စားဝတ်နေရေး လုံလောက်ရေးသာ ဖြစ်သည်။

““ဒီလဆန္ဒပြတဲ့အတွက်ကြောင့် အိမ်ကို ပြန်မပေးနိုင်ဘူး။ အိမ်ကိုလည်း မပြောရဲဘူး။ ဘယ်မျက်နှာနဲ့ ပြန်ရ မှာလဲ။ မိသားစုတွေကတော့ ရုန်းကန်ပြီး ရှာစားနေရတယ်””ဟု မသဲဖြူခိုင်က မျက်ရည်များ ရစ်ဝဲလျက် ပြောသည်။

ကျော်ကျော်မင်း၊ သူရိန်ကျော်

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment